“ကပ်ဆိုးကြီးနှင့် လူသားများ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကပ်ဆိုးကြီးနှင့် လူသားများ
——————————
ကပ် ဆိုသည်မှာ ကာလအထူးပင်တည်း။
လူတို့၏အသက်ကို ဖျက်စီးတတ်သော စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘေးဟူသော ကပ်သုံးပါးရှိသည်။ ‌တစ်ခုစတင်ဖြစ်လိုက်လျှင် ကျန်သော နောက်ဆက်တွဲနှစ်ခုက အလိုလို ကပ်လျှက်တွဲပါလာတတ်၏။
စစ်ဖြစ်လျှင် စစ်ဒါဏ်ကြောင့် အစာရေစာရှားပါးခြင်းနှင့် ရောဂါထူပြောခြင်းတို့က နောက်ဆက်တွဲ ဖြစ်လာနိုင်သည်။

အစာရေစာ ငတ်ငတ်မွတ် ခေါင်းပါးခြင်းဖြစ်လျှင်လည်း ရောဂါဘေးနှင့် စစ်မက်ဘေးများ ဖြစ်ပွားလာနိုင်သည်။
ယခုလည်း ကိုဗစ်၁၉ ရောဂါဘေးကြောင့် အစာရေစာ ရှားပါးမှုနှင့် စစ်မက်ဘေးများကို စိုးရိမ်ရသော အခြေအနေများကို တွေးဆနေရပေပြီ။
ထိုကပ်ဆိုးကြီးတို့ကို လူသားတို့သည် ခေတ်အဆက်ဆက် ကျော်ဖြတ်အောင်မြင်ခဲ့သည် ဆိုသော်ငြားလည်း အလွယ်တကူကားမဟုတ်ခဲ့။

ထိုသို့သောကာလများတွင် အတိဒုက္ခ ရောက်ခဲ့သူများမှာလည်း မည်သည့်ဘာသာကို ကိုးကွယ်သည်ပင်ဖြစ်ပါစေ မလွှဲမရှောင်သာ ခံစားခဲ့ရသည်ပင်ဖြစ်၏။ ထို့ကြောင့်လည်း မဝေးလှသေးသော ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဘာသာလူမျိုးမရွေး နိုင်ငံမရွေး သေခဲ့ကြ၊ ဒုက္ခရောက်ခဲ့ကြ ရသည်သာတည်း။ စစ်ပွဲကြီးမသက်ရောက်ခဲ့သော နေရာဒေသသည်ပင်လျှင် ဆေးဝါးရိက္ခာနှင့် အသုံးအဆောင်များ ရှားပါးခြင်းဒါဏ်ကို တွေ့ကြုံခဲ့ကြရ၏။

ထိုကပ်ဆိုးကြီးကို အကောင်းဆုံး ဥပမာပြုရလျှင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဘုရားဝတ်ကျောင်းပေါင်းစုံရှိသော မြို့ကြီးတစ်မြို့အား အနုမြူဗုံးကျဲချလိုက်သည်နှင့် သဏ္ဍာန်တူပေ၏။ မည်သည့်ဘာသာ ကိုးကွယ်သောသူမှ တစ်ဦးတစ်ယောက်မျှပင် လွတ်လမ်းမမြင်နိုင်ပေ။
ယခု ကိုဗစ်၁၉ ကပ်ဘေးကြီးသည် တိုးတက်ပါသည်ဆိုသော ကမ္ဘာ့ထိပ်တန်းနိုင်ငံများမှသည် ဆင်းရဲမွဲတေနေသော နိုင်ငံများအဆုံး အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရ၏။

သူဌေးကြီးများက အစပြု၍၊ ဆင်းရဲသားများ အားလုံးအခက်တွေ့နေရသော အချိန်ကာလဖြစ်နေ၏။
ထိုအခက်အခဲကာလကြီးကို ဖြတ်ကျော်ရန်မှာ လူသားအားလုံး အခြေခံ စောင့်စည်းအပ်သော ကျင့်ဝတ်သီလများစောင့်ထိန်းကြရပေမည်။
ကိုဗစ်ရောဂါဘေးကြောင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရလမ်း နည်းပါးနေသောအချိန်တွင် တရုတ်နိုင်ငံနှင့် အိန္ဒိယ နယ်စပ်ပြသနာမှ သည်စစ်ရေးမီးပွားများ စတင်နေပြီး ငြိမ်သက်နေသော မြောက်ကိုးရီးယားကလည်း အချိန်ကိုက် ရန်လိုသည့် လှုပ်ရှားမှုများ တွေ့လာရသည်။

စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလျှင် ထိုအနီးဝန်းကျင်ရှိ နိုင်ငံဒေသများကို ဘက်ပေါင်းစုံမှ အဆိုးတရားများ ပြန့်နှံ့ ရိုက်ခတ်ပေလိမ့်မည်။
အာဖရိကနှင့် ပါကစ္စတန်နိုင်ငံများတွင်လည်း ကျိုင်းကောင်များကျရောက်ပြီး သစ်ပင်ပျိုးပင်များ ဖျက်ဆီးခြင်းခံနေရ၏။
ထိုအတွက် ကျွန်ပ်တို့အားလုံး လူမျိုးဘာသာမရွေး စည်းလုံးညီညွတ်သောစိတ်ဖြင့် အချင်းချင်း မေတ္တာရှေ့ထားကြရမည်။

ဆုတောင်းခြင်းပြုလျှင်ပင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက် ကွက်ကွက်ကလေးသာမပြုပဲ အားလုံးဖြန့်ကျက်လွှမ်းခြုံသည့် မေတ္တာကိုထားသင့်သော ကာလအထူးဟုဆိုသော် မမှားနိုင်ပေ။

<Thet Naing Sein>

 


Spread the love
  •  
  •  
  •  
  •  
  •  
  •