ကမာရွတ်မြို့နယ် ရွှေကွန်းကွန်ဒိုနေ အမျိုးသားအား ညှင်းပန်းနှိပ်စက်ပြီး လုယက်မှုကျူးလွန်သူအားလုံးကို ဖမ်းမိပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမာရွတ်မြို့နယ်နေ အမျိုးသား(၁)ဦးအား ညှင်းပန်းနှိပ်စက်ပြီး ဖုန်းလုယူသွားသူများကို ဖမ်းဆီး ရမိ

ရန်ကုန်၊ ဩဂုတ် ၁၅

အမှုမှာ ၁၀-၈-၂၀၂၀ ရက်နေ့ ၂၀၂၅ အချိန် တရားလို ဦး—-၊ ကမာရွတ်မြို့နယ်နေသူသည် နေအိမ်၌ ရှိနေစဉ် လွန်ခဲ့သော တစ်ပတ်ခန့်ကရင်းနှီးခဲ့သူ မနီနီဝင်း ဆိုသူလာရောက်ပြီး ခဏအကြာ မနီနီဝင်းက အခန်းသော့အားယူကာ တံခါးဖွင့်၍ ထွက်သွားပြီးနောက် အမည်မသိ လူငယ်(၃)ဦး နေအိမ် အတွင်းဝင်လာပြီး တရားလိုအား ဝိုင်း၍ချုပ်နှောင်သဖြင့် ပြန်လည်ခုခံရာ အဆိုပါ လူငယ်(၃)ဦး အသင့် ယူဆောင်လာသောဓားနှင့်ထိမိ၍ တရားလိုယာဘက်ပေါင်နှင့် ယာဘက်လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာ(၁) ချက်စီရရှိခဲ့ကြောင်း၊ ထို့နောက် လူငယ်(၃)ဦးမှ တရားလို၏ ပါးစပ်နှင့် လက်နှစ်ဘက်အား တိတ်အဝါဖြင့် တုပ်နှောင်ကာ ခြေထောက်နှစ်ဘက်အား လက်ထိပ်တစ်စုံဖြင့် ခတ်ထားခဲ့ပြီး I-Phone X အနက်ရောင်ဖုန်း (၁)လုံး၊ I Pad 3 ငွေရောင်(၁)လုံး ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉ဝဝဝဝဝ ကျပ်ခန့်တို့အား လုယူထွက်ပြေးသွား သောကြောင့် လူငယ်(၃)ဦးနှင့် မနီနီဝင်း တို့အားအရေးယူပေးရန် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှု ဖြစ်ပါသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် မနီနီဝင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ၊ ကျော်ငြိမ်း(ခ) ကျောက်ကျားကျော်၊ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်း၊ သျှားလေး(ခ)သျှား၊ စနေမောင်(ခ) ထက်အာကာဇော် တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မနီနီဝင်း(ခ)ရန်ချိမ့်ဖု၊ ၄၇ နှစ်၊ (ဘ) ဦးရန်လျူဂျင်းနှင့် ကျော်ငြိမ်း(ခ)ကျောက်ကျားကျော်၊ ၂၄ နှစ်၊ (ဘ)ဦးကျော်ဝင်း တို့(၂)ဦးကို ၁၂-၈-၂၀၂၀ ရက်နေ့ ၁၈၁၀ အချိန်တွင် နမ့်စန်မြို့၌ လည်းကောင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ ကို ၁၄-၈-၂၀၂၀ ရက်နေ့ ၁၇၃၀ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ နဝဒေးအိမ်ရာရှိ အိမ်နီးချင်းကောင်းစတိုးဆိုင်မှ လည်းကောင်း၊ ကျန်တရားခံ နိုင်းနိုင်း(ခ)နဂါး(ခ) မင်းဟိန်း၊ သျှားလေး(ခ)သျှား တို့(၂)ဦးကို ၁၄-၈-၂၀၂၀ ရက်နေ့ ၂၁၀၀ အချိန် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရွှေအိမ်စည်လက်ဖက်ရည်ဆိုင်မှ လည်းကောင်း၊ စနေမောင်(ခ) ထက်အာကာဇော်ကို ထိုနေ့ ၂၁၃၅ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၁၄၅)ရှိ ၎င်း၏ နေအိမ်မှ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား အသေးစိတ်စစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အမှတ်(၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရိပ်သာ(၅)လမ်း၊ အမှတ်(၇၇/၇၈)နေ ဒေါ်ခင်ခင်ဝင်း က ၎င်းနှင့် ပတ်သက် နေသည့်အမျိုးသားသည် အခြားအမျိုးသမီးများနှင့် ရှုပ်ပွေနေသဖြင့် မှတ်လောက်သားလောက်အောင် ဆုံးမပေးရန် မနီနီဝင်းနှင့် ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ တို့အား အကူအညီတောင်းခံခဲ့ကြောင်း၊ ဝင်းမင်းထွန်း(ခ)စွမ်းထက်(ခ)ဖန်သီ က လှိုင်သာယာမြို့နေ နိုင်းနိုင်း(ခ)နဂါး(ခ)မင်းဟိန်းပါ (၃)ဦးကို ငွေကျပ်(၂၅)သိန်းဖြင့် ငှားရမ်းပြီး ပြစ်မှုအား ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ပြစ်မှုကျူးလွန်ပြီးနောက် နေအိမ်မှ တိမ်းရှောင်သွားကြောင်း သိရှိရပါသည်။

အမှုမှ ဖမ်းဆီးရမိသူ မနီနီဝင်း ပါ (၆) ဦးကို ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက် ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်ခင်ခင်ဝင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •