ကမ္ဘာမ ​ေကြဘူး ကြွေးကြော်သံများ တနိုင်ငံလုံး ပျံ့လွင့်ခဲ့ရသော နေ့

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘာမ ​ေကြဘူး ကြွေးကြော်သံများ တနိုင်ငံလုံး

ပျံ့လွင့်ခဲ့ရသော နေ့
************************************

(၁)

မနေ့က အာဆီယံ နိုင်ငံများမှ အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် “အာဏာသိမ်းသည်” ဆိုသည့် စကားကို မသုံးဘဲ ယဉ်ကျေးစွာ တောင်းဆိုခဲ့ကြသည်ကို မင်းအောင်လှိုင်က ၎င်း၏ သစ္စာခံ တပ်များဖြင့် နိုင်ငံအနှံ့အပြားတွင် တရက်တည်း အမြင့်ဆုံးနှုန်းအဖြစ် သတ် ပြလိုက်ပြီ ဖြစ်သည်။ အဖမ်းဆီးခံ လူထု ခေါင်းဆောင်များအား ချက်ခြင်း လွှတ်ပေးပြီး စေ့စပ်ဆွေးနွေးရန် တောင်းဆိုမှုကို သမ္မတကြီး ဦးဝင်းမြင့်အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖောက်ဖျက် သည် ဆိုသည့် အမှု နှစ်မှု နှင့် ထပ်မံစွဲချက်တင်လိုက်ပြန်သည်။ ဤသည်ကား အာဆီယံ ခေါင်းဆောင်များ၏ တောင်းဆိုချက်များကို မင်းအောင်လှိုင်က ၉ မမ မောင်းပြန်သေနတ်များဖြင့် အဖြေ ပေးလိုက်ခြင်းကြောင့် မုံရွာတွင် ငါးဦး ၊ မန္တလေးတွင် နှစ်ဦး၊ မြင်းခြံ တွင် တဦး၊ ရန်ကုန်တွင် နှစ်ဦး၊ မြောက်ဥက္ကလာပ တွင် ခြောက်ဦး စုစုပေါင်း ဆယ့်ခြောက်ဦးသည် သူကို သစ္စာခံသော စစ်သားများ လက်ချက်ဖြင့် ကျဆုံးသွားကြောင်း ဖရန်တီယာ သတင်းဌာနက ဆိုသည်။

မြောက်ဥက္ကလာပ တွင် ဒဏ်ရာ အပြင်းအထန် ရသူများ ရှိနေသည်ဟု သိရသည်။ ကျဆုံးသူများထဲတွင် အသက် ဆယ့်လေးနှစ် ကလေး ပင် ပါဝင်နေပြီး အများစုမှာ စနိုက်ပါ သမားများ၏ ပစ်ခတ်မှုကြောင့် ထိမှန်ခံခဲ့ရခြင်း ဖြစ်သည်။ ညနေ ငါးနာရီ ခွဲ လောက်တွင် သုဓမ္မ လမ်း ဖက်မှ အော်တိုမက်တစ် မောင်းပြန် သေနတ်သံများ စတင်ကြားခဲ့ရသည်ဟု မျက်မြင်သက်သေများက ဆိုသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်၏ အထူး သံတမန် ခရစ်စတင်း ရှရေနာ ဘာဂင်ဂါ မှ စစ်တပ်၏ အာဏာသိမ်း လုပ်ရပ်သည် ယခုအချိန်အထိ အောင်မြင်ခြင်း မရှိသေးဘဲ “ကြိုးစားဆဲ” အနေအထားသာ ရှိသေးသည်ဟု ပြောကြောင်း CNN သတင်းဌာန က ဖေါ်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့သည် အာဏာသိမ်းပြီးနောက် သွေးထွက်သံယို အများဆုံး နေ့ဖြစ်ပြီး တရက်တည်းနှင့် လူ ၃၈ ဦးအား သတ်ဖြတ်ခဲ့သည်ဟု သူမက အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်အဖို့ကား တနိုင်ငံလုံး၏ ဆန့်ကျင် အုံကြွမှုကြီး နှင့် ရင်ဆိုင်နေရပြီး လက်အောက် ငယ်သားများ၏ ယုံကြည်မှု ခံရရေးသည် လွန်စွာ အရေးကြီးနေချိန်ဖြစ်၍ ၎င်း၏ သစ္စာခံ တပ်များကို သုံးကာ လက်နက်မဲ့ ပြည်သူများအား နေ့စဉ်နှင့်အမျှ သတ်ဖြတ်ခိုင်းနေလေပြီ။

ပြည်သူတို့၏ ဆန့်ကျင်မှုများ ဒီထက် ကြီးထွားမလာစေရန် နှိမ်နှင်းပြမှ ဖြစ်မည်ဟု ခံယူလာသည်။ ယခုအချိန်ကျမှ သူ့အနေနှင့် စေ့စပ် ဆွေးနွေး၍ မဖြစ်တော့၊ ထိုလမ်းကို ရွေးမည်ဆိုလျှင် သူ၏ အသက်အန္တရာယ် ကို စိုးရိမ်စရာ ဖြစ်လာပေတော့မည်။ ယခင်က နိုင်ငံတော် အတိုင်ပင်ခံကို မုန်းတီးစိတ် သက်သက်ဖြင့် သူ့ကို မြှောက်ပင့် ပေးခဲ့ကြသည့် အမျိုးသား သစ္စာဖေါက်များလည်း ထိတ်လန့်လာနေကြပြီ ဖြစ်သည်။ စစ်တပ်အတွင်းတွင်လည်း မင်းအောင်လှိုင် အရေးနိမ့်ပါက ၎င်းတို့ ဆွေစဉ်မျိူးဆက် ခံစားစံစားနေရသော အခွင့်အရေးများ အပြီးအပိုင် ပျောက်ကွယ်သွားတော့မည်ကို စိုးရိမ်လာနေကြသည်။ လက်ရှိ အနေအထားများကို စိုးရိမ်စရာ မရှိပါဟု ဆိုလာပါက အကြင်သူသည် စိတ်မနှံ့သော သူရူးတယောက်သာ ဖြစ်သွားပေတော့မည်။

မင်းအောင်လှိုင်၏ နောက်ဆုံး မျှော်လင့်ချက်သည်ကား လူထုကြီးသည် ဆန္ဒပြမှုများကြောင့် ကျပ်တည်းလာနေပြီး အချင်းချင်း ငြူစူလာကာ တဖြေးဖြေး လူစုကွဲသွားတော့မည့်အရေးကိုပင် ဖြစ်ပြီး တဖက်ကလည်း လူသတ်မှု များကို ဆက်တိုက် ကျူးလွန်နေခြင်း ဖြစ်သည်။

သို့သော် ပြည်သူတို့၏ ရဲစွမ်းသတ္တိ နှင့် မတရားမှုကို ရွံရှာ မုန်းတီးနေသော စိတ်ဓါတ်ခွန်အားများက ၎င်း၏ သစ္စာခံ တပ်သားများ နှင့်ယှဉ်လျှင် နံ့သာဆီ နှင့် ရေ လို ကွာခြားချင်တိုင်း ကွာခြားနေပေသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်း ခေါင်းဆောင်ဘဝကို မည်သူမျှ အားကျစရာ မကောင်းသည့် ဘဝမျိုး ရောက်နေရရှာသည်။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်နေရှာလေပြီ။ သူလုံးဝ မျှော်လင့်မထားသည့် ပြည်တွင်း ပြည်ပ အခြေအနေဆိုးများနှင့် ရင်ဆိုင်လာရပြီ ဖြစ်သဖြင့် မိမိကို ရွံရှာ မုန်းတီးနေသည့် ရပ်ကွက်ထဲတွင် နေရသူ ပမာ ဖြစ်လာခဲ့ချေပြီ။

(၂)

မင်းအောင်လှိုင် အသက်ဆက်ရေး ရုန်းကန်လှုပ်ရှားနေရသော နေပြည်တော်နှင့် မိုင်ပေါင်း ၆,၇၀၀ ကွာဝေးသော ဟာဝိုင်အီရှိ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်တွင် ရေတပ် ဗိုလ်ချူပ်ကြီး ဖိလစ် ဒေဗီဆန်က တရုတ်တွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည် အစင်းပေါင်း နှစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည့်အတွက် အင်ဒို-ပစိဖိတ် ဒေသတွင် အမေရိ ကန်တပ်များကို လက်ရှိစစ်စခန်းများမှ နေ၍ အင်ဒို-ပစိဖိတ် ဒေသအတွင်း နေရာ အနှံ့အပြား ဖြန့်ကျက်ချထား သွားမည့် dispersal strategy ကို ထုတ်ဖေါ်ပြောကြားသွားပြီ ဖြစ်သည်။

ဤသည်က တရုတ်တို့ အင်ဒို-ပစိဖိတ် ဒေသအတွင်း လက်ရှိ အနေအထားမှ ရှေ့တိုးမလာနိုင်ရန် အမေရိကန်က နည်းလမ်းမျိုးစုံဖြင့် ဟန့်တားသွားမည့် သဘောဖြစ်၍ တရုတ်တို့ မဟာဗျူဟာကျသည့် မြန်မာ ကို ခြေကုပ်ယူပြီး ၎င်းတို့ရှိ ဒုံးကျည်များကို ရွှေ့ပြောင်း လှုပ်ရှားလာမည့် အရေးကို အမေရိကန်တို့ လက်ဦးမှု ယူကာ ခြေဖျက် လာမည့် အလားအလာများကို တွေ့နေရပြီ ဖြစ်သည်။ တရုတ် တို့ ဖက်မှ ၎င်းတို့ ဒုံးကျည်များကို ကိုးကိုးကျွန်း သို့ ရွှေ့ပြောင်းချလာမည့်အရေးကို အဘယ်သို့သော အမေရိကန် စစ်ဗိုလ်ချုပ်ကြီးများက လက်ပိုက်ကြည့် နေကြ ပေမည်နည်း။

နယူးယောက် တိုင်း သတင်းစာ အဆိုအရ မြန်မာ နိုင်ငံအနှံ့အပြားတွင် စစ်ဇုံအသွင် ပြောင်းလဲလာနေပြီး ယခုအချိန်အထိ လူပေါင်း သုံးဆယ်ခန့် သေဆုံးခဲ့ပြီဟု ရေးသားခဲ့ပြီး မင်းအောင်လှိုင်သည် မည်သို့မျှ အလျော့ပေးမည့် လက္ခဏာ မရှိသည်ကို အထင်အရှား ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် အခင်း ဖြစ်ပွားရာ နေရာများကို သတင်းမှတ်တမ်း ဗီဒီယို ကလစ်များ ဖြင့် ထုတ်ပြလာခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အမျိုးသမီးကြီးမှ ဆန္ဒပြ ပြည်သူများအား လက်နက်အားကိုး ဖြင့် နိုင့်ထက်ကလူ ပြုနေမှုများကို မိမိတို့ မလှုပ်မရှက် ထိုင်ပြီး ကြည့်နေ၍ မဖြစ်တော့ဟု ထုတ်ဖေါ် ပြောဆို လာလေ သည်။

သေချာသည်ထက် သေချာသွားသည့် အချက်မှာ ထိုသို့သော လူသတ် ပြီး အစိုးရ တက်လုပ်လာသူများကို နှစ်ဆယ့်တရာစုနှစ် ယဉ်ကျေးသော လူ့အဖွဲ့အစည်းဝင် နိုင်ငံများက မည်သို့မျှ အသိအမှတ်ပြုကြတော့မည် မဟုတ် ဆိုခြင်းပင်။

CRPH အနေဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်မည်ဟူသော ကတိဖြင့် တိုင်းရင်းသား ပါတီများ လက်နက်ကိုင် များနှင့် မဟာမိတ်ပြုနိုင်မှသာ လက်ရှိ အကျပ်အတည်းကို လွန်မြောက်နိုင်မည်ဟု Nikkei Asia Review တွင် ကုလ ဖွံ့ဖြိုးမှု အစီအစဉ်မှ မြန်မာ လွှတ်တော်ဆိုင်ရာ အကြံပေး ဖီလစ် အင်နာဝစ် က “The Wild Card that will make or break Myanmar’s coup” ခေါင်းစဉ်ဖြင့် အသေးစိတ် တင်ပြထားသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့မှ ဆန္ဒပြ ပြည်သူများကို “၎င်းတို့ တတ်နိုင်သည့်ဖက်မှ ကူညီသွားမည်” ဟု ကြေညာထားပြီး ဖြစ်သည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

ပြည်ပ မှ ဝင်ရောက် စွက်ဖက်လာမည့် အလားအလာများသည် များပြားလာနေပြီ ဖြစ်၍ စစ်တပ်ခေါင်း ဆောင်ပိုင်းမှ လက်ရှိ စစ်ကောင်စီ ကို ဖယ်ရှားပြစ်ခြင်းဖြင့်သာ တိုင်းပြည်ကို ကယ်တင်နိုင်ဖွယ်ရှိသည်ဟု ရေးသားထားသည်ကို ဖတ်ရှုရပေသည်။

(၃)

လောလောဆယ်တွင် နိုင်ငံတွင်းရှိ အခြေခံ အဆောက်အအုံပိုင်း ဖွံ့ဖြိုးရေး စီမံကိန်းများ ရပ်တန့်သွားသည်။ ထိုအထဲတွင် ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်း၊ ရန်ကုန်ရှိ “စမတ်စီတီး” နှင့် စက်မှု ဇုံ စီမံကိန်းများ၊ ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး၊ ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြင့် စီမံကိန်းများ၊ဆက်လက် လုပ်ဆောင်ရန် ရှိသည့် လမ်းစီမံကိန်းများ အားလုံး ရပ်ဆိုင်းသွားခဲ့ရသည်နှင့်အတူ ထွက်ပေါ်လာရန် ရှိသည့် မြန်မာလူငယ်များ အလုပ်အကိုင် ရရှိနိုင်ရေးလည်း ကွယ်ပျောက်သွားခဲ့ရလေပြီ။

ဂျပန်က မြန်မာအား ပေးနေသော တရားဝင် အကူအညီများ အား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး ဒေါ်လာ ၅၂ သန်းတန် ဆူဇူကီး ကားစက်ရုံ ဖွင့်လှစ်ရေး ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

အလားတူ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမ စီမံကိန်းများလည်း မရေရာ မသေချာမှုများ နှင့် ပြည့်နှက်လာနေပေပြီ။

လက်ရှိတွင် ကမ္ဘာတလွှားရှိ ဒီမိုကရေစီ အရေး ထောက်ခံသူများနှင့် လူ့အခွင့်အရေး အဖွဲ့များက တနှစ်လျှင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများမှ မြန်မာအစိုးရ ရရှိနေသော ဒေါ်လာ သန်း ၉၀၀ ကို ဖြတ်တောက် ပြစ်နိုင်ရေး အတွက် လုပ်ငန်းများ ရပ်စဲကြရန် ကမ္ဘာရေနံကုမ္ပဏီကြီးများ ဖြစ်သော ဝုဒ်ဆိုက်၊ ချေဗရွန် နှင့် တိုတယ်တို့အား အပူတပြင်း တောင်းဆိုနေကြလေသည်။

ဝုဒ်ဆိုက် က လောလောဆယ်တွင် လုပ်ငန်းများ ရပ်ဆိုင်းထားပြီး ဖြစ်သည်။ ကျန်ကုမ္ပဏီများမှ ပေးစရာ ရှိသည်များကို ဆိုင်းငံ့ထားပြီး ဒီမိုကရေစီ အစိုးရ အဆင်သင့် သုံးစွဲနိုင်ရန် Escrow Account ဟု ခေါ်သော ကြားခံ ငွေစာရင်း ထဲသို့ ထည့်ဝင်ပေးရန်လည်း တောင်းဆိုနေကြသည်။

မြန်မာနိုင်ငံအတွင်း အခြေအနေများ ဆက်လက်ပြီး ကသောင်းကနင်း ဖြစ်နေဦးမည် ကို စိုးရိမ်ကြောင့်ကြနေသော ပြည်ပ ရင်းနှီးမြုပ်နှံသူများသည် ဗီယက်နမ် နိုင်ငံတွင်းသို့ ဝင်ရောက်လာတော့မည် ဖြစ်သည်ဟု အာရှရှိ ရင်းနှီး မြှုပ်နှံမှု အတိုင်ပင်ခံ ကုမ္ပဏီများက တညီတညွတ်တည်း ခန့်မှန်းလိုက်ကြပြီ ဖြစ်သည်။

လောလောဆယ်တွင် ကုလဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခံထားရသော သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာတွင် အာဏာသိမ်း အဖွဲ့က ကုလသံရုံး ဒုတိယ အကြီးအကဲ ဦးတင်မောင်နိုင် ဆိုသူအား ခန့်အပ်ရန် တရားဝင် အဆိုပြုလာ၍ သံတမန် အငြင်းပွားမှု စတင်လာခဲ့သော်လည်း ဦးတင်မောင်နိုင်သည် ချက်ခြင်းပင် ရာထူးမှ နှုတ်ထွက်လိုက်သဖြင့် အာဏာသိမ်း အဖွဲ့၏ ကုလ စင်မြင့်အား သိမ်းပိုက်ရေး အစီအစဉ်သည် ပျက်ပြယ်သွားရသည်။

ပုပ်ရဟန်းမင်းကြီးမှ “မြန်မာပြည်သူတို့၏ မျှော်လင့်ချက်များကို အကြမ်းဖက်မှုများအောက်တွင် နစ်မွန်း မသွားစေရေးအတွက်” နိုင်ငံတကာ အသိုက်အဝန်းမှ အကူအညီပေးကြပါရန် ပန်ကြားလိုက်သည်။

ယခုအခါ ၎င်းတို့၏ မတရား ရက်စက် ယုတ်မာမှုများကြောင့် မြို့နယ်ပေါင်း ၃၁၀ မှ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဝန်ထမ်း ၂၅,၀၀၀ ခန့် CDM လှုပ်ရှားမှုသို့ ပူးပေါင်း ပါဝင်လာကြသဖြင့် အားကောင်းသည်ထက် ကောင်းလာနေကြ ရာ အာဏာသိမ်း ခေါင်းဆောင်များကို အကြီးမားဆုံး ခြိမ်းခြောက်လာနေမှုကြီးဖြစ်သည်။ ရက်စက်ကြမ်းကြုပ်စွာ သတ်ဖြတ်ပြီး လမ်းပေါ်ဆန္ဒပြပွဲများ ဖြိုခွင်းလာလေလေ CDM လှုပ်ရှားမှု အားကောင်းလာလေလေ ပင် ဖြစ်သည်။

မင်းအောင်လှိုင် အဖို့ကား အကြမ်းဖက်မှုများကို ထင်သလို ကျူးလွန်နေသည့် လုပ်ရပ်များနှင့် CDM ကြောင့် တိုင်းပြည် စီးပွားရေး အတွက် မရှိမဖြစ် သော ဘဏ်လုပ်ငန်းများ၊ ပြည်ပ ကုန်သွယ်ရေး များ ရပ်ဆိုင်းသွားရသည့် အကျိုးဆက်များကို တန်ဖိုးကြီးစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ ဆက်ပြီး လူသတ် အကြမ်းဖက်ဝါဒ ကို ကျင့်သုံးနေဦးမည်ဆိုက တတိုင်းပြည်လုံး “ကမ္ဘာမကြေဖူးဟေ့” ဟု ကြွေးကြော်သံများနှင့်အတူ ၎င်းအနေဖြင့် စေ့စပ်ဆွေးနွေးပြီး ထွက်ပေါက်ရှာနိုင်မည့် လမ်းကို အပြီးအပိုင် ပိတ်ဆို့လိုက်သလို ဖြစ်သွားပေတော့မည်။ တတိုင်းပြည်လုံး ဟိုနေရာတစ ဒီနေရာတစ ဆန့်ကျင်နေမှုများနှင့် အမြဲလို ရင်ဆိုင်ရပေတော့မည်။ စီးပွားရေး တိုးတက်ဖို့ ကို မစဉ်းစား နိုင်တော့ပဲ အမြဲလို မိမိတို့ လုံခြုံရေးအတွက် အကြောက်တရားများ ဖြစ်ပေါ်လာအောင် ဦးစားပေး လုပ်ဆောင်ပေတော့မည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •