ကမ္ဘာ့ကုလသမဂ္ဂနေ့ နဲ့ “ဦးသန့်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အောက်တိုဘာ ၂၄ ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂနေ့။
မြန်မာတစ်ယောက်အနေနဲ့ မျက်လုံးထဲ အရင်ပြေးမြင်မိတာကတော့ “ဦးသန့်”

—————–

ဦးသန့်သည် မျက်နှာဝိုင်းကာ သိမ်မွေ့သော မျက်လုံးများနှင့် အောက်နှုတ်ခမ်းခပ်ထူထူ ဖြစ်၏။ မှန်၏ အပေါ်ခြမ်းသာလျှင် ကိုင်းတပ်ထားသော သူ့မျက်မှန်သည်လည်း အဝိုင်းပင်ဖြစ်ချေသည်။

ကုလသမဂ္ဂ ပဋိဉာဉ်ခံစာတမ်းတွင် အရည်အချင်း သုံးမျိုးသတ်မှတ်ထားသည်။
တစ်ခုသော အရည်အချင်းမှာ လူတွေတွင်တွေ့နိုင်ခဲသော၊ ရယူရန်ခက်ခဲသော၊ တော်တည့်မှန်ကန်သော သမာဓိတရားဖြစ်သည်။ အခြားနှစ်ချက်မှာ ကျွမ်းကျင်မှုနှင့် စွမ်းရည်ဖြစ်၏။ ဦးသန့်သည် ထိုအချက်များနှင့် ကောင်းစွာပြည့်စုံသူဖြစ်လေသည်။

“ဦးသန့်ဟာ သူကိုယ်တိုင် အလွန်ရိုးသားတဲ့သူဖြစ်တယ်။ သူ့ရိုးသားမှုကြောင့် သူနဲ့ ဆက်ဆံရတဲ့သူတွေဟာလဲ သူ့အပေါ်မှာ ပိုပြီးရိုးသားလာကြတယ်” ဟု ဦးသန့်နှင့်နှစ်ပေါင်းများစွာ ဆက်ဆံခဲ့သော အမေရိကန်တစ်ယောက်က ပြောသည်။

တတိယကမ္ဘာစစ်ဖြစ်လုနီးဟု တင်စားပြောခဲ့ကြသည့် ကျုးဘားပြသနာ ပေါ်နေစဉ်တွင်လည်း ဦးသန့်၏ တည်ငြိမ်မှုကို အမေရိကန် ရုပ်မြင်သံကြားကြည့်သူများ မြင်တွေ့ခွင့်ရခဲ့ကြသည်။ သူသည် မျက်နှာထား အမူအရာ ပြောင်းလဲမှု မရှိပဲ တည်ငြိမ်သူဖြစ်သည်။
ဦးသန့်၏ လူ့အမြင်သည် ဗုဒ္ဓဘာသာကို အခြေခံသည်။ သူ၏ အဆုံးအဖြတ်သည် အတ္တစွဲမှ ကင်းလွတ်သည်။ ဝေဖန်ရေးကို စိတ်ပါဝင်စားစွာ လက်ခံသူဖြစ်သည်။

၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ထုတ် နယူးယောက်တိုင်းသတင်းစာက ရေးသားပုံမှာ ” ဦးသန့်၏လက်‌ထောက်အရာရှိများသည် ဦးသန့်နှင့် သတင်းစာဆရာများ မတော်တဆ တွေ့ဆုံနေခြင်းကို မဖြစ်စေလိုကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းများကိုဖြေဆိုရန် အလွန်တရာ စိတ်ထက်သန်သူဖြစ်နေသောကြောင့်” ဟုဆို၏။

သူ့မတိုင်ခင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဖြစ်ခဲ့သူ ဆွီဒင်လူမျိုး ဟမ္မားရှိုးကမူ ထိုမေးခွန်းမျိုးကို ဘယ်သောအခါမှ အဖြေမပေးခဲ့ချေ။
အများအားဖြင့် မေးခွန်းများသည် အမှန်တကယ်မျှော်လင့်မထားသော မေးခွန်းများပင်ဖြစ်သော်လည်း ဦးသန့်အဖို့ အဖြေသည် အဆင်သင့် ရှိနေတတ်သည်ကို သတင်းထောက်များပင် သံသယဖြစ်ကြသည်ဟု ဆောင်းပါးရှင်က ရေးသားခဲ့သည်။

ထိုသို့သောအရည်အချင်းများနှင့် တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂကြီး၏ အထွေထွေအတွင်းရေးမှုးချုပ်ဖြစ်လာမည့် ဦးသန့်ကို ၁၉၀၉ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသ ပန်းတနော်မြို့၌ မွေးဖွားခဲ့သည်။

 

U Thant of Burma by June Bingham
အထောက်တော်လှအောင် မြန်မာပြန်ဆိုသော
ဗမာ့ဦးသန့် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •