ကိုဗစ်ကာကွယ်ဆေးပေါ်သည်နှင့် မြန်မြန်ရအောင်စီစဉ်ထား၊ ကိုဗစ်ရောဂါနှင့်စပ်လျဉ်းပြီး ဘီလီယံ (၁၀၀၀)ကျော်အထိ အသုံးပြုမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ကာကွယ်ဆေးပေါ်လာသည်နှင့် မြန်မြန်ရအောင်စီစဉ်ထားကြောင်း၊ ကိုဗစ်ရောဂါနှင့်စပ်လျဉ်းပြီး ဘီလီယံ (၁၀၀၀)ကျော်အထိ အသုံးပြုရန်သတ်မှတ်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်သည့် အခြေအနေ၊ ကုသဆေးထုတ်လုပ်နိုင်သည့် အခြေအနေ မရှိသော်လည်း ဆေးများပေါ်လာသည်နှင့် အချိန်နှင့် တစ်ပြေးညီ  နိုင်ငံကို မြန်နိုင်သလောက်မြန်မြန် ရောက်နိုင်အောင် ယခုကတည်းက စီစဉ်နေကြောင်း၊ ကိုဗစ်ရောဂါနှင့်စပ်လျဉ်းပြီး ဘီလီယံ (၁၀၀၀)ကျော်အထိ အသုံးပြုရန်သတ်မှတ်ထားကြောင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ယနေ့တွင် အသိပေးလိုက်သည်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့အခြေအနေ၊ နောက်ပြီးတော့ ကုသဆေးထုတ်လုပ်နိုင်တဲ့အခြေအနေ မရှိပေမယ့် ဒီလိုဆေးတွေပေါ်လာ တာနဲ့အမျှ အချိန်နဲ့တစ်ပြေးညီ ကျွန်မတို့နိုင်ငံကို မြန်နိုင်သလောက်မြန်မြန် ရောက်နိုင်အောင် ဆိုပြီး ကျွန်မတို့ အခုကတည်းကနေပြီး စီစဉ်နေပါတယ်။ ဥပမာဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်နေတဲ့နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လောက် ကျွန်မတို့အနေနဲ့ မြန်မြန်ရနိုင်ဖို့ အလားအလာ ရှိသလဲ။ အကယ်၍ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် ဆေးတွေက သုံးသင့် မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌာနက ကြည့်ပြီး စမ်းသပ်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေကို မသုံးပါဘူး”ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ကိုဗစ်နှင့် စပ်လျဉ်းပြီး နိုင်ငံတော်က ငွေကျပ် ဘီလီယံ (၁၀၀၀)ကျော် သတ်မှတ်လိုက်ကြောင်းနှင့် အဆိုပါငွေကို   ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး အသုံးပြုမည့်အကြောင်းပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။

“ဘဏ္ဍာရေးဝန်ကြီးဌာန ကနေပြီးတော့ အထွေထွေပိုလျှံငွေ ဘီလီယံ (၁၀၀၀)ကျော် ၊ တစ်ဘီလံယံဆိုတာကတော့ သန်း(၁၀၀၀) ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားပဲ ကျွန်မတို့ထင်ပါတယ်။ ဘီလီယံ (၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး အဲဒါ ဒီဟာကို ကျွန်မတို့ သတ်မှတ် လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ်။ ဒါပေမယ့် ဒီလို သတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ။ တခြားသဘာဝ ဘေးအန္တရာယ် နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။ တခြားသဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ရင် အဲဒီ ရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်။ အခု ဘီလီယံ (၁၀၀၀)ကျော် ရွေ့ပြောင်းလိုက်တယ် ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက်၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် သုံးဖို့ ဖြစ်ပါတယ်”ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

ယင်းနောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက်တွန်းလိုက်ကာ ထိုသို့လိုက်နာမည်ဆိုပါက ကိုဗစ်ထိန်းချုပ်မှု လုပ်ငန်း  မြန်မြန်အောင်မြင်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

“အောင်မြင်တော့ အောင်မြင်မှာပါ။ ဒါကိုတော့ ကျွန်မ လုံးဝသံသယမရှိပါဘူး။ အနှေးနဲ့ အမြန်ပေါ့။ ဒါပေမယ့် အမြန်ဖြစ်စေချင်တယ်။ အမြန်ဖြစ်မှ ကျွန်မတို့ ပြည်သူတွေ သက်သာမယ်။ ကျွန်မတို့နိုင်ငံ သက်သာမယ်။ ကျွန်မတို့ ပိုပြီးတော့ ပုံမှန်အနေအထားကို ပြန်ရောက် သွားမယ်”ဟု  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •