ကိုဗစ်ကာလအလုပ်ပိတ်ချိန် လခမရတဲ့အလုပ်သမားတွေ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေထံ ဆက်သွယ်တိုင်ကြားနိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်စင်တာတွေအတွက်လုံးပမ်းရင်း မရမ်းကုန်းမြို့နယ်အတွင်းမှာ လူငယ်အလုပ်သမားတစုဒုက္ခရောက်နေတဲ့အကြောင်း မိတ်ဆွေတယောက်က ဆက်သွယ်အကြောင်းကြားလာပါတယ်။

ဖြစ်ပုံက မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ မြိုင်ဟေဝန်ပန်းခြံအတွင်းမှာဖွင့်ထားတဲ့ Heng BaO Asia Co Ltd ပိုင် Yu Been Restaurant မှာ အလုပ်လုပ်နေတဲ့ နယ်က လူငယ်အလုပ်သမား (၂၂) ယောက်ဟာ ကိုဗစ်ကြောင့် ရန်ကုန်မှာသောင်တင်နေပြီး ပြန်လို့လဲမရ၊ ပိုက်ဆံနဲ့ စားစရာလဲမရှိတဲ့အတွက်ကူညီပေးဖို့ ပြောလာတာပါ။ အတူနေကြတဲ့လူငယ်နှစ်ယောက်က အနံ့ပျောက်နေတာ ၃ ရက်လောက်ရှိနေပြီဆိုလို့ တော်တော်စိုးရိမ်သွားမိပါတယ်။

ကျွန်မအနေနဲ့ ရန်ကုန်တိုင်း လဝကနဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးတို့ဆီတင်ပြခဲ့ပါတယ်။ အုပ်ချုပ်ရေးမှုးက ချက်ချင်းဘဲ စခန်းမှုး၊ စည်ပင်အုပ်ချုပ်ရေးမှုးနဲ့ (၅)ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ခေါ်သွားပြီး ဆိုင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

စုစုပေါင်း မိန်းကလေး (၂) ဦးအပါအဝင် လူငယ်အလုပ်သမား(၂၂) ဦး တွေ့ရပြီး ပြီးခဲ့တဲ့လ ဆိုင်စပိတ်ကထဲက လခလဲမရ၊ ကျန်းမာရေးစောင့်ရှောက်လဲမရကြကြောင်း ပြောပါတယ်။

အနံ့ပျောက်ယောကျ်ားလေးကိုတော့ (၉) ရက်နေ့က Q Center ပို့လိုက်ပေမဲ့ အနံ့ပျောက်တဲ့သူတဦးကျန်သေးကြောင်းသိရပါတယ်။
စားစရာလဲမရှိတဲ့အပြင် သောက်စရာရေပင်မပေးကြောင်း တင်ပြကြပါတယ်။ ကျွန်မတို့လဲ တပါတ်စာ စားစရာနဲ့သောက်ရေတွေ စီစဥ်ပေးပြီး အားပေးစကားပြောကြားခဲ့ပါတယ်။
Fever Clinic တွင်တာဝန်ယူနေတဲ့ စည်ပင်အုပ်ချုပ်ရေးမှုးက အနံ့မရသူ လူငယ်ကို အထက(၁) QC သို့ပို့ပေးခဲ့ပါတယ်။

လဝကနှင့်အလုပ်သမားဝန်ကြီးက (၁၁) ရက်မှာ ကုမ္ပဏီက တာဝန်သူတွေ အုပ်ချုပ်ရေးမှုးရုံးလာဖို့၊ လာတဲ့အခါမှာလဲ ဆုံးဖြတ်နိုင်သူကိုယ်တိုင်ဖြစ်ဖို့ ညွန်ကြားခဲ့ပါတယ်။

(၁၁) ရက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့/ စည်ပင်အုပ်ချုပ်ရေးမှုး တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ညှိနိုင်းမှုအရ ပိုင်ရှင်အနေနဲ့ အလုပ်စပိတ်သည့်အချိန်ကစ၍ တလကို (၇၅၀၀၀)ကျပ် ပေးဖို့နဲ့ အလုပ်သမားတွေ လိုအပ်ကိုပံ့ပိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လေ့လာချက်အရဆိုရင် ကုမ္ပဏီက ထုတ်ပြန်ထားတဲ့ ရုံးတွင်းအမိန့်ထဲမှာ အလုပ်သမားတွေကို ကာကွယ်ပေးထားသည့်အချက်တချက်မှ ပါတာမတွေ့ရဘူးလို့ အလုပ်သမား ဝန်ကြီးက တွေ့ရှိခဲ့ပါတယ်။ လူငယ်အလုပ်သမား (၂၂) ဦးကို အရေးပေါ်ကူညီမှုပေးနိုင်ခဲ့ပေမဲ့ ဒီလိုလူငယ်အလုပ်တွေအများကြီးရှိနိုင်ပါသေးတယ်။ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ တာဝန်မယူတဲ့ စီးပွား‌ရေး လုပ်ငန်းတွေလဲ အများကြီးကျန်နေနိုင်ပါသေးတယ်။

ဒါကြောင့် ယခုလိုရင်ဆိုင်နေရတဲ့ အလုပ်သမားတွေရှိရင် ကူညီနိုင်ဖို့အတွက် အုပ်ချုပ်ရေးမှုးကနေ တခြားစားသောက်ဆိုင်ကို စီစစ်ပြီး သတင်းပို့ပေးဖို့ လဝကနဲ့ အလုပ်သမားဝန်ကြီးက မှာကြားထားပါတယ်။

အခုလိုဒုက္ခရောက်နေတဲ့ အလုပ်သမားတွေ ရှိရင် သက်ဆိုင်ရာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ တာဝန်ရှိသူများကို ဆက်သွယ်အကြောင်းကြားပေးစေလိုပါတယ်။

Credit Dr May Win Myint

 


Spread the love
  •  
  •  
  •  
  •  
  •  
  •