ကိုဗစ်ကြောင့် ​မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် လျော့နည်းကျဆင်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ကြောင့် ​မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ၀င်ငွေ
အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် လျော့နည်းကျဆင်း

နေပြည်တော်၊ ဇွန် ၁၈

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ၀င်ငွေရရှိမှုသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် လျော့နည်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ဧည့်သည် ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ကာလတူမှာ ၅၅ ရာခိုင်နှုန်း လျော့နည်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောသည်။

“၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ဝင်ရောက်ခဲ့တဲ့ ဧည့်သည်ရယ် ၂၀၂၀ ခုနှစ် အလားတူကာလ ဝင်ရောက်ခဲ့တဲ့ ဧည့်သည် နှိုင်းယှဉ်ရင် စုစုပေါင်း ၅၅ ရာခိုင်နှုန်း လျော့နည်းကျဆင်း သွားပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ ဧည့်သည် ဝင်ရောက်မှု ကျဆင်းသွားတာနဲ့အတူ ဝင်ငွေ ရရှိမှုမှာလည်း လျော့နည်း ကျဆင်းသွားတာတွေ ရှိပါတယ်”ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ခရီးသွားကဏ္ဍ ၀င်ငွေ ရရှိမှုသည် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၀၈၅ သန်း ဖြစ်ပြီး ယခုနှစ် ကာလတူတွင်အမေရိကန်ဒေါ်လာ ၅၃ ဒသမ၂၂၃ သန်းသာ ရရှိခဲ့သောကြောင့် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၈၆၂ သန်း လျော့နည်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ရှိ ပြန်ကြားရေး၀န်ကြီးဌာန ရုံးတွင်ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်း၊ ပြည်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ အစားအသောက် အဖျော်ယမကာ၊ တည်းခိုနေထိုင်ရေး၊ ဈေးဝယ်ထွက်ခြင်းနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင် စသည့် ကဏ္ဍများမှ ၀င်ငွေများ ရရှိနေခြင်း ဖြစ်သည်။

#Peacock

 


Spread the love
  •  
  •  
  •  
  •  
  •  
  •