ကိုဗစ်ထောက်ပံ့မှု မရပဲ ကျန်ရှိခဲ့သည့်သူများကို ထပ်မံပေးနိုင်ရန် အမြန် ဆောင်ရွက်သွားမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်ထောက်ပံ့မှု အမှန်တကယ် ထောက်ပံ့ရန် ကျန်ရှိခဲ့သည့်သူများကို ထပ်မံထောက်ပံ့ပေးနိုင်ရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားမည်

[ပထမအကြိမ်မှ စတုတ္တအကြိမ်အထိ ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ထောက်ပံ့ပေးခဲ့သည့် အမည်စာရင်း၊ ထောက်ပံ့ပေးအပ်သည့် နှုန်းထားများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားပေးရန် ညွှန်ကြား]

နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးအပ်ခြင်းသည် COVID-19 ရောဂါဖြစ်ပွါးချိန်အတွင်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတာဖြစ်ပြီး အမှန်တကယ် ထောက်ပံ့ရန် ကျန်ရှိခဲ့သည့်သူများကို ထပ်မံထောက်ပံ့ပေးနိုင်ရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်မှ စတုတ္တအကြိမ်အထိ ငွေကြေး၊ ပစ္စည်း ( ၅ ) မျိုး ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် ထောက်ပံ့ပေးခဲ့သည့် အိမ်ထောင်စု၏ အိမ်ထောင်ဦးစီး အမည်စာရင်း၊ ထောက်ပံ့ပေးအပ်သည့် နှုန်းထားများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောသည်။

“ပထမအကြိမ်ကနေ စတုတ္တအကြိမ်အထိ ငွေကြေး၊ ပစ္စည်း ( ၅ ) မျိုး ထောက်ပံ့မှုနဲ့စပ်လျဉ်းပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အသိပေးကြေညာလိုတဲ့အတွက် ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် ထောက်ပံ့ပေးခဲ့တဲ့ အိမ်ထောင်စုရဲ့ အိမ်ထောင်ဦးစီး အမည်စာရင်း၊ ထောက်ပံ့ပေးအပ်တဲ့ နှုန်းထားတွေကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားပေးဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောသည်။

ဒီနေ့တော့ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးအပ်တာနဲ့စပ်လျဉ်းပြီး တိုင်ကြားစာတွေအပေါ် စိစစ်ဆောင်ရွက်ပြီးစီးမှုအခြေအနေတွေကို တင်ပြလိုပါတယ်။

၁၆-၁၁-၂၀၂၀ ရက်နေ့မှ ၇-၁၂-၂၀၂၀ ရက်နေ့အထိ တိုင်ကြားစာ စုစုပေါင်း ( ၂၁၀၇၄၈ ) စောင်လက်ခံ ရရှိခဲ့ရာ တိုင်ကြားစာ ( ၁၈၁၉၂၉ ) စောင် ( ၈၆.၃၃ ရာခိုင်နှုန်း) စိစစ်ဆောင်ရွက်ခဲ့ပြီး (၂၈၈၁၉) စောင် ( ၁၃.၆၇ ရာခိုင်နှုန်း ) စိစစ်ရန် ကျန်သေးကြောင်း၊ အလုပ်အကိုင် အဆင်မပြေမှုများနဲ့ ထောက်ပံ့မှုစာရင်းတွင် မပါဝင်ခြင်းများကြောင့် ထောက်ပံ့ကြေးရယူလိုသည့်အတွက် တိုင်ကြားခြင်း ( ၉၆.၈ ရာခိုင်နှုန်း) ရှိကြောင်း၊ ထောက်ပံ့ကြေး အပြည့်အဝမရရှိသည့်အတွက် တိုင်ကြားခြင်း (၀.၀၈ ရာခိုင်နှုန်း) ရှိကြောင်း၊ ထောက်ပံ့မှုများ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တိုင်ကြားခြင်း ( ၀.၀၇ ရာခိုင်နှုန်း ) ရှိကြောင်း၊ ယခင်ထောက်ပံ့မှုတွင် ပါဝင်ပြီး ယခုထောက်ပံ့မှုတွင် ပါဝင်မှု မရှိသည့်အတွက် တိုင်ကြားခြင်း (၀.၀၄ ရာခိုင်နှုန်း) ရှိကြောင်း၊ တင်ပြသည့် အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှုကြောင့် တိုင်ကြားခြင်း ( ၀.၀၃ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။

သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ ရပ်ဖများနဲ့ ဌာနဆိုင်ရာကိုယ်စားလှယ်များ ပါဝင်သည့် စိစစ်ရေးအဖွဲ့များက တိုင်ကြားစာများကို စိစစ်ရာ မှန်ကန်သည့် တိုင်ကြားစာပေါင်း (၁၇၆၅၁၀) စောင် (၉၇.၀၂ ရာခိုင်နှုန်း) တွေ့ရှိရပြီး မှန်ကန်မှု မရှိသည့် တိုင်ကြားစာပေါင်း ( ၅၄၁၉ ) စောင်( ၂.၉၈ ရာခိုင်နှုန်း ) တွေ့ရှိရသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •