ကိုဗစ်နဲ့ ရာသီတုပ်ကွေးဘာကွာလဲ ဘာတူညီတာလဲ (ဒေါက်တာ ခင်ခင်ကြီး)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

#KKG43 #COVIDVaccine

00:21 am, 11/9/2020

ဒီနေ့ညနေ ၄:၃၀ ကနေစပြီး ၆:၀၀ နာရီအထိ US CDC, WHO, GAVI, UNICEF အဖွဲ့တွေနဲ့ Zoom meeting လုပ်ဖြစ်ခဲ့တာကို ဖောက်သည်ချချင်ပါတယ်

စာတွေရှည်ရင် မဖတ်ကြမှာစိုးလို့ လိုတိုရှင်း ရေးလိုက်ပါတယ်

ဒီအစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်က ရာသီတုပ်ကွေးကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို စဉ်ဆက်မပြတ်ပေးဖို့အပြင် လိုအပ်တဲ့ အန္တရာယ်များတဲ့ လူအုပ်စုတွေကိုပါ ပေးနိုင်ဖို့ရည်ရွယ်ပါတယ် သူတို့ပြောတဲ့ထဲမှာ တနွယ်ငင် တစင်ပါ ကိုဗစ်ကာကွယ်ဆေးအကြောင်းလဲ ပါဝင်လာပါတယ်

ဒီနေရာမှာ ရှေ့ဆက်မသွားခင် ကိုဗစ်နဲ့ ရာသီတုပ်ကွေး ကွဲပြားခြားနားမှုနဲ့တူညီမှုအချုပ်လေး ရှင်းအောင်တင်ပြပါရစေ

ကွဲပြားခြားနားမှုများ…

၁/ ရာသီတုပ်ကွေးသေနှုန်းဟာ ၀.၁ % သာရှိပေမဲ့ ကိုဗစ်ကြောင့်သေဆုံးမှုဟာ ၂ % ရှိပါတယ် (ဒီနေရာမှာ သူတို့ Brigham ဒေတာကိုသုံးထားပုံရပါတယ်)

၂/ ကာကွယ်ဆေးနဲ့ ကုသဆေး ရာသီတုပ်ကွေးမှာ ရှိပေမဲ့ ကိုဗစ်မှာတော့ ခုထိမရှိသေးပါ

၃/ ရာသီတုပ်ကွေးဟာ ရာသီအလိုက်နှစ်တိုင်းပြန်ပေါ်လာတတ်ပေမဲ့ ကိုဗစ်ကတော့ ဒီလိုပဲဖြစ်မလားဆိုတာကို မသိကြသေးပါဘူး

၄/ ရာသီတုပ်ကွေးရဲ့ ရောဂါပျိုးချိန်က ၅-၇ ရက်သာကြာပေမဲ့ ကိုဗစ်ကတော့ ၁၄ ရက်ကြာပါတယ် (ဒါ့ကြောင့် တုပ်ကွေးက ပိုကူးစက်မြန်ပါတယ်)

၅/ ကိုဗစ်နဲ့ပတ်သက်လို့ နားလည်သိရှိမှုနဲ့ကိုယ်ခံအားက ဘာမှရေရေရာရာ မသိသေးပေမဲ့ ရာသီတုပ်ကွေးနဲ့ပတ်သက်ရင်တော့ အနည်းဆုံးနှစ် ၅၀၀ ရှိပြီဖြစ်လို့ အတော်သိနေပါပြီ

ဟုတ်ပြီ ဘာတွေတူနေတာတုန်း…

၁/ နှစ်ခုစလုံး တိရစ္ဆာန်က စမြစ်ဖျားခံလာတယ်

၂/ ဖျားတယ် ချောင်းဆိုးတယ်

၃/ အသက်ရှူလမ်းကြောင်းပျက်စီးပြီး သေတတ်တယ်

၄/ နှာချေ ချောင်းဆိုးရာမှတိုက်ရိုက် သို့ သွယ်ဝိုက်ပြီးကူးစက်တတ်တယ်

၅/ တကိုယ်ရေသန့်ရှင်းအောင်နေမယ် ရောဂါဖြစ်တဲ့သူနဲ့မထိမိအောင်နေမယ် ဒါဆိုကာကွယ်နိုင်မယ်

၆/ နှစ်ခုလုံး ရောဂါလက္ခဏာမပေါ်မီကတည်းက ကူးစက်စေနိုင်တယ်

ဒါဆို ဘယ်သူတွေကို ကာကွယ်ဆေးထိုးသင့်လဲ?

ရာသီတုပ်ကွေးအတွက်…

– ကျန်းမာရေးဝန်ထမ်းတွေ
– ကိုယ်ဝန်ဆောင်တွေ
– အသက် ၆ လမှ ၅ နှစ်အောက်ကလေးတွေ
– အသက် ၆၅ နှစ်အထက် လူကြီးတွေ
– နောက်ခံဆီးချို သွေးတိုး နှလုံး ကျောက်ကပ်ရောဂါ အစရှိသဖြင့် ရောဂါရှိသူတွေကို ထိုးပေးသင့်ပါတယ်

ဟာ ဒါဆိုကိုဗစ်ကရော…

– ကျန်းမာရေးဝန်ထမ်းတွေ

– နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ်သူတွေ

– အန္တရာယ်များတဲ့နောက်ခံရောဂါရှိနေတဲ့သူတွေ

– အသက် ၆၅ နှစ်အထက် လူကြီးတွေ ထိုးသင့်တယ်လို့ အကြံပြုချက်မှာ ပါပါတယ်

ဒါဆိုကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေရော… သူတို့က ပထမဦးစားပေးထဲမပါပါဘူး ဘာလို့ဆိုတော့ သူတို့မှာ ကိုဗစ်ဖြစ်နိုင်စွမ်း အန္တရာယ်ရှိမှုက နည်းလို့ဖြစ်ပါတယ် လက်ရှိမြန်မာနိုင်ငံအခြေအနေကလည်း ကလေးတွေမှာနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပွားကူးစက်မှု အားလုံးနဲ့ယှဉ်ရင်အလွန်နည်းပါတယ်

လက်ရှိအချိန်မှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတာ ၁၆၉ မျိုးရှိပါတယ် ဒီထဲက ၂၆ မျိုးဟာ လူသားတွေမှာစမ်းတဲ့အဆင့်ရောက်နေပါပြီ WHO ဟာ သိပ္ပံပညာရှင်တွေ လုပ်ငန်းရှင်တွေ ကမ္ဘာပေါ်ရှိ ကျန်းမာရေးအဖွဲ့အစည်းအသီးသီးနဲ့ ACT Accelerator ကတစ်ဆင့် အမြန်ဆုံးထုတ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါကို အကောင်းဆုံးတုန့်ပြန်ဖို့ဆောင်ရွက်နေပါတယ်

စိတ်ချရပြီး ထိရောက်တဲ့ကာကွယ်ဆေးရတဲ့အခါ WHO, GAVI နဲ့ CEPI တို့ပါဝင်တဲ့ COVAX အဖွဲ့အစည်းက တိုင်းပြည်အားလုံး အမြန်ဆုံးရရှိနိုင်ဖို့ ဆောင်ရွက်နေသလို တချိန်တည်းမှာပဲ အမြောက်အမြားထုတ်လုပ်နိုင်ဖို့ ဝယ်ယူဖြန့်ဖြူးဖို့ ပံ့ပိုးပေးပြီး ဆေးထုတ်လုပ်နိုင်တာနဲ့တစ်ပြိုင်နက် ကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံရဖို့ စီစဉ်ထားပါတယ် ပြီးရင် ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်တွေမှာ ဖြန့်ဖြူးဖို့ကိစ္စတွေပါဝင်ပါတယ်

ဒီလိုဖြန့်ဖြူးတဲ့ကိစ္စတွေမှာလည်း သာတူညီမျှရရှိပြီး အန္တရာယ်ရှိ လူအုပ်စုကို အမြန်ဆုံးထိုးပေးဖို့ ရည်ရွယ်ပါတယ်

ဒီလိုကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီမံရတာလည်း ရည်မှန်းချက် ၄ ခုရှိပါတယ်

၁/ ကာကွယ်ဆေးရဲ့ စိတ်ချရမှုနဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့

၂/ ရောဂါကူးစက်မှု ဖြစ်ပွားမှု သေဆုံးမှုကိုလျော့ကျစေဖို့

၃/ လူသားမျိုးနွယ်အတွင်း စီးပွားရေးထိခိုက်မှု ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အလုံးစုံပျက်စီးမှုကို နည်းနိုင်သမျှ နည်းစေဖို့

၄/ ကာကွယ်ဆေး ရရှိသည့်အခါ သာတူညီမျှ လက်ခံရရှိပြီး စနစ်တကျ ဖြန်ဖြူးနိုင်ဖို့အတွက်ပါ ရည်ရွယ်ပါတယ်

ဒီနေရာမှာ နောက်ဆုံးအချက်က အလွန်အရေးကြီးပါတယ် တိုးတက်ဖွံ့ဖြိုးပြီးတိုင်းပြည်တွေအတွက် ငွေပုံပေးပြီး အမြောက်အမြား လက်ဝါးကြီးအုပ် မချယ်လှယ်နိုင်စေဖို့လဲ ရည်ရွယ်ပါတယ်

မြန်မာနိုင်ငံဟာ လက်ရှိမှာ WHO weekly analysis အရ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လျှင် ၈၇ % ပိုပြီးပိုးတွေ့ရှိလာမှု
လက်ရှိလည်း အသက် ၆၀ နှင့်အထက် နောက်ခံရောဂါရှိသူတွေဟာ စုစုပေါင်းရောဂါဖြစ်ပွားသူတွေရဲ့ ၈ % ခန့်ရှိကြောင်း ICU နဲ့ အောက်ဆီဂျင်ပေးထားရသူ ၃၀ ခန့်ရှိသဖြင့် စိုးရိမ်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် VC တွေ့ဆုံချိန်တွင်လည်း ကာကွယ်ဆေးသာရပါက မြန်မာန်ုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားသည်လည်း ရှိပါကြောင်း ဒါ့ကြောင့် ကာကွယ်ဆေးရသည့်အခါ မြန်မာနိုင်ငံသည် 50 LMICs တွင်ပါဝင်နေသဖြင့် ကာကွယ်ဆေးမည်မျှ ရရှိနိုင်မည်နည်းဟု ဆွေးနွေးမေးမြန်းခဲ့ရာ တိုင်းပြည်လူဦးရေ၏ ၂၀ % ရမည်ဟု ကနဦးသိရပါတယ်

အဆိုပါကာကွယ်ဆေးကို အသုတ်လိုက် အဆင့်လိုက်ရရှိရာတွင် ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးရန်အတွက်လည်း ဆွေးနွေးခဲ့ပါသည်

အုပ်စုလိုက်ကိုယ်ခံအားနှင့်ပတ်သက်၍လည်း ကိုဗစ်ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအတွက် စဉ်းစားစရာမလ်ုသော ကိစ္စရပ်ဖြစ်ပါကြောင်း သိရပါသည်

လက်ရှိအခြေအနေသည် non pharmaceutical measures များဖြစ်သည့် mask တပ်ခြင်း လက်ဆေးခြင်း လူစုလူဝေးရှောင်ကြဉ်ခြင်း တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေခြင်းဖြင့်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းလဲ ဆွေးနွေးခဲ့ကြပါသည်

ကိုဗစ်ကနေ ဘာတွေကောင်းတာရလိုက်သလဲဆိုလျှင် ၂၀၁၉ ခုနှစ်မှာ ရာသီတုပ်ကွေးကြောင့်သေသူ ၁၂၈ ဦးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဓာတ်ခွဲနမူနာ ၇၅၀ မှာ ရာသီတုပ်ကွေးဖြစ်သူ ၁၅ ဦးပဲရှိပြီး သေဆုံးသူမရှိခြင်းက သက်သေပြနေပါတယ် ဘာလို့ဒီလိုဖြစ်ရတာလဲ ကိုဗစ်ဖြစ်လို့ လူတွေ mask တပ်တယ် လက်ဆေးတယ် အိမ်မှာနေတယ် ခပ်ခွာခွာနေတယ် ဒါတွေကြောင့်ပါ

ဒါတွေလိုက်နာရတာခက်လို့လား နိုးပါ ဒါဆိုဘာလို့မလုပ်နိုင်ရမှာလဲ ဟုတ်တယ်နော်

စိတ်ထဲက ကြောက်လိုက်တာ သိပ်ကြောက်တာပဲ နေစရာတောင်မရှိဘူး အိမ်နားကတော့ ဘယ်သူ့ကို ခေါ်သွားပြီတဲ့ စသဖြင့် ပြောနေမဲ့အစား မိမိတို့လုပ်ဆောင်ရန် ရှိသည်များကို တာဝန်ကျေကျေ လုပ်ဆောင်ရန်သာ လိုအပ်ပါတယ် အော် နောက်ပြီးမေတ္တာစိတ်လေးလဲ မွေးကြပါနော် ကမ္ဘာကြီးနာဖျားနေတာ မေတ္တာနဲ့ပဲ ကုကြစို့လေ ဘာလို့ဒေါသထွက် ဆဲဆိုနေမှာလဲ ပင်ပန်းပါတယ် ကိုယ့်စိတ်ခွန်အားတွေကို အလဟသ မဖြုန်းတီးလိုက်ပါနဲ့

ကဲ လာပါ တစ်ယောက်ချင်းစီက ခွန်အားတွေ သတ္တိတွေ လက်ဆင့်ကမ်းပြီး အတူတူရင်ဆိုင်ကြတာပေါ့

လူသားနဲ့ ဗိုင်းရပ်စ်စစ်ပွဲမှာ ဘာလို့နိုင်အောင် မတိုက်နိုင်ရမှာလဲ

Come on…

Stay Safe & pool our efforts


Spread the love
  •  
  •  
  •  
  •  
  •  
  •