ကိုဗစ် ပေါ့စတစ်လူနာ နဲ့ ထိတွေ့မှုအဆင့်တွေကို ဘယ်လို သတ်မှတ်သလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ် ပေါ့စတစ် လူနာ နဲ့ ထိတွေ့မှုအဆင့်တွေကို ဘယ်လို သတ်မှတ်သလဲ

ပေါ့စတစ် လူနာ (Positive Patient) တွေ့ပြီဆိုရင် အမြန်ဆုံး ဆေးရုံကို ပို့ရပါတယ်။ ဒါပေမယ့် ကြုံတဲ့ကားနဲ့တော့ ပို့လို့မရပါဘူး။ အထူးပြင်ဆင်ထားတဲ့ ဆေးရုံကားနဲ့ ပို့ဆောင်ပေးရပါမယ်။ ယာဉ်မောင်းကို မကူးဖို့ လိုပါတယ်။ ပို့ရမယ့် ဆေးရုံကိုလည်း အတိအကျ သတ်မှတ်ထားတာမို့လို့ မှားပို့လို့လည်း မရပါဘူး။ ရောဂါပိုးကူးစက်ခံရသူ လူနာလို့ သတ်မှတ်ပါတယ်။

ပေါ့စတစ်ဖြစ်သူနဲ့ တစ်အိမ်တည်းအတူနေသူတွေ၊ အတူနေမိသားစုဝင်တွေ၊ အချိန်အကြာကြီး အနီးကပ်နေခဲ့သူတွေ၊ အချိန်ကာလတစ်ခု (၁၅ မိနစ်အထက်) လေလုံခန်းမှာ အနီးကပ်နေခဲ့ စကားပြောခဲ့သူတွေ၊ နီးကပ်စွာ အလုပ်လုပ်ခဲ့သူတွေ၊ မျက်နှာဖုံးတွေလက်အိတ်တွေ မဝတ်ဆင်ဘဲ အချိန်တစ်ခု အတူရှိခဲ့သူတွေ၊ အချိန်ကြာကြာ ယာဉ်အတူစီးခဲ့သူတွေ၊ စတဲ့သူတွေကိုတော့ ပရိုင်မယ်ရီကွန်တက် (Primary Contact) ပထမအဆင့်ထိတွေ့သူလို့ သတ်မှတ်ပါတယ်။ သူတို့ကို သတ်မှတ်ဆေးရုံကားတွေနဲ့ ကွာရန်တင်းစင်တာ (Quarantine Centre) ကို ပို့ရပါတယ်။ ၁၄ ရက်နေရပါမယ်။ ပြီးရင် ပိုးကူးစက်ခံရမှု ရှိ၊ မရှိ နှစ်ကြိမ် စစ်ဆေးခံရပါမယ်။ နှစ်ကြိမ်စလုံး နက်ဂတစ်(Negative) ဆိုရင် အိမ်ပြန်ခွင့်ပေးပါတယ်။ သူတို့ကို သံသယလူနာလို့ ခေါ်ပါတယ်။

 

ပိုးတွေ့သူနဲ့ ထိစပ်မှုရှိလို့ ကွာရန်တင်းစင်တာမှာ နေထိုင်နေရတဲ့ ပရိုင်မယ်ရီကွန်တက်၊ သံသယလူနာနဲ့ ထိတွေ့မှု ရှိခဲ့သူတွေကို စကန်ဒယ်ရီ ကွန်တက်(SecondaryContact) လို့ သတ်မှတ်ပါတယ်။

သူတို့ကို အိမ်မှာပဲနေပြီး အပြင်မထွက်ဖို့ စီစဉ်ရပါတယ်။ ဟုမ်းကွာရန်တင်း (Home Quarantine) ဖြစ်ပါတယ်။ အိမ်မှာ အတူနေမိသားစုကိုလည်း အိမ်ပြင်မထွက် ခိုင်းပါဘူး။ ပရိုင်မယ်ရီကွန်တက်၊ သံသယလူနာမှာ ပိုးမရှိဘူးဆိုမှသာ သူတို့အားလုံး အိမ်ပြင်ပြန်ထွက်ခွင့် ပေးပါတယ်။

ရောဂါပိုးကူးစက်ခံရသူ၊ ပထမအဆင့်ထိတွေ့သူ၊ ဒုတိယအဆင့်ထိတွေ့သူတွေကို ကုသရေး ကယ်ဆယ်ရေးတွေ လုပ်ပေးပါတယ်။

ဒုတိယအဆင့်လူတွေနဲ့ ထိတွေ့ခဲ့တဲ့ တတိယအဆင့်လူတွေ တာရှိအာရီ ကွန်တက် (tertiary contact) ကိုတော့ ချက်ချင်း အရေးယူမှု မလုပ်ပါဘူး။ သတိပေးမှုပဲ လုပ်ပါတယ်။

ဒါပေမယ့် ကူးစက်လူနာကို ပထမအဆင့်ထိတွေ့ခဲ့တဲ့ သံသယလူနာက ပေါ့စတစ်ဖြစ်သွားပြီဆိုရင်တော့ အားလုံးကို တဆင့်တိုးပြီး ဆောင်ရွက်ရပါမယ်။

ဒုတိယတွေက ပထမဖြစ်လာမယ်။ ကွာရန်တင်းစင်တာမှာ နေရမယ်။ အိမ်မှာ ဆက်နေလို့မရတော့ဘူး။ အသိပေးရုံပေးထားတဲ့ တတိယတွေက ဒုတိယဖြစ်သွားမယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရတော့ဘူး။ သူတို့နဲ့ ထိတွေ့ထားသူတွေက တတိယဖြစ်ပြီး သတိပေးခံရပါမယ်။

မက်စ်တပ်ပါ။

လက်ဆေးပါ။

လူထူထူကိုရှောင်ပါ။

လူချင်းအနီးကပ် ထိတွေ့မှုကို ရှောင်ပါ။

Credit – Ye Min Oo


Spread the love
  •  
  •  
  •  
  •  
  •  
  •