ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု ပြိုင်ပွဲကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု ပြိုင်ပွဲကြီး
*******************************

 

ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် စီးပွားရေး အရ ထိခိုက်လာရမှုများမှာ တဖြေးဖြေး ရုပ်လုံး ပေါ်လာနေပြီ ဖြစ်သည်။ ဇူလိုင် ၃၀ ရက်နေ့တွင် စာရင်းဇယား သုတေသီများ ထုတ်ပြန်ချက်အရ အမေရိကန် စီးပွားရေးသည် ဒုတိယ လေးလပတ်တွင် ယမန်နှစ် နှင့် နှိုင်းစာလျှင် ၉.၅% လျော့နည်းသွားခဲ့သည်ဟု သိရသည်။ ယူရိုဇုံ နိုင်ငံများက အမေရိကန်ထက် ပို၍ ကျဆင်းခဲ့ပြီး၊ ၎င်းတို့နှင့် ယှဉ်လျှင် ဗိုင်းရပ်စ် ကို ပို၍ ကာကွယ်နိုင်စွမ်းရှိခဲ့သည့် တောင်ကိုရီယားတွင်ပင် စီးပွားရေး တုန့်နှေးမှု နက်ရှိုင်းလာနေခြင်းမှ ရှောင်လွှဲ၍ မရ ခဲ့ပေ။

ထိုသို့သော အခြေအနေဆိုးများကို ကာကွယ်ဆေးနှင့် သာ ကုစားနိုင်ပေတော့မည်။ ထိုအရေးအတွက် သိပ္ပံပညာရှင်များနှင့် ဆေးဝါးကုမ္ပဏီများက အားသွန်ခွန်စိုက် လုံးပမ်းနေကြပြီ ဖြစ်ရာ ယခုလက်ရှိတွင် ကမ္ဘာတဝှမ်း ထုတ်လုပ်ပြီးသော ကာကွယ်ဆေး ပေါင်း ၁၅၀ ကျော် ရှိနေပြီး ဖြစ်သည်။ ထိုအထဲတွင် အကြီးအကျယ် စမ်းသပ်နိုင်သည့် အဆင့် ရောက်လာပြီး အားလုံးထက် ခေါင်းပြူထွက်လာရသည်က ၆ ခု သာ ရှိသည်။ အသဲရောင် အသားဝါ ဘီ ပိုး အတွက် ကာကွယ်ဆေး ကို ထုတ်လုပ်နိုင်ရန် ဆယ်စုနှစ်ချီ ကြာခဲ့သော်လည်း ကိုဗစ်-၁၉ အတွက်မူ လ အနည်းငယ်နှင့် ထွက်ပေါ်နိုင်အောင် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။

သို့သော် မဖြစ်မနေ ရင်ဆိုင်ရမည့် မေးခွန်း ကြီး နှစ်ခု ထွက်ပေါ်လာသည်။ ဤသည်ကား ကာကွယ်ဆေး အတွက် ငွေကြေး မည်မျှ သုံးစွဲမည်နည်း နှင့် ထွက်ပေါ်လာသော ဆေးကို မည်သို့ မည်ပုံ မျှတစွာ ဖြန့်ဖြူးပေးနိုင်မည်နည်း ဆိုသည်တို့ပင် ဖြစ်သည်။

လက်ရှိတွင် အစိုးရများက ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံ ခန့် သုံးစွဲခဲ့ကြပြီး ဖြစ်သည့်အပြင် ဆေးတခါထိုး စာ ပမာဏ ၄ ဘီလီယံ ခန့် ဝယ်ယူနိုင်ရန်လည်း ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ ကာကွယ်ဆေးသည် သီအိုရီအရ နှစ်ခါထိုးရန် လိုအပ်နေသဖြင့် လက်ရှိ ထုတ်လုပ်ရန် ရည်ရွယ်ထားသော ပမာဏသည် ကမ္ဘာပေါ်ရှိ ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းတွင် အန္တရာယ် ကျရောက်နေသည့် လူများကိုသာ ထိုးပေးနိုင်မည့် ပမာဏ ဖြစ်နေသည်။ ထိရောက်မှု ရှိမရှိကလည်း မသေချာသဖြင့် အစိုးရများ အနေဖြင့် အလုံးအရင်းနှင့် ဝယ်ယူဖို့ လက်တွန့်နေပြန်သည်။ သို့သော် နောက်ဆုံး စမ်းသပ်သည့် အဆင့် ရောက်ရှိလာသည့် ဆေးဝါးများက ၈၀% အောင်မြင်ဖို့ ရှိနေသည်။ အချို့ကလည်း နည်းပညာ အသစ်အဆန်းများ သုံး၍ ထုတ်လုပ်နေခြင်း ဖြစ်၍ အောင်မြင်ရန် ရာနှုန်းပြည့် ပြော၍ မရခြင်းပင် ဖြစ်သည်။ ထို့အတွက် ချမ်းသာသော နိုင်ငံများက ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးပမ်းနေမှု မှန်သမျှ ကို ပံ့ပိုးပေးလာနေခြင်းလည်း ဖြစ်သည်။ ရက်အနည်းငယ် တိုင်း ကုမ္ပဏီများနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပေးနေကြသည်။

ဤသို့ အမေရိကား နှင့် ဥရောပ တို့က ကာကွယ်ဆေး အလုံအလောက်ရရန် သူ့ထက်ငါ ကြိုးပမ်းလာနေသဖြင့် ကျန် နိုင်ငံများအတွက် လိုအပ်သလောက် အလုံအလောက် မရမည့် အခြေအနေ ဖြစ်လာနေသည်။ ဂျပန်သည် လူတဦးလျှင် တကြိမ် ထိုးပေးနိုင်ရန် လုံလောက်သည့် ပမာဏကို ဝယ်ယူရန် စီစဉ်ထားပြီး ဖြစ်သည်။ ကျန်သည့် စီးပွားဖွံ့ဖြိုးစ ဈေးကွက်နိုင်ငံများအနေဖြင့် ပျှမ်းမျှ အားဖြင့် ၎င်းတို့ နိုင်ငံသားများ စုစုပေါင်း၏ သုံးပုံတပုံခန့် အတွက်သာ ဝယ်ယူနိုင်စွမ်း ရှိပေမည်။

ဆေးကုမ္ပဏီများ အဖို့လည်း ၎င်းတို့၏ လက်ရှိ အတိုင်းအတာ နှင့် မည်မျှ အထိ ထုတ်လုပ်သွားနိုင်မည် ဆိုသည်ကလည်း ပြဿနာ ဖြစ်လာနေသည်။ ၎င်းတို့ အဖို့က မည်သည့်နည်းနှင့်မျှ တကမ္ဘာလုံး အတွက် လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ လက်ရှိစက်ရုံများကို ပြန်လည် မွမ်းမံ ရမည့် အပြင် အသစ်များလည်း ထပ်မံဆောက်လုပ်ရဦးမည် ဖြစ်၍ အားလုံး အပြည့်အဝ လည်ပတ်နိုင်ရန် သုံးနှစ်ခန့် အချိန်ယူကြရမည် ဖြစ်သည်။ စက်ရုံတရုံအတွက် ကုန်ကျစရိတ်ကလည်း ဒေါ်လာ သန်းငါးရာ ခန့် ရှိနေပြန်သည်။

ပုံမှန်အားဖြင့် ဆိုလျှင် ကုမ္ပဏီများကလည်း အစိုးရမှ ကာကွယ်ဆေးနှင့် ပတ်သက်၍ အတည်ပြုချက် ရမှသာ စက်ရုံများ တည်ဆောက်လေ့ ရှိကြသည်။သို့သော် ယခုကား ပုံမှန်အချိန်ဟု ပြော၍ မရတော့၊ အချို့ ကုမ္ပဏီများ အနေဖြင့် စမ်းသပ်ကာလမှာပင် ကာကွယ်ဆေးများအား အလုံးအရင်းနှင့် စတင်ထုတ်လုပ်ရန် စိုင်းပြင်းလာနေကြပြီ ဖြစ်သည်။ ကုမ္ပဏီများ အဖို့က လက်ရှိ အမှာစာ ၄ ဘီလီယံ ရှိ ဆေးတခါထိုးစာကို ဖြည့်ဆည်းပေးနိုင်မည် ဆိုစေဦး မှာထားသည့် ဆေးများထဲမှ အချို့သည် စမ်းသပ်မှု မအောင်မြင်၍ သွန်ပြစ်ရသည့် အဆင့် ရောက်သွားနိုင်ပြန်သည်။ ထို့အပြင် ဖန်ပုလင်းများ နှင့် အပ်များ ထုတ်လုပ်နိုင်မှု တွင်လည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် ဆိုက ပြတ်လတ်မှုများ ရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆနေပြန်သည်။ လက်တွေ့ကျကျ ခန့်မှန်းရမည် ဆိုလျှင် နောက်နှစ်အကုန်ပိုင်းလောက်တွင် ၂ ဘီလျံခန့်သာ ရရှိလာနိုင်မည်ဟု ဆိုသည်။

သို့သော် အလွယ်တကူ တွေးမည်ဆိုလျှင်တော့ ထိရောက်သည့် ကာကွယ်ဆေး ထွက်ပေါ်လာလျှင် ကော်ရိုနာဗိုင်းရပ်စ်တိုက်ပွဲသည် တမျိုးတဖုံ ဖြစ်လာနိုင်သည်ဟု ယူဆ၍ ရနိုင်ပေသည်။ သို့သော် ၂၀၀၉-၁၀ ကာလများက H1N1 ကာကွယ်ဆေးကို ချမ်းသာသော နိုင်ငံများက လက်ဝါးကြီး အုပ်ခဲ့ကြသည်။ သူတို့အတွက် ပိုလျံလာသည့် အခါမှသာ ဆင်းရဲသော နိုင်ငံများကို လက်ဆင့်ကမ်းခဲ့ကြသည့် အစဉ်အလာက တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုအချိန်တွင် အဆိုပါ ရောဂါပိုးသည် တကမ္ဘာလုံး သို့ ပျံ့နှံသွားခဲ့ပြီး ဆုံးခန်းတိုင်သွားခဲ့ပြီ ဖြစ်သည်။

ကိုဗစ်-၁၉ စတင် ဖြစ်ပွားလာစ အချိန်တွင် ပင် အချို့သော အစိုးရများက သန့်စင်ဆေးရည်များ၊ ခန္တာကိုယ် ကာကွယ်ပေးသည့် အသုံးအဆောင်များ နှင့် သာမိုမီတာများ ကို စုဆောင်းသိုလှောင်ထားရန် စိတ်အားထက်သန်နေပြီး အချို့ဆိုက မိမိတို့ နယ်မြေများကို ဖြတ်သန်းလာသော အဆိုပါ ပစ္စည်းများ ကို သိမ်းယူခဲ့ကြသည်။

ထို့အတွက် ကုသိုလ်ဖြစ် အဖွဲ့အစည်းများ နှင့် အစိုးရ အချို့က အလားအလာ ရှိသော ကာကွယ်ဆေး အချို့အတွက် ရံပုံငွေ စုဆောင်း ထောက်ပံ့ပြီး ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပြီ ဖြစ်သည်။ ထိုအထဲတွင် GAVI အဖွဲ့ကြီးက အထင်ရှားဆုံး ဖြစ်သည်။

ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီးက ကာကွယ်ဆေး ပေါ်ပေါက်လာလျှင် မျှမျှတတ ဖြန့်ဝေနိုင်အောင် စည်းမျဉ်းစည်းကမ်းများ ချမှတ်လာခဲ့သည်။ အဆိုပါ စည်းမျဉ်းများအရ ပထမဆုံး ကာကွယ်ဆေး တကြိမ်ထိုးစာကို ကျန်းမာရေး ဝန်ထမ်းများအတွက် ဖြစ်ရမည်။ ထို့နောက် နိုင်ငံတခုစီ ရှိ လူဦးရေ ၂၀% အတွက် (အထူးသဖြင့် ကူးစက်ခံရက သေဆုံးနိုင်ဖွယ်ရှိသူများ) အတွက် လုံလောက်အောင် ဖြန့်ဝေပေးရမည်။ ကျန်ပမာဏကို ရောဂါ ဖြစ်ပွားမှု အများဆုံး ဖြစ်နေသည့် နိုင်ငံများကို ဖြန့်ဝေပေးရမည် ဟူ၍ ဖြစ်သည်။ သို့သော် နိုင်ငံများက လိုက်နာမည့် အရိပ်အယောင် ပြသမှုများ မတွေ့ရပေ။

အမေရိကား၊ တရုတ် နှင့် ရုရှား တို့သည်လည်း ၎င်းတို့၏ နိုင်ငံသားများ မလုံလောက် မချင်း အခြားနိုင်ငံများသို့ တင်ပို့ပေးမည်ဆိုသည့် မျှော်လင့်ချက်က အနည်းငယ်သာ ရှိသည်။ ထိုသို့ ဖြစ်လာက ကာကွယ်ဆေး ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများ တင်ပို့ပေးနေသည့် နိုင်ငံများက တဖန် ပြန်၍ ပိတ်ဆို့လာနိုင်ပြန်သည်။

မည်သို့ပင် ဖြစ်စေ ကမ္ဘာတဝှမ်း လူတိုင်း ကာကွယ်ဆေး ရရှိနိုင်ဖို့က တချိန်မဟုတ် တချိန် ဖြစ်လာမည်သာပင် ဖြစ်သည်။ ထိုသို့ အမြန်ဖြစ်လာရန် အစိုးရများ အနေဖြင့် ငွေကြေး ပိုမို သုံးစွဲကြရမည် ဖြစ်သည်။ နောက်တချက်က ကာကွယ်ဆေး ထုတ်လုပ်မှု နှင့် ထုတ်လုပ်မှု အပိုင်း တွင် ပို၍ လျှင်မြန်လာအောင် တက်သုတ်ရိုက် ကြရမည် ဖြစ်သည်။ အချို့သော သုတေသီများက တကမ္ဘာလုံး အတိုင်းအတာ ဖြင့် လုံလောက်အောင် ဆိုက ဒေါ်လာ ၁၀၀ ဘီလီယံ ခန့် ရင်းနှီးမြုပ်နှံမှု လိုအပ်သည်ဟု တွက်ချက်ပြခဲ့ကြသည်။ ထိုပမာဏသည် လက်ရှိ သုံးစွဲနေသည်ထက် ဆယ်ဆခန့် ပိုများနေသည်။ သို့သော် ကမ္ဘာတဝှမ်း စီးပွားရေး ပြန်လည် နာလံထူလာရန် သုံးစွဲခဲ့သည့် ဒေါ်လာ ၇ တြီလီယံ နှင့် နှိုင်းစာလျှင်တော့ ဘာမှ မဖြစ်လောက်သည့် ပမာဏသာ ဖြစ်ပေသည်။

Image credit – Cartoonist Shadi Ghanim for the National (UAE)

(၂၀၂၀ ဩဂုတ်လ ၈ ရက် နေ့ အီကော်နော်မစ် မဂ္ဂဇင်းပါ “Hard questions as scientists and governments seek covid-19 vaccines” ကို ပြန်ဆိုသည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •