ကိုဗစ်-၁၉ ပြင်ဆင်၊ ကုသ ဆောင်ရွက်ချက် ခြောက်လပြည့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကိုဗစ်-၁၉ ပြင်ဆင်၊ ကုသ ဆောင်ရွက်ချက် ခြောက်လပြည့် (မျိုးသာထက်)

 

ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး တရုတ်ပြည်မှာစဖြစ်တော့ အိမ်နီးချင်းမြန်မာနိုင်ငံက မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိထားဆောင်ရွက်ချက်တွေဟာ အထူးသက်ရောက်မှုရှိခဲ့တယ်။

ဇန်နဝါရီ ၄၊ ၂၀၂၀ လွတ်လပ်ရေးနေ့ကတည်းက ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါပိုးအတွက် စတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးကလည်းပြောတယ်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောတယ်။

အခုဆို ဒီကနေ့ ဇူလိုင် ၄၊ ၂၀၂၀ မှာ ကျန််းမာရေးဝန်ထမ်းတွေ ထိိထိရောက်ရောက် အလုပ်လုပ်ခဲ့ကြတာ ခြောက်လရှိပြီ။

ကျန်းမာရေးဝန်ကြီးဌာနအောက်က ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ မနားရသေးဘူး။ အခုထက်ထိ အားကြိုးမာန်တက်လုပ်နေကြရတုန်းပဲ။ တော်လိုက်ကြတာ၊ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။

မြန်မာကို အထင်သေးကြတယ်၊ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကလည်း ကမ္ဘာမှာဆိုအောက်ဆုံးက၊ ကိုဗစ်-၁၉ အသံကြားတော့ မြန်မာကိုစွန့်ခွာကြဖို့ နိုင်ငံခြားသံရုံးတွေက သူ့နိုင်ငံသားတွေက လှုံ့ဆော်လို့ ပြေးတဲ့သူတွေက ပြန်ပြေးကြတယ်။

ပြည်တွင်းက နိုင်ငံသားဆရာသမားတချို့ကလည်း အစိုးရကိုသရော်တော်တော်ပြောတယ်။ ဒီလိုလုပ်ပုံနဲ့တော့ သေကုန်ကြတော့မယ်၊ အလောင်းတွေပုံတော့မယ်။ ဘာဖြစ်မယ်ညာဖြစ်မယ်နဲ့ သူတို့ပြောတာရေးတာတွေဖတ်ရတာနဲ့တင် ကြက်သီးထစရာ။

တချို့ကလည်း ပိုးမတွေ့လို့တဲ့၊ နောက်တော့လည်း တွေ့တာနည်းလို့တဲ့။ မဖြစ်နိုင်ဘူး၊ လိမ်တာဖြစ်မယ်၊ တကယ့်အရေအတွက်က အများကြီးဖြစ်မှာလို့ ပြောကြပြန်တယ်။

ပြည်တွင်းရော ပြည်ပကပါ အထင်မကြီးတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေရဲ့ဘဝဟာ ပြီးခဲ့တဲ့ခြောက်လကို ပြန်ကြည့်လိုက်ရင် အတော်ဝမ်းနည်းစရာကောင်းတယ်။ ဒါပေမဲ့ မြန်မာတွေဟာ ကိုယ်လုပ်စရာရှိတာကို လုပ်ခဲ့ကြတယ်။

တကယ်တော့လည်း ဇန်နဝါရီ ၄၊ ၂၀၂၀ လွတ်လပ်ရေးနေ့ကတည်းက ကျန်းမာရေးဌာနက ပြုရန်ကိစ္စတွေကို စတင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုကြပေမယ့် ကျန်းမာရေးအသိမြင့်မားသူတွေနဲ့ ကိုယ့်ကျန်းမာကို အထူးဂရုစိုက်ကြသူတွေကလွဲလို့ မတ်လကုန်လောက်အထိကတော့ ပြည်သူတွေဟာ ဒီလိုပဲသာမန်နေကြတာပဲ။

မတ်လကုန်လောက်ကမှစပြီး အစိုးရကလည်း ဖိဖိစီးစီး ကြေညာချက်တွေထုတ်ပြန်လို့ ရပ်ကွက်တွင်း နားညီးလောက်အောင် ကြိုတင်ကာကွယ်ရေး အစီအမံတွေကို လုပ်ကြသလို ပြည်သူတွေကလည်း အထူးလိုက်နာကြတယ်။ စကားနားထောင်ကြတယ်ပေါ့။

မတ် ၂၃၊ ၂၀၂၀ ကစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တယ်၊ ပြည်တော်ပြန်ကနေ စတွေ့တယ်ဆိုတော့ အားလုံးကြောက်ကုန်ကြတယ်။ ဈေးပြေးဝယ်သူတွေနဲ့ ဈေးဆိုင်တွေစည်ကားကျပ်ညှပ်ကုန်တယ်။ နောက်တော့လည်း တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားတယ်။

အခုတော့ မြန်မာရဲ့ ကိုဗစ်-၁၉ ရောဂါပိုး ထိန်းသိမ်းကြပ်မတ် စောင့်ရှောက်မှုကို ကမ္ဘာကပါ ချီးကျူးလာကြပြီ။ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ယှဉ်လိုက်ရင် အရင်းအနှီး အရင်းအမြစ်နည်းနည်းနဲ့ အစိုးရ၊ ပြည်သူ၊ ကျန်းမာရေးဝန်ထမ်းတွေ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလိုကြီးကြီးမားမား အောင်မြင်တာပဲ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ကြီးမားမှု၊ ဖေ့စ်ဘုတ်အကောင့်ကနေ လူထုနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီး အခြေအနေမှန်တွေကို ရှင်းပြပြောပြတယ်၊ လုပ်ဆောင်ရမှာတွေကို တိုက်တွန်းခဲ့တယ်။

ပြည်သူတွေကလည်း လိုက်နာကြတယ်။ စေတနာရှင်တွေကလည်း ကူကြ၊ လှူကြတယ်။ လူငယ်တွေက ရှေ့ထွက်လာကြတယ်။ မြန်မာတွေရဲ့ညီညွတ်မှုဟာ အရေးပေါ်ချိန်ဆို သိသာလွန်းတယ်။ ညီတယ်လေ့၊ ညီတယ်ဟေ့ပဲ။

ကျန်းမာရေးဝန်ထမ်းတွေက အသက်ကိုတောင် ပဓာနမထားဘဲ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတွေကို ပြုစုကုသပေးကြတယ်။ ကိုယ့်မိသားစုတောင် အနားမကပ်နိုင်တော့ချိန် ကျန်းမာရေးဝန်ထမ်းတွေကျတော့ သူ့မိသားစုကိုပစ်ထားလို့ လူနာတွေကို ပြုစုကုသပေးခဲ့ကြတယ်။

ဒါတောင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့နဲ့ သံသယလူနာတချို့က နေရတာဘာဖြစ်လို့ စားရတာဘာဖြစ်လို့ ရေမလာလို့မီးမလာလို့နဲ့ ဝေဖန်ကြတုံ့ပြန်ကြတာတွေရှိခဲ့ကြတယ်။

ဒါတွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေခမျာ တတ်နိုင်သလောက် စေတနာ့ဝန်ထမ်းတွေ၊ အလှူရှင်တွေရဲ့ အကူအညီနဲ့အတူ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေ့စ်ဘုတ်ပေါ် ဒီကနေ့ပြော၊ နောက်တနေ့ကျ အလှူရှင်တွေက ပေါ်လာကြတယ်။ လိုအပ်တာတွေကို ဖြည့်ဆည်းလှူဒါန်းပေးကြတယ်။

ကျန်းမာရေးဝန်ထမ်းဆိုတာ မျိုးစုံပဲပေါ့။ ကျန်းမာရေးဝန်ကြီးကစလို့ စီမံခန့်ခွဲနေရတဲ့ပုဂ္ဂိုလ်တွေ၊ ကုသရေးလမ်းညွှန်မှုတွေကို ချပေးရတဲ့သူတွေ၊ ဆေးရုံအုပ်ကြီးတွေ၊ ပိုးစစ်ပေးရတဲ့သူတွေ၊ တကယ်ကုသပေးရတဲ့သူတွေ၊ ပြုစုပေးရတဲ့သူတွေ၊ နာလံထစကြည့်ပေးရတဲ့သူတွေ၊ ကွာရန်တင်းစင်တာမှာ စောင့်ကြည့်ပေးရတဲ့သူတွေ၊ ဖီဗာကလင်းနစ်တွေမှာ စစ်ဆေးကြည့်ရှုပေးရတဲ့သူတွေ၊ မျိုးစုံပါပဲ။

အဲဒီမှာ စေတနာ့ဝန်ထမ်းတွေလည်းပါတယ်။ ဆရာတော်တွေကတောင် သူတို့ရဲ့တရားရိပ်သာတွေ၊ ဘုန်းကြီးကျောင်းတွေကို ကွာရန်တင်းစင်တာအဖြစ် အသုံးပြုခွင့်ပေးခဲ့ကြတယ်။

အားလုံးက ခပ်အေးအေးမနေဘဲ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ကြလို့လည်း အခုလိုအောင်မြင်ခဲ့တာပဲ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ အဓိကပေါ့၊ သူတို့ရဲ့တာဝန်လည်းဖြစ်နေတာပဲ။ မြန်မာနိုင်ငံမှာတော့ တာဝန်ထက်ကိုပိုခဲ့ကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ တကယ်ကို ကိုယ်ဖိရင်ဖိ စေတနာ့အပြည့်နဲ့ အသက်ကိုတောင် ပဓာနမထားဘဲ သူတို့တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ အခုထက်ထိလည်း တာဝန်ထမ်းဆောင်းနေရတုန်းပဲ၊ မအားရသေးဘူး မနားရသေးဘူး။

ကိုဗစ်-၁၉ ရောဂါပိုးဟာ ဘယ်တော့မှပြီးမယ်ပျောက်မယ်လည်း ဘယ်သူမှသေချာ မခန့်မှန်းနိုင်ဘူး။

ဒီတော့ အခုလို ကိုဗစ်-၁၉ ရောဂါပိုးနဲ့ပတ်သက်ပြီး ပြင်ဆင်၊ ဆောင်ရွက်၊ ကုသ၊ စောင့်ရှောက်မှုပေးခဲ့ကြတဲ့ကာလတာ ခြောက်လတိတိပြည့်တဲ့ ဒီကနေ့ ဇူလိုင် ၄၊ ၂၀၂၀ မှာ အမှတ်တရအဖြစ် ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်လို့ မှတ်မှတ်ရရပြောချင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို အခုလိုအသိအမှတ်ပြုကျေးဇူးတင်သလို ပြည်သူတွေတဦးချင်းကလည်း အခုအချိန်မှာ မပေါ့ကြဘဲ တတ်နိုင်သလောက် အပြင်မထွက်ကြတာ၊ လူထူထဲ မသွားကြတာ၊ မဖြစ်သာလို့ ထွက်ကြရရင်လည်း နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေတာ၊ လက်ဆေးတာတွေကို လုပ်ဆောင်သင့်ပါတယ်။

ကိုယ့်ကျန်းမာရေး ကိုယ့်မိသားစုကျန်းမာရေး ကိုယ့်ဘေးပတ်ဝန်းကျင်ကျန်းမာရေးကနေ နိုင်ငံ့ကျန်းမာရေးအထိ မိမိတို့တနိုင်ကနေ နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းလိုက်ပါဆောင်ရွက်သင့်ကြပါတယ်။

ဒါကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူသာအဓိကလို့ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ဒီကနေ့ ဇူလိုင် ၄၊ ၂၀၂၀ မှာ မှတ်မှတ်ရရကျေးဇူးတင်ဂုဏ်ပြုပါတယ်။

ကျွန်တော်တို့ပြည်သူတဦးချင်းကလည်း အထက်ကပြောခဲ့တဲ့ ကျန်းမာရေးအသိ ကျန်းမာရေးသတိကို နှလုံးသွင်းဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်လည်း လိုက်နာပါ့မယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •