ကိုဗစ်-၁၉ ရောဂါ ကုသရန် စျေးချိုပြီး အလွယ်တကူ ရနိုင်သည့် ဆေးတွေ့ပြီ
လန်ဒန်၊ ဇွန် ၁၇
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါ ပြင်းထန်သူများကို ကုသရေးတွင် အထောက်အကူ ပြုနိုင်သည့် စျေးချိုပြီး အလွယ်တကူ ရရှိနိုင်သော ဆေးတစ်မျိုးဖြင့် ကုသနိုင်ပြီ ဖြစ်ကြောင်း ဗြိတိန် ကျွမ်းကျင်သူများက ထုတ်ဖော် ပြောဆိုလိုက်သည်။
အဆစ်ရောင် ရောဂါကို ကုသရာတွင် အသုံးပြုသော ဒက်ဆာမီသာဇုန်း (Dexamethasone) စတီးရွိုက် ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကုသရန်အတွက် အဓိက အောင်မြင်မှုတစ်ရပ် ဖြစ်ကြောင်း ဗြိတိန် ကျွမ်းကျင်သူများက ဆိုသည်။
အဆိုပါ ဆေးသည် ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အောင်မြင်မှု ရှိမရှိ သိနိုင်ရန် ကမ္ဘာ့ပေါ်တွင် ပြုလုပ်နေသည့် လက်ရှိ စမ်းသပ်ကုသမှု များထဲမှ အကြီးဆုံး စမ်းသပ်မှု ဖြစ်သည်။
ဒက်ဆာမီသာဇုန်း ဆေးဖြင့် ကုသရာတွင် အသက်ရှူစက် တပ်ဆင်ထားရသော လူနာများတွင် သေဆုံးမှုကို သုံးပုံတစ်ပုံ လျှော့ချနိုင်ပြီး အောက်စီဂျင် ပေးထားရသူ လူနာများ၏ သေဆုံးမှုကို ငါးပုံတစ်ပုံ လျှော့ချ ပေးနိုင်ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ကပ်ရေးဂါ စတင် ဖြစ်ပွားစဉ်ကတည်းက အဆိုပါ ဆေးကို အသုံးပြုခဲ့လျှင် လူပေါင်း ငါးထောင်၏ အသက်များကို ကယ်တင် နိုင်လိမ့်မည်ဟု သုတေသီများက ပြောသည်။
ထို့ပြင် ကိုဗစ်-၁၉ လူနာဦးရေ မြင့်မားသော ဆင်းရဲသည့် နိုင်ငံများအတွက် ယင်းဆေးက အကြီးအကျယ် အကျိုး ဖြစ်ထွန်းစေမည်ဟု ၎င်းတို့က ပြောသည်။
ဗြိတိန်အစိုးရ အနေဖြင့် လူနာ နှစ်သိန်းကျော်ကို ကုသမှုပေးရန် Dexamethasone ကို သိုလှောင်ထားပြီး ရောဂါ ပြင်းထန်သည့် လူနာများတွင် ကုသမှုများ ပြုသွားမည် ဖြစ်ကြောင်း ဗြိတိန် အမျိုးသားကျန်းမာရေး ဌာနက ပြောသည်။
Photo: Getty Images
#Peacock