“ကိုမင်းကိုနိုင်(သို့)ဒီမိုကရေစီသူရဲကောင်း”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကိုမင်းကိုနိုင်(သို့)ဒီမိုကရေစီသူရဲကောင်း”
————————————

၈၈အရေးတော်ပုံကာလ နီးကပ်လာချိန် အခုတလောမှာဗျာ။
ဒီမိုကရေစီ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို ခလုတ်တိုက်နေတာလေးတွေ၊သူနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးလေးတွေ တွေ့နေမြင်နေရတယ်။ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်အမြင်ကတော့ မဟော်သဓါဇာတ်တော်ထဲက မြင်းကောင်းတစ်စီးနဲ့ သူဌေးကောင်းတစ်ယောက် ဆိုတဲ့အကြောင်းအရာတစ်ခုကို သတိရမိသွားတယ်။
အကြောင်းက ဒီလိုဗျ။ဝိဒေဟရာဇ် မင်းကြီးက မဟော်သဓာကို နန်းတော်ကို အခစားဝင်စေလိုတော့ မြင်းကောင်းတစ်စီးနဲ့ သူဌေးတစ်ယောက် ငါ့ထံ ပို့ဆက်စေရမယ်လို့ စေခိုင်းတာကစတာပဲ။ဘုရင်ကြီးရဲ့ ဆိုလိုရင်းက မြင်းကောင်းဆိုတာက မဟော်သဓာ၊သူဌေးကောင်းဆိုတာက မဟော်သဓာရဲ့ ဖခင်ပေါ့။ဆိုလိုရင်းကို သဘောပေါက်မယ်ထင်ပါတယ်။ဒီတော့ မဟော်သဓာကလည်း အခစားဝင်တယ်။ဝင်တဲ့ အခါ သူ့ဖခင်ထိုင်တဲ့ နေရာကို ဝင်ထိုင်လိုက်တယ်။ဖခင်က ဖယ်ပေးလိုက်တယ်။ဒီမြင်ကွင်းကို ဘေးက အမတ်ကြီးတွေက ဟားကြတယ်။လှောင်ပြောင်ကြတယ်။မသိတတ်ဘူး စသဖြင့်ပေါ့ဗျာ။မဟော်သဓာ ပြန်ပေးတဲ့ ဥပမာလေးက။
“အရှင်မင်းကြီး၊ နေရာတိုင်းတွင် သားထက် အဖမြတ်သည်ဟု ထင်မှတ်ပါသလော”
“သုခမိန်၊ နေရာတိုင်းမှာပင် သားထက်အဖက မြတ်ပေသည်”
ထိုအခါ မဟောသဓာသည် လုလင်ပျိုတို့အား မြည်းကို ဆောင်ယူလာစေပြီး မင်းကြီးရှေ့တော်မှောက်တွင် ထားစေ၍ ဆက်လက် လျှောက်ထား၏။
“အရှင်မင်းကြီး၊ ဤမြည်းသည် အဖိုး မည်မျှ ထိုက်ပါသနည်း”
“သုခမိန်၊ မြည်းကောင်းဖြစ်လျှင် အလွန်ဆုံး ၈-ကျပ်မျှ အဖိုးထိုက်၏”
“အရှင်မင်းကြီး၊ ဤမြည်းထီးနှင့် အာဇာနည်မြင်းမတို့ ပေါင်းဖော်၍ရသော အဿတိုရ်မြင်းကောင်းသည် အဘယ်မျှ အဖိုးထိုက်ပါသနည်း”
“သုခမိန်၊ အဿတိုရ် မြင်းကောင်းသည် တန်ဖိုးမဖြတ်နိုင်ပါ”
“အရှင်မင်းကြီး၊ ဤသို့ဆိုလျှင် နေရာတိုင်းမှာ အဖကသားထက် မြတ်၏ ဆိုခြင်းမှာ မှန်ကန်ပါ၏လော။ စင်စစ်မှာ အခြေအနေကို လိုက်၍ ထိုက်ရာသာ အမြတ်အယုတ်ကို ယူရပါမည်။ အရှင်မင်းကြီး၏ သုခမိန်ကျော်လေးယောက်တို့ ဤမျှလောက်ကိုပင် မသိရှိကြပါတကား။ အရှင်မင်းကြီး၊ ထိုသို့ မြည်းကို ပုံပြု၍ အကျွန်ုပ်တင်လျှောက်သည်ကို လက်မခံလိုပါက ကျွန်ုပ်တို့ သားအဖတွင် အဖမြတ်လျှင် အဖကို ကောက်ယူတော်မူပါ။ အကျွန်ုပ်မြတ်လျှင် အကျွန်ုပ်ကို ကောက်ယူတော်မူပါ”လို့ ဆိုလိုက်ပါတော့တယ်။
အဲ့တော့ ကိုမင်းကိုနိုင်ကိစ္စက အဿတိုရ်မြင်းကောင်းလိုပါပဲ။ဘယ်သူကပဲ ပံ့ပိုးကူညီမွေးဖိုးပေးခဲ့ပါစေ။ကိုမင်းကိုနိုင်ရဲ့ လက်ရှိ ဖြစ်တည်မှုက သာ အရေးကြီးပါတယ်။သူဟာ ၈၈ကစလို့ ယနေ့အထိ ဒီမိုကရေစီခရီးကြမ်းကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းခဲ့သူ၊လျှောက်လှမ်းနေသူ။တနည်းဆိုရရင် ဒီမိုကရေစီရဲ့ သူရဲကောင်းတစ်ဦး၊စံပြပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတယ်။ဘယ်သူတွေက ဘယ်လိုပဲ ဆိုစေကာမူ။ကိုမင်းကိုနိုင်ရဲ့ တန်ဖိုး၊ခံယူချက်တွေဟာ ယုတ်လျှော့သွားဖို့ရာ မရှိတော့ပါဘူး။၈၈ သမိုင်းနဲ့ အတူ ကိုမင်းကိုနိုင်ရဲ့ သမိုင်းဟာလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးလို့ ဆိုလိုက်ပါရစေ။

ကိုးကား။ ။myanmarinformation


Spread the love
  •  
  •  
  •  
  •  
  •  
  •