ကျနော် နဲ့ ကျော်ဟိန်း (စိုင်းအောင်ဝင်း)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Me And Kyaw Hein
ကျနော် နဲ့ ကျော်ဟိန်း

 

ဦးဇင်းကြီး ဦးကိတ္တိသာရ ( မင်းသားကြီးကျော်ဟိန်း) ဇူလိုင် ၁၁ ရက်က သြစတြေးလျနိုင်ငံ ၊
ကင်ဘာရာမြို့မှာပျံလွန်တော်မူတယ် ။
သက်တော် ၇၃ နှစ်တင်းတင်းပြည့်ဖို့ သုံးရက်ပဲ
လိုတယ် တဲ့ ။

ရဟန်း ဝါကတော့ ၁၂ ဝါ ၊ ၁၃ ဝါလောက်ရပြီ
ထင်တာပဲ ။

၁၉၇၀ ပြည့်နှစ်မှာ ကျနော် ကျူရှင်လောကထဲ
ရောက်တယ် ။

ကျော်ဟိန်း လဲ ၁၉၇၀ ပြည့်နှစ် မှာပဲ ရုပ်ရှင်
မင်းသားဖြစ်တယ် ။ မင်းသမီးစန္ဒာနဲ့တွဲပြီး
ဖူးစာလမ်းဆုံ ဆိုတဲ့ကားမှာပေါ့ ။

နောက် သူစန္ဒာနဲ့ညားတယ် ။ နောက်ကွဲတယ် ။
ဒါပေမဲ့ စန္ဒာဟာ သူ့ကျေးဇူးရှင်ပါလို့ အခွင့်အခါ
ကြုံတိုင်း ထဲ့ပြောတတ်တယ် ။ ဒီ့အတွက် ကျနော်
သူ့ကိုအတော် ဘဝင်ကျတယ် ။ လူကောင်းပဲ ၊
ကျေးဇူးသိတတ်သူပဲ လို့သတ်မှတ်ခဲ့တယ် ။

သူရုပ်ရှင်မင်းသားစဖြစ်တော့ ကျနော် လုံးဝမကြိုက်
ပါဘူး ။ ပိန်ညောင်ညောင် ၊ လမ်းသရဲ ၊ ကုလားဒိန်
ရုပ်နဲ့ ။ စကားပြောသံက ညောင်နာနာ ပေါ့ပျက်
ပျက် ။ အမူအရာက မထီတရီနဲ့ ။

ဒါကြောင့် သူ့ကားတွေ ကျနော် မကြည့်ဖူးသလောက်ပဲ ။

ကျနော်တို့က ဇေယျ ၊ ဖိုးပါကြီး ၊ ကျော်ဆွေ ၊
ထွန်းဝေ ၊ မောင်မောင်တာ ၊ ကောလိပ်ဂျင်နေဝင်း ၊
ဝင်းဦး ၊ မြတ်လေး တို့လောက်မှမင်းသားထင်တာ
ကိုး ။

နောက်ပိုင်း ကျော်ဟိန်း အသက်ရလာတော့ သူ့
ရုပ်ရည်ပြောင်းလဲလာတယ် ။ ဥပဓိကောင်းလာ
တယ် ။ သူ့ကားတွေကိုလဲ TV ကနေ ဟိုကား
နည်းနည်း ၊ ဒီကားနည်းနည်းကြည့်ဖူးလာတယ် ။
အစအဆုံးကြည့်ဖြစ်တဲ့ကားမရှိသလောက်ပဲ ။
အဲတခုတော့ရှိတယ် ။ သူ့ရဲ့ စစ်ကားတွေကိုတော့
ပေါ်လစီကားဆိုပြီး တကားမှကိုမကြည့်ဖူးတာ ။

သူကတော့ နာမည် ဟုန်းဟုန်းတောက်နေပြီ ။

သူ့ပရိသတ်များကိုတော့အားနာပါရဲ့ ။ သူ့အပေါ်
ကျနော့်ရဲ့ အကဲဖြတ်ချက်က ကြီးကြီးမားမား
ပြောင်းလဲမသွားပါဘူး ။

ဥပဓိရုပ်က ငယ်တုန်းကထက် ခံ့ညားလာတယ် ။
အမူအရာက တော့ကောင်းတယ်ဆိုရုံပဲ ။ လက်ဖျား
ခါရလောက်အောင်မရှိပါဘူး ။ လူတွေအရမ်းကြိုက်
တဲ့သူ့စကားတွေ….. ဥပမာ….

** လူသားအားလုံးကိုလေးစားပါတယ် ။

** လက်ညိုးကွေးတတ်ဖို့ ဆယ်နှစ်… ဆယ်နှစ် ။

ဆိုတာတွေလဲ ကျနော် ရင်ထဲခိုက်သွားအောင်
မကြိုက်မိဘူး ။

တချို့တချို့သော သူ့သရုပ်ဆောင်ချက်တွေကို
သဘာဝမကျဘူး ၊ overacting လို့ကျနော်ထင်
တယ် ။

အဲ… တနေ့မှာ… သူအသက် ၅၀ ကျော်ကျော်
လောက်မှာ…. အသက် ၆၀ ပြည့်ရင် ရဟန်း
ဘောင်ဝင်မယ် လို့ သူကြေညာလိုက်တယ် ။

….. အလကားပါ ။ စတန့်ထွင်နေတာ ။ ရဟန်း
ဘောင်ဝင်မဲ့သူက ဘာ အာချောင်စရာရှိလဲ ။
သူဝင်ချင်တဲ့အချိန်သူ့ဘာသာသူအေးအေး
ဆေးဆေးဝင်သွားမှာပေါ့ ။အုတ်အော်သောင်း
တင်း ဖြစ်အောင်လုပ်ဖို့လိုလို့လား….

လို့ကျနော်စိတ်ထဲမှာမှတ်ချက်ချမိတယ် ။

တကယ်ပါပဲဗျာ… အသက် ၆၀ ပြည့်တာနဲ့ သူ့ရဲ့
အောင်မြင်မှု တွေအားလုံးကို စွန့်ပယ်ပြီး ရဟန်း
ဝတ်သွားပါတယ် ။

….. အင်း… စကားတော့တည်သဟ… ။ စကားမ
တည်ရင် ရှက်စရာဖြစ်မှာမို့လားမသိဘူး ။
ပြီးမှ ဟိုလိုဖြစ်လို့ ၊ ဒီလိုဖြစ်လို့ ဆိုပြီး လူဝတ်
ပြန်လဲနိုင်တာပဲလေ….

လို့ ကျနော်တွေးနေမိပြန်တယ် ။

ဦးကျော်ဟိန်း ရဟန်း ဘဝမှာ တဝါပြီးတဝါ ရလာ
တယ် ။ ကျနော်ကတော့ ကြာကြာတခါ သူ့သတင်း
တွေကြားပါတယ် ။ ဘာဆက်စပ်မှုမှမရှိတော့ သူ့
အကြောင်း လဲစဉ်းစားမိတယ်လို့မရှိပါဘူး ။

ဇူလိုင် ၁၁ ရက်နေ့ကဖုန်းပွတ်နေရင်း ဦးကိတ္တိသာရ
ပုံပေါ်လာပြီး RIP လို့ရေးထားတာတွေ့တော့ အလန့်တကြားဖြစ်သွားပြီး ၊ ဇနီးသည်ကို ကျော်ဟိန်းဆုံး
ပြီဖြစ်ကြောင်း အော်ဟစ်ပြောပြလိုက်မိတယ်ဗျာ ။

….. ကြည့်စမ်း… စကားတခွန်းပြောပြီး တကယ်
တည်တဲ့ယောက်ျား ။ အာကရံပါကရံလူစား ၊
အောက်တန်းစား ပါမွှားမဟုတ် ။ ပြောသလို
လုပ် ၊ လုပ်သလိုပြောတဲ့ ၊ ကတိသစ္စာ ခိုင်ကျည်
တဲ့ အထက်တန်းစား အာဇာနည်ယောက်ျား…

လို့ ကျနော်ရင်ထဲမှာ ဝမ်းနည်းဂုဏ်ယူစွာရင့်ကျူး
နေမိတယ် ။

ဦးကျော်ဟိန်း ဟာ ကျနော့် ထက် ၅ နှစ်ကျော်ကျော်
ငယ်ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ ဒီလုပ်ရပ်တခုထဲနဲ့တင်
သူ့ကိုလေးစားမဆုံးဖြစ်မိတယ် ။

သြော်… နောက်ဆုံးတော့ ကျော်ဟိန်း က ကျော်ဟိန်း
ပါပဲ ။
Kyaw Hein is Kyaw Hein after all.

SAW
13 07 2020
4:24 pm

 

ဆရာဦးစိုင်းအောင်ဝင်း၏ ” ကျနော်နဲ့ကျော်ဟိန်း” ဆောင်းပါးကို ဆရာ့ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •