ကျန်းမာရေးဝန်ထမ်းများ အခမဲ့နေထိုင်စားသောက်နိုင်ရန် Jasmine Palace Hotel ကို လွှဲပြောင်းပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကမ္ဘောဇဘဏ်မှ ကျန်းမာရေးဝန်ထမ်းများ အခမဲ့နေထိုင်စားသောက်နိုင်ရန် Jasmine Palace Hotel ကို လွှဲပြောင်းပေးအပ်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ ဒီဇင်ဘာ (၂၂)

ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးတွင် ရှေ့တန်းမှ ဆောင်ရွက်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အခမဲ့ အနားယူ နေထိုင်စားသောက်နိုင်ရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Jasmine Palace Hotel ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ လွှဲပြောင်းအပ်နှံသည့်အခမ်းအနားတွင် ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ အခန်းပေါင်း (၂၀၀) ကျော် ပါဝင်သည့် ကြယ်လေးပွင့်အဆင့်ရှိ Jasmine Palace Hotel ကို ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ကမ္ဘောဇဘဏ်သည် အောက်တိုဘာ (၂၀) ရက်မှ စတင်၍ ဟိုတယ်တွင် ကျန်းမာရေးဝန်ထမ်းများ အနားယူနေထိုင်နိုင်ရန် နေ့စဉ် အခမဲ့ ကူညီပံ့ပိုးလှူဒါန်းလျက်ရှိသည်။

ကမ္ဘောဇဘဏ်၏ နေ့စဉ်အခမဲ့ကူညီလှူဒါန်းမှုတွင် Jasmine Palace Hotel ၌ ကျန်းမာရေးဝန်ထမ်းများ အနားယူနေထိုင်ခွင့်နှင့်အတူ နံနက်စာ၊ နေ့လယ်စာ၊ ညစာများကိုလည်း နိုင်ငံတကာမှ ကျွမ်းကျင်စားဖိုမှူးကြီးများက တည်ခင်း ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် အားလပ်ချိန်တွင် အနားယူနိုင်ရန်အတွက် ရေကူးကန်၊ အားကစားခန်းမ၊ ဘားကောင်တာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေး ထားပြီး တစ်ရက်နှစ်ကြိမ် အခမဲ့ Laundry ဝန်ဆောင်မှုကိုပါ ထည့်သွင်းပေး ထားသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ယခုလို တန်ဖိုးကြီးမားသည့် ဟိုတယ်ကြီးတွင် ကျန်းမာရေး ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နားနေနိုင်သည့် နေရာတစ်ခုစီစဉ်ပေးသည့်အတွက် လွန်စွာဝမ်းသာ ပီတိဖြစ်မိ ပါကြောင်း၊ ဆေးရုံများတွင် အလုပ်လုပ်နေကြရသည့် ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ယခုနေရာသို့ ရောက်ရှိလာသည့်အခါ ကောင်းမွန်သည့် ရပ်ဝန်းတွင် အားဖြည့်ပြီး အလုပ်များ ပြန်လည်လုပ်ကြရမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးသည့်အတွက် ကမ္ဘောဇ ဘဏ်မှ တာဝန်ရှိသူ များကို အထူးကျေးဇူးတင်ကြောင်း”ပြောကြားသည်။

“ဒီနေရာကို စီစဉ်ဆောင်ရွက်ပေးတဲ့ ကမ္ဘောဇဘဏ်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဒီလိုနေရာမှာ နေထိုင်ပြီး ဆေးရုံတွေသွားရတာ လုပ်ငန်းခွင်အတွက်ရော၊ မိသားစုဝင်များအတွက်ပါ အကျိုးရှိပါတယ်။ အိမ်ကနေတာဝန်ထမ်းဆောင်ရတဲ့အခါ မိသားစုတွေ အတွက် စိတ်ပူနေရတဲ့သူတွေကိုလည်း ဒီမှာသီးခြား နေခွင့်ရတော့ အဆင်ပြေပါတယ်”ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ လက်ထောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ကောင်းမြတ်တိုးက ပြောသည်။

ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများသည် ဖေဖော်ဝါရီ (၂၆ )ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် (၁၁ ဒသမ ၂) ဘီလီယံကျော် လှူဒါန်း ထားကြောင်း သိရသည်။

Ref; ကိုကျော် #The Mirror Daily
Photo Credit – Jasmine Palace Hotel


Spread the love
  •  
  •  
  •  
  •  
  •  
  •