“ကျပ်ပြည့်တဲ့ ဘုန်းကံရှင်များ” (ဓမ္မဘေရီ အရှင်ဝီရီယ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ကျပ်ပြည့်တဲ့ ဘုန်းကံရှင်များ”
(ဓမ္မဘေရီ အရှင်ဝီရီယ)

(ဒီနေ့ အမရပူရမြို့၊ တူမောင်းတိုက်အတွင်းမှာ-မန္တလေးတိုင်း”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊(မန္တလေးတိုင်းအစိုးရ)”က ကျင်းပပြုလုပ်တဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် (၇၅)နှစ်ပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်၊”ကုသလဗလဝါနုပ္ပဒါန=ကုသိုလ်ခွန်အားဖြည့်အလှူ”ပွဲမှာ တူမောင်းတိုက်၊ နာယကဆရာတော်၊
“ဓမ္မဘေရီ အရှင်ဝီရိယ”ဟောကြားတဲ့
စိတ်ခွန်အားဖြည့် ဗလဝါနုပ္ပဒါနကထာတရားပါ။)

မွေးနေ့လို့ဆိုလိုက်ရင် အလေးထားစဉ်းစားရမှာ
သုံးချက်ရှိပါတယ်၊
(၁) အတိတ်မိဘလို့ဆိုရမည့် သုဂတိလူ့ဘုံကို ပို့ဆောင်ပေးတဲ့’ကုသိုလ်ကံ’ရယ်၊
(၂) ဒီဘဝမှာမွေးဖွားစောင့်ရှောက်ပေးကြတဲ့မိဘနှစ်ပါးရယ်၊
(၃) ငါဟာလူအဖြစ်နဲ့မွေးလာခဲ့တယ်ဆိုတာရယ်ပေါ့။

မွေးနေ့အထိမ်းအမှတ်
ကုသိုလ်ပြုကြတယ်ဆိုတာ
အတိတ်မိဘဖြစ်တဲ့ ကုသိုလ်ကံကို
ထပ်ဖြည့်ပြီးကျေးဇူးဆပ်တဲ့သဘောပါပဲ၊”ကုသလဗလဝါနုပ္ပဒါန=ကုသိုလ်ခွန်အားဖြည့်အလှူ”လို့ဆိုရမှာပေါ့။

ဒီနေ့
အတိတ်မိဘလို့တင်စားဆိုရမယ့်
‘ကံ’အကြောင်း နဲနဲပြောချင်ပါတယ်။
ဒီနေ့ပြောချင်တာက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကုသိုလ်အနုမောဒနာအဖြစ်နဲ့ရော၊”မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”အတွက်ဩဝါဒပါတွဲပြောမှာဖြစ်လို့ပါ။

သုဂတိလူ့ဘုံလူ့ဘဝကိုရစေရောက်စေတဲ့
‘ကုသိုလ်ကံ’က ရိုးရိုးကုသိုလ်နဲ့ ပါရမီကုသိုလ်လို့နှစ်မျိုးရှိပါတယ်။

‘ကံ’က ကောင်းတာနဲ့မကောင်းတာ၊
(ကုသိုလ်နဲ့အကုသိုလ်)လို့နှစ်မျိုး ပြားပါတယ်။
ပါရမီဆိုတာကတော့-
မိမိအတွက်အကျိုးစီးပွားကိုရော၊
ခြေလက်အင်္ဂါ,ကိုယ်နဲ့အသက်ကိုပါ မငဲ့ကွက်ဘဲ
ကရုဏာပညာရှေ့ထားပြီး အများအတွက်
အကျိုးဆောင်တာမို့-ရည်ရွယ်ချက်အရမကောင်းဘူးရယ်လို့ မရှိပါဘူး။
(ပြုလုပ်ရာမှာတော့ကောင်းမှု၊မကောင်းမှုလို့ နှစ်မျိုးလုံးရှိနိုင်ပါတယ်၊ပါရမီဆိုတိုင်းကုသိုလ်တွေချည်းလို့ မထင်ပါနဲ့။)

အများအကျိုးကိုဆောင်ရတဲ့အခါ
အမြဲတိုင်းကုသိုလ်ချည်းလုပ်ရတာ
မဟုတ်ပါဘူး၊
အကုသိုလ်လဲပါတတ်ပါတယ်။
ကိုယ့်အမျိုးအနွယ်ရဲ့အသက်ကိုကယ်ဖို့
ရန်သူကိုဝိုင်းဝန်းခုခံတိုက်ခိုက်ရတဲ့အခါ
သူ့အသက်ကိုသတ်ရတဲ့အထိ ကြုံရတဲ့ဇာတ်တော်တွေလိုမျိုးပေါ့။
ဒီလိုအခြေအနေမျိုးကြုံတဲ့အခါ
‘ကံ’နဲ့’ပါရမီ’က ဆန့်ကျင်သလိုကြီး
ဖြစ်သွားပါတယ်။

အကျိုးပေးခြင်းကလဲဖြောင့်ဖြောင့်
ဆန့်ကျင်သွားပါတယ်။
‘ကံ’ရဲ့အကျိုးက’ဘုံဘဝ’ကိုအဆုံးအဖြတ်ပေးပါတယ်။
ပါရမီရဲ့အကျိုးက ‘ဘဝရဲ့အဆင့်အတန်း’ကို
အဆုံးအဖြတ်ပေးပါတယ်။

အလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလမှာ
မကင်းတဲ့ အကုသိုလ်ကံများကြောင့်”တိရစ္ဆာန်”ဆိုတဲ့အပါယ်ဘုံဘဝမှာ
ဖြစ်ရတာတွေ ဇာတ်တော်ထဲမှာ
အများကြီးရှိပါတယ်၊
ဒါက’ကံ’ရဲ့အကျိုးပေးပါ။
ဒါပေမယ့် ဖြစ်လေရာဘဝမှာ
အဆင့်အတန်းအရကြည့်ရင်တော့-
အငယ်ဆုံး’ငုံး’ဖြစ်တာတောင်’ငုံးမင်း’လို့
ဖြစ်ရပါတယ်။
တိရစ္ဆာန်ပင်ဖြစ်သော်လဲ ကရုဏာနဲ့ပညာအရာမှာတော့
တခြားဇာတ်တူသားတွေထက်မြင့်ပါတယ်၊
ဒါကြောင့်လဲဇာတ်တူထဲမှာ ထိပ်ဆုံးရောက်ရတာပါ၊
ဒါဟာပါရမီရဲ့အကျိုးပေးပါပဲ။

လူတွေမှာကုသိုလ်ကံကြောင့်လူဖြစ်လာရ
သလို လူ့ဘဝမှာကံရဲ့အကျိုးအဖြစ်
ရရှိနိုင်ခွင့်ကသုံးမျိုးရှိပါတယ်။
အဲဒါတွေကတော့-
(၁) ‘လာဘ’လို့ခေါ်တဲ့’ပစ္စည်းဥစ္စာ၊စည်းစိမ်
ချမ်းသာ’ပိုင်ဆိုင်သုံးစွဲခွင့်ရယ်၊
(၂) ‘သက္ကာရ’လို့ခေါ်တဲ့’အများရဲ့ချစ်ခင်ရိုသေလေးစားခံရမှု၊အများအပေါ်ဩဇာသက်ရောက်မှု’ရယ်၊
(၃) ‘သိလောက’လို့ခေါ်တဲ့’အမည်သတင်းကျော်စောမှု’ရယ်တို့ပါပဲ။

ဒီသုံးမျိုးမှာလဲ
နံပါတ်(၁)’လာဘ’ဆိုတဲ့ပစ္စည်းဥစ္စာ,စည်းစိမ်
ချမ်းသာက ‘ကံ’ရဲ့အကျိုးပါ။
(၂)’သက္ကာရ’ဆိုတဲ့ အများကချစ်ခင်ရိုသေ
လေးစားခံရမှုက’ပါရမီ’ရဲ့အကျိုးပါ။
ပါရမီဆိုတာအဓိကအားဖြင့်
အများအကျိုးကို
အဓိကထားတယ်၊ကရုဏာပညာနဲ့ဦးဆောင်တယ်။
ဒါကြောင့်အများရဲ့ချစ်ခင်ရိုသေလေးစားမှုကို
ရရှိပြီးအများအပေါ်ဩဇာသက်ရောက်မှုလဲရှိတာပါ။

နံပါတ်(၃)အမည်သတင်းကျော်စောခြင်းကတော့-ကောင်းသတင်း၊မကောင်းသတင်းလို့
နှစ်မျိုးရှိနိုင်တဲ့အတွက် ကံပါရမီနှစ်မျိုး
လုံးနဲ့ဆိုင်တယ်လို့ပဲပြောရမှာပါ။

တချို့ ပစ္စည်းဥစ္စာတွေသုံးမကုန်အောင်
ပေါများကြွယ်ဝကြပေမယ့် လူကြားထဲမျက်နှာ
မပြဝံ့သူတွေ၊ အသံကြားရင်တောင်
အများကဆဲချင်သူတွေလဲ ရှိတတ်ပါတယ်။
ဒါဟာကံကောင်းပေမယ့်အများအပေါ်
ကရုဏာပညာနဲ့ငဲ့ကွက်စောင့်ရှောက်ခြင်း,,အကျိုးဆောင်ခြင်းဆိုတဲ့ပါရမီမရှိခဲ့လို့’သက္ကာရ’ကအနှုတ်လက္ခဏာပြနေတဲ့
သဘောပါပဲ။
ပါရမီမရှိဘူးဆိုတာ”ကရုဏာနဲ့ပညာ”
ချို့တဲ့နိမ့်ကျတယ်လို့ပြောတာပါ။
မိမိတိုရည်ညွှန်းပြုလုပ်တဲ့မွေးနေ့ရှင်ဟာ
ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာအကဲခတ်
ဆုံးဖြတ်တတ်ဖို့ပါ။

ကံနဲ့ပါရီနှစ်မျိုးလုံးပြည့်စုံသူများကတော့
“လာဘ,သက္ကာရ,သိလောက”သုံးမျိုးလုံး
ပြည့်စုံကြရပါတယ်။
ဒါကြောင့်ဒီနေ့ပြုတဲ့ကုသိုလ်ဟာလဲ
ကိုယ့်ခေါင်းဆောင်အတွက် “အသက်ရှည်ကျန်းမာဖို့”ဆိုတာလောက်သာရည်ရွယ်ရင် ‘ကံ’ပဲကောင်းမယ်၊ပါရမီမမြောက်နိုင်ပါဘူး။
“ဒီခေါင်းဆောင်သက်ရှည်ကျန်းမာပြီးပြည်သူအပေါင်းချမ်းသာဝပြောအောင်ဆောင်ရွက်ပေးနိုင်စေဖို့”လို့အများအတွက် ရည်မှန်းပြီးပြုမှ-ကရုဏာပညာပါတဲ့အတွက်ပါရမီကုသိုလ်ဖြစ်မှာပါ။ဒါက ‘ကံ’နဲ့ပတ်သက်ပြီးစဉ်းစားစရာအချက်ပါ။
<<<^>>>
ဒုတိယစဉ်းစားရမှာက ဒီဘဝရဲ့လူမိဘနှစ်ပါးပါ။
ဒါကတော့အားလုံးမိကောင်းဖခင်သားသမီးများပီပီ သိကြပြီးသားမို့
အထူးမပြောတော့ပါဘူး။

တတိယစဉ်စားရမှာက-“ငါဟာလူအဖြစ်နဲ့မွေးလာခဲ့တာ”ဆိုတာပါပဲ။
ဒါကအလွန်လွယ်လွန်းသလိုထင်ရပြီး
သိပ်လေးနက်ပါတယ်၊
သိပ်လဲအရေးကြီးပါတယ်။
လွယ်တယ်ဆိုတာက”ငါဟာ လူအဖြစ်နဲ့မွေးလာတာ”လို့သိရတာကလွယ်ပါတယ်။
ခက်နေတာက”လူအဖြစ်မွေးလာကြပေမယ့်၊ကိုယ့်ကိုယ်ကိုယ်လူလို့အလေးအနက် အသိအမှတ်မပြုကြတာပါ။
အဲဒီထက်ပိုအလေးအနက်ထားရမှာကတော့
“ဘုန်းကံကြီးတဲ့လူ”ဟုတ်,မဟုတ်ခွဲခြားသိဖို့ပါပဲ။

ဒီနေ့”ဘုန်းကံပြည့်တဲ့လူ”အကြောင်းကိုအဓိကကပြောပါမယ်။
ဒီစကားက မန္တလေးတိုင်းNLD-အဖွဲကို
ပေးချင်တဲ့ဩဝါဒစကားလဲဖြစ်လို့ပါ။

ဗုဒ္ဓဘာသာတို့ထုံးစံအတိုင်းကြီးသူက
ငယ်သူကိုဆုပေးတဲ့အခါ..
“ဘုန်းကြီးလို့ သက်ရှည်ပါစေ”လို့ပေးလေ့ရှိပါတယ်။
ပြောသူကြားသူ နှစ်ဦးနှစ်ဘက်ကျေနပ်တဲ့စကားဖြစ်ပေမယ့် နှစ်ဦးနှစ်ဘက်
သိပ်ရေရေရာရာ နားမလည်တဲ့စကားလဲဖြစ်မယ်ထင်ပါတယ်။

‘ဘုန်း’ဆိုတာ မူရင်းရေးထုံးအစစ်က’ပုဉ်း’ပါ၊
‘ပုည’ဆိုတဲ့ပါဠိကိုမြန်မာမှုပြုထားတယ့်စကားပါ။

ပုညကပုဉ်း၊ ပုဉ်းကဘုန်းဖြစ်လာတာပါ၊
“ပေါ်လွင်ထင်ရှားတဲ့အချက်များ”လို့အဓိပ္ပါယ်ရပါတယ်၊
ဘယ်အချက်တွေလဲဆိုတော့-
“ကုလ,ရူပ,မဟာဘောဂ,ဣဿရိယဝသေန ပညာယတိ”တဲ့။
မြန်မာလိုတော့-
(၁) ကုလ=အမျိုးအနွယ်အရထင်ရှားခြင်း၊
(၂) ရူပ=အတွင်းအပြင်ဥပဓိရုပ်အရထင်ရှားခြင်း၊
(၃) မဟာဘောဂ=စားဝတ်နေထိုင်သုံးစွဲရတဲ့ပစ္စည်းဥစ္စာ၊ရာထူးအာဏာအဆင့်အတန်းမြင့်မားခြင်း၊
(၄) ဣဿရိယ=ကိုယ်စွမ်းကိုယ်စနဲ့ရရှိပိုင်ဆိုင်အစိုးရခြင်း၊
အဲဒီလေးမျိုးထင်ရှားကြီးမားသူကို
“ဘုန်းကံကြီးမားသူ”လို့ဆိုရတာပါတဲ့။
(ဗုဒ္ဓဝင်အဋ္ဌကထာ၊၈၈)

ခုဒီနေ့မွေးနေ့ရှင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဟာ
နံပါတ်(၁)’ကုလ’အရဘယ်လိုအမျိုးအနွယ်ဆိုတာအားလုံးသိပြီးသားမို့ အထူးပြောစရာမရှိပါဘူး။
အထူးပြောစရာရှိတာက ဒီနံပါတ်(၁)အချက်တစ်ချက်သာပြည့်စုံတယ်ဆိုရင်..ဒါဟာဘုန်းကံရဲ့လေးချိုးတစ်ချိုး၊ တစ်မတ်သားပဲရှိသေးတယ်ဆိုတာပါပဲ။

နံပါတ်(၂)’ရူပ’အရ အပြင်အတွင်း’ဥပဓိရုပ်’ထင်ရှားမှု။ဒါကအရေးကြီးပါတယ်။
‘ဥပဓိရုပ်’ဆိုတာအပြင်ကမျက်စေ့နားနှာ၊ခြေလက်အင်္ဂါပြည့်စုံမှု၊မျက်နှသွင်ပြင်အရပ်အမောင်းပြေပြစ်မှုအချိုးအစားကျမှုက
အပြင်ဥပဓိရုပ်ခေါ်ပါတယ်။
အတွင်းမှာ ကရုဏာပညာတို့ရဲ့တည်မှီရာ’ဟဒယဝတ္ထုရုပ်’ဆိုတာရှိသေးတယ်။
“မနောပုဗ္ဗင်္ဂမာ ဓမ္မာ”အရာရာကိုစိတ်ကဦးဆောင်တယ်ဆိုတဲ့ဒေသနာအရ
စိတ်ရဲ့တည်မှီရာဖြစ်တဲ့အတွင်းဟဒယဝတ္ထုဥပဓိကောင်းမွန်ပြည့်စုံမှု(ကျပ်ပြည့်မှုပေါ့လေ)ကပိုအရေးပါပါတယ်။
ဗုဒ္ဓအဘိဓမ္မာအလိုအရတော့-
ကရုဏာပညာတို့ရဲ့မှီရာကို”ဟဒယဝတ္ထု”လို့ပဲဆိုတယ်၊
သိပ္ပံအလိုကတော့”အသိဉာဏ်ကဦးနှောက်ကိုမှီတယ်”လို့ဆိုတယ်၊
နှစ်ခုလုံးသူ့နည်းနဲ့သူ မှန်ကြတာဖြစ်လို့
“အတွင်းဥပဓိ”အရ ကရုဏာရဲ့မှီရာ
“ဟဒယဝတ္ထု”နဲ့ဉာဏ်ပညာရဲ့မှီရာ”ဦးနှောက်”တို့ကောင်းမွန်ပြည့်စုံ
(ကျပ်ပြည့်)ထင်ရှားဖို့လိုပါတယ်။

‘ကုလ’ဆိုတဲ့မျိုးရိုးမှန်ပေမယ့်၊နံပါတ်(၂)အရ’ရူပ’ဆိုတဲဥပဓိချို့တဲ့နေတယ်ဆိုရင် ဒါဟာ တစ်မတ်သားဘုန်းကံရှင်ပဲဖြစ်မှာပါ။
ကိုယ့်ခေါင်းဆောင်ကို အဲ့လိုအကဲခတ်ဆုံးဖြတ်တတ်ဖို့အရေးကြီးပါတယ်။
ဒီဘုန်းကံအမှတ်အသားလေးချက်တို့က တစ်ချက်ထက်တစ်ချက်ပိုပြီး
အရေးပါလာပါတယ်။

နံပါတ်(၃)’မဟာဘောဂ’အရ
သုံးဆောင်ခံစားနေရတဲ့စည်းစိမ်ဥစ္စာနဲ့
ရာထူးအာဏာ၊နေရာတို့အထိယူရမှာပါ။
ခုထိ အချက်သုံးချက်အရကြည့်မယ်ဆိုရင်
ဒီပွဲကျင်းပပြုလုပ်တဲ့
ကုသိုလ်ရှင်များမှာလဲပြည့်စုံထင်ရှားတယ်လို့ပဲဆိုရပါလိမ့်မယ်။
အရင်အစိုးရတွေအဆက်ဆက်မှာလဲ
ဒီအချက်သုံးချက်အထိပြည့်စုံထင်ရှားသူတွေရှိကြမှာပါပဲ။
ဒါဆိုရင် ဒီလူတွေ ဘုန်းကံကြီးမားသူတွေ၊တစ်နည်းပြောရင်တော့”ဘုန်းကံကျပ်ပြည့်သူတွေ”ဖြစ်ပြီလားဆိုတာ
အလေးအနက်စည်းစားရမှာပါ။
ရှင်းရှင်းလေးပါ၊ခုထိက အချက်သုံးချက်ပဲရှိပါသေးတယ်၊လေးချက်ရှိတဲ့ထဲက
သုံးချက်ဆိုတော့’သုံးမတ်’ပေါ့၊သုံးမတ်သားဘုန်းကံရှင်တွေပေါ့။

ကျပ်ပြည့်ဖို့အတွက်အရေးအပါဆုံးအချက်က
နံပါတ်(၄)’ဣဿရိယ’တဲ့၊
“ကိုယ်စွမ်းကိုယ်စနဲ့ရရှိတဲ့’ကိုယ်ပိုင်စိုးရ’ဟုတ်ရဲ့လား”ပေါ့၊
အဲဒီအချက်ကို စိစစ်ရမယ်၊
ဒီနေ့မန္တလေးတိုင်းNLDအဖွဲကို
အဓိကပြောချင်တာကလဲ ဒီနံပါတ်(၄)အချက်ပဲ။
အသီးအသီး၊ရပ်ကျေး၊မြိုနယ်၊တိုင်းနဲ့ပြည်နယ်ကနေ နိုင်ငံတော်အဆင့်ထိပေါ့၊
ခုကိုရရှိထားတဲ့ကိုယ်စားလှယ်တို့၊အမတ်တို့၊ဝန်ကြီးတို့ဆိုတာတွေအားလုံးပေါ့။

ရရှိထားတာတော့ဟုတ်ပါပြီ၊ NLDပါတီကိုယ်စားပြုတွေအဖြစ်ရရှိခဲ့တာပါပဲ၊
အဲဒီလိုရရှိခဲ့တာဟာ..
ကိုယ်စွမ်းကိုယ်စကိုအကြောင်းပြုပြီးအရွေးခံရလို့ရရှိခဲ့,ရောက်ခဲ့တာလား၊
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
ပါတီကမို့ဆိုပြီးရွေးချယ်ခံရလို့ ရရှိခဲ့ရောက်ခဲ့တာလား၊
ဒါကိုကိုယ့်ကိုယ်ကိုယ်ပြန်စိစစ်ပါ။

“ကိုယ်စွမ်းကိုယ်စရယ်လို့ မဲဆန္ဒရှင်ပြည်သူတွေမြင်သာထင်သာ ဘာမှမပြနိုင်ဘူး၊ခေါင်းဆောင်ရဲ့အစွမ်းကြောင့်သာ”ဆိုရင်တော့-
ဘာရာထူးဖြစ်နေနေ အားမနာနဲ့ရဲရဲသာမှတ်ချက်ချလိုက်၊”သုံးမတ်သားတွေ”ပဲ၊
ဝန်ကြီးဆိုလဲအလွန်ဆုံးသုံးမတ်ဝန်ကြီးပဲ။
ခုပထမငါးနှစ်ရာသီမှာ တိုင်းနဲ့ပြည်နယ်အစိုးရများအနေနဲ့ကြည့်ရင်
မန္တလေးတိုင်းအစိုးရတို့၊မန္တလေးမြို့တော်ဝန်တို့ဆိုတာ ကိုယ်စွမ်းကိုယ်စကိုပြည်သူမြင်သာအောင်၊ကျေနပ်လောက်အောင်ပြနိုင်ခဲ့တယ်။ဒါဟာမန္တလေးNLDအတွက် ဂုဏ်ယူစရာပါ။

ဒီနေ့မန္တလေးရဲ့တိုးတက်သာယာမှုဟာ
ဒေါ်အောင်ဆန်းစုကြည်အနီးကပ်လာပြီးကြီးကြပ်ပေးနေလို့မဟုတ်ပါဘူး၊
မန္တလေးNLDအဖွဲ့၊မန္တလေးအစိုးရ၊
မန္တလေးစည်ပင်သာယာတို့ရဲ့စွမ်းဆောင်မှုပဲ။
ဒါဆိုရင် ပထမငါးနှစ်ကာလမှာမန္တလေးဟာအစိုးရအနေနဲ့ရော၊မြို့တော်စည်ပင်အနေနဲရော၊ NLD အဖွဲ့အနေနဲ့ရော ကျပ်ပြည့်တယ်လို့ဆိုနိုင်တယ်။
အဲဒါကိုအလေးအနက်ဆင်ခြင်စဉ်းစားရမယ်၊ဒါကသိပ်ကိုအရေးကြီးလို့ပြောရတာပါ။

သိပ်ကိုအရေးကြီးလို့ဆိုတာက-
သိကြတဲ့အတိုင်းပဲ ခုချိန်မှာ”ဒီမိုကရေစီအစိုးရ”လို့ခေါ်နေရတာက တကယ်စဉ်းစားကြည့်ရင်”သုံးမတ်သား
ဒီမိုကရေစီအစိုးရ”ပဲရှိသေးတယ်၊လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက
တစ်မတ်သားကိုဖြတ်ယူထားပြီးသားကြီး။
ဒီသုံးမတ်သားဒီမိုကရေစီကို ကျပ်ပြည့်ဒီမိုကရေစီဖြစ်တဲ့အထိ
ရုန်းကန်ကြိုးစားရမယ့်အဖွဲ့ဝင်တွေဆိုတာ
တကယ့်ကျပ်ပြည့်တွေဖြစ်နေမှ၊
သုံးမတ်သားတွေနဲ့စုပြီး သုံးမတ်သားဒီမိုကရေစီကို ကျပ်ပြည့်ဒီမိုကရေစီဖြစ်အောင်လုပ်ဖို့တော့ ဘယ်တော့မှမမျှော်လင့်နဲ့။

ဦးဇင်းကဒီနေ့လူငယ်တွေကိုအမြဲပြောလေ့ရှိတယ်၊
“ဉာဏ်မကောင်းဘဲ ကံကောင်းချင်လို့မရဘူး၊
စာမဖတ်ဘဲလဲ ဉာဏ်ကောင်းချင်လို့မရဘူး၊
ကံကောင်းချင်ရင် ဉာဏ်ကောင်းအောင်
စာကိုအရင်ဖတ်ကြ”လို့။
ခုလဲ NLDအဖွဲ့ဝင်တွေကို အဲလိုပဲ
တိုက်တွန်းချင်ပါတယ်၊
လူကျပ်ပြည့်ချင်ရင် ဉာဏ်ကျပ်ပြည့်အောင်
စာဖတ်ကြပါ..လို့။

ကဲ-တော်လောက်ရော့ပေါ့။
အားလုံး
ကျပ်ပြည့်တဲ့ ဘုန်းကံရှင်တွေ ဖြစ်ကြပါစေ…

ဓမ္မဘေရီအရှင်ဝီရိယ
တူမောင်းတိုက်၊ အမရပူရမြို့။
၁၉-၆/၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •