ကျိုက်ထီးရိုးဘုရားကို ​ဝေဟင်မှ ဖူး​မျှော်ရမည့် အ​ပျော်စီး ​လေယာဥ်ခရီးစဥ် မြန်မာအမျိုးသား​လေ​ကြောင်းမှ စတင်ပျံသန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Myanmar National Airlines မှ ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် ဒီဇင်ဘာ (၂၀) ရက်တွင် စတင်မည်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ရန်ကုန်၊ ဒီဇင်ဘာ(၁၇)

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseening Flights Tour)ကို Myanmar National Airlines မှ ဒီဇင်ဘာ (၂၀) ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

အဆိုပါ အပျော်စီးလေယာဉ်ခရီးစဉ်ကို ရန်ကုန်- ကျိုက်ထီးရိုး – ဘားအံ – ရန်ကုန်သို့ Myanmar National Airlines ရှိ ATR -72 မှအနိမ့်ပျံသန်းမှုဖြင့် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်ပြီး ဘားအံမြို့၏ ပတ်ဝန်းကျင် ရှုခင်းအလှ များကိုလည်း ဝေဟင်မှ ကြည့်ရှုနိုင်မည်ဖြစ်သည်။

“အခုလောလောဆယ် Non Landing Sightseeing Flights Tour ဆိုတာက လေယာဉ်ပျံက ရန်ကုန်က နေတက်ပြီး ရန်ကုန်ကို ပြန်ဆင်းမှာပါ၊ ခရီးစဉ်ကတော့ အရင်ကလိုမျိုး တစ်မြို့ကနေ တစ်မြို့ကို ခရီးသွားတဲ့ပုံစံ မဟုတ်ဘဲနဲ့ ရှုခင်းတွေကို ကြည့်တယ်၊ လေယာဉ်ပျံက အနိမ့်ပျံပြီးတော့ သွားမှာပါ၊ အခု လောလောဆယ်တော့ ကျိုက်ထီးရိုးပေါ့၊ ကျိုက်ထီးရိုးကို သွားမယ်၊ ကျိုက်ထီးရိုးမှာ ပတ်ပြီးတော့ ပြမယ်၊ ပြီးသွားလို့ရှိရင် ကရင်ပြည်နယ်၊ ဘားအံပေါ့၊ ဇွဲကပင်တောင်နဲ့ ဘားအံမြို့ရဲ့အလှကို ပတ်ပြီးတော့ပြမယ်၊ ပြီးရင် သံလွင်မြစ်ရဲ့ ရှုခင်းကိုကြည့်ပြီးတော့ ရန်ကုန်ကို ပြန်လာမယ်” ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)ကို လိုက်ပါစီးနင်းမည့် ခရီးသည်များသည် COVID 19 ရောဂါ ရှိ၊ မရှိ မိမိအစီ အစဉ်ဖြင့် စစ်ဆေးရမည်ဖြစ်ပြီး Negative ဖြစ်မှသာ လေယာဉ်ပေါ်တက်ခွင့် ရမည်ဖြစ်ကြောင်း၊ လေယာဉ်မှာလည်း ရန်ကုန်လေဆိပ်မှတက်၍ ရန်ကုန်လေဆိပ်တွင် ပြန်ဆင်းမည်ဖြစ်သောကြောင့် Quarantine ဝင်ရန် မလိုကြောင်း သိရသည်။

အဆိုပါခရီးစဉ်အပေါ် မူတည်ကာ စျေးကွက်အရ တုံ့ပြန်မှုကောင်းပါက ထပ်မံပြီး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အပျော်စီး လေယာဉ်ခရီးစဉ်သာမက ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ်၊ ကုန်းတွင်းခရီးစဉ်များ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Ref; ငြိမ်းငြိမ်း
Photo Credit – ချင်း(လိုင်ဇိုး)ဖလမ်းသတင်းဌာနခွဲ (MRTV)


Spread the love
  •  
  •  
  •  
  •  
  •  
  •