ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာ အကျိုးကျေးဇူးရရှိစေမည့် စက်မှုဇုန်သွား ကွန်ကရစ်လမ်းသစ်ဖွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အကျိုးကျေးဇူးရရှိစေမည့် စက်မှုဇုန်သွား ကွန်ကရစ်လမ်းသစ်ဖွင့်

ကျောက်ဆည်မြို့နယ်အတွင်း ဇူလိုင်၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် စက်မှုဇုန်သွား ကားလမ်းသစ် (ကွန် ကရစ်လမ်း) ခင်းခြင်းအတွက် ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာပေါင်း ၁၆ ခုတို့ရှိ မိဘပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်များ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများပါ ရရှိလာ မည်ဖြစ်ကာ ကုန်စည်စီးဆင်းမှု လုပ်ငန်းများပါ မြန်ဆန်လာနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာစကားတွင်ထည့်သွင်း ပြောကြားသည်။

ဇူလိုင် ၂၃ရက် ညနေ ၅ နာရီက ကျောက်ဆည်မြို့နယ် အဆိုပါလမ်းသစ်ရှိ ယာယီမဏ္ဍပ်တွင်ပြုလုပ်သည့် စက်မှုဇုန်သွား ကားလမ်းသစ် (ကွန်ကရစ်လမ်း)ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ယင်းကွန်ကရစ်လမ်းသစ်ကို မြန်မာသံတော်မြတ်ကုမ္ပဏီလီမီတက်နှင့် ALPHA ဘိလပ်မြေစက်ရုံတို့ ပူးပေါင်း၍ ငွေကျပ် ၂၄၇၄ သန်းကျော် အကုန်ကျခံတည်ဆောက်ခြင်းဖြစ်ပြီး လမ်းအရှည် ၄မိုင် ၁ဖာလုံ၊ အကျယ် ပေ၄ဝ ဖြစ်ကာ၊ လမ်း၏ခံနိုင်ဝန်အင်အားမှာ တန် ၂ဝဝ ဖြစ်သည်။

”မြို့နယ်တစ်ခုမှာ လမ်းတစ်လမ်း ပေါ်ပေါက်လာတာဟာ အလွန်ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ပါ၊ လမ်းပန်း ဆက်သွယ်ရေးဟာလည်း နိုင်ငံတစ်နိုင်ငံအတွက်အရေးကြီးပါတယ်၊ ကျောက်ဆည်မြို့ဟာ ပထဝီဝင် အနေ အထားအရ မန္တလေးတိုင်းဒေသကြီးအတွက် အရေးပါပါတယ်။ သဘာဝကပေးထားတဲ့ အခွင့်အရေးတွေအပြင် လူထုရဲ့အားကြိုးမာန်တက် ဆောင်ရွက်မှုတွေကြောင့် ကျောက်ဆည်မြို့ဟာ ဖွံ့ဖြိုးတိုးတက်နေတာဖြစ်ပါတယ်၊ ဒီလို လူထုအတွက် လမ်းမကြီးတစ်ခု ပေါ်ပေါက်လာတာဟာ ပြည်သူတွေအတွက် အများကြီးအကျိုးရှိမှာပါ၊ ဘာပဲပြောပြော ဒီနေရာမှာရှိကြတဲ့လုပ်ငန်းရှင်တွေမှာလည်းတာဝန်ရှိပါတယ်၊ ဒီနေရာကိုအမှီပြုပြီး စီးပွား ဖွံ့ဖြိုး တိုးတက်လာပြီဆိုရင် ဒီနေရာဒေသကိုပြန်ပြီး အကျိုးပြုရပါတယ်၊ အဲ့ဒါဟာ လုပ်ငန်းရှင်တွေရဲ့ တာဝန်ပဲဖြစ်ပါ တယ်။

ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကုန်စည်စီးဆင်းမူ ပိုမိုမြန်ဆန်လာစေမှာပါ၊ ယာဉ် အန္တရာယ်လည်း ကင်းရှင်းလာပါမယ်၊ အလှူရှင်တွေရဲ့ပံ့ပိုးမှု၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်း ဒီလမ်းပေါ်ပေါက်လာတာပါ၊ ဒီထက်ပိုပြီးဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်၊ မန္တလေးတိုင်းဒေသကြီးမှာ ကျောက်ဆည်နဲ့ ပြင်ဦးလွင်ကို အခြေခံပြီးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် မန္တလေး တိုင်းဒေသကြီးအတွက်ရော မြန်မာနိုင်ငံအတွက်ပါ ကောင်းမွန်လာမှာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်စေလိုပါတယ်”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

အဆိုပါလမ်းသစ်ဖွင့်ပွဲအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ သံတော်မြတ်ကုမ္ပဏီမှ တာဝန်
ရှိသူတစ်ဦးက ကွန်ကရစ်လမ်းခင်းမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဝန်ကြီးချုပ်မှ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းများ ကို COVID-19 ရောဂါကာကွယ်မှု လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြီး ကွန်ကရစ်လမ်းသစ်အား မော်တော်ယာဉ်များဖြင့် လှည့် လည်ကြည့်ရှုပြီးနောက် မြို့ရှောင်လမ်းတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် သော်တာဝင်း ဆောက်လုပ်ရေး
ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျောက်ဆည်မြို့ရှောင်လမ်းပိုင်းပေါ်ရှိ BOT စနစ်ဖြင့် ဇော်ဂျီတံတားတည်ဆောက်ရေးလုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းတာဝန်ရှိသူများက ရှင်း လင်းတင်ပြကြသည်။

ယနေ့ ဖွင့်လှစ်သည့် စက်မှုဇုန်သွားကားလမ်းသစ်သည် ယခင်ကစက်မှု (၁) ဝန်ကြီးဌာနမှ ၂ဝ၁၄ ခုနှစ်တွင် လမ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့သည့် လမ်းတာပေါင် ၃၄ ပေ၊ အကျယ် ၁၈ ပေရှိသော ကတ္တရာလမ်းဖြစ်ကာ ယင်းမူလ ကတ္တရာလမ်းပေါ်တွင် ကွန်ကရစ်လမ်း ပေ ၄ဝ အကျယ် တိုးချဲ့လမ်းခင်းခြင်းကြောင့် ယာဉ်ကြော ကျပ်တည်းမှု၊ ယာဉ်မတော်တဆမှု လျော့ကျလာခြင်း၊ ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေခြင်း၊ အလုပ်
အကိုင်အခွင့်အလမ်းများ ပေါများလာခြင်းတို့အပြင် ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းနှင့် ချိတ်ဆက်ထားခြင်း ကြောင့် ဒေသခံပြည်သူများ၏ ဒေသတွင်းရှိထုတ်ကုန်၊ ပို့ကုန်များ၊ စက်ရုံထုတ်ကုန်၊ သွင်းကုန်များ လျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်သည်။
မျိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •