ကျောက်မဲမြို့တွင် မူးယစ်ကွင်းဆက်တရားခံပြေး ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် အသေပစ်ခတ်ဖမ်းဆီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျောက်မဲမြို့တွင် မူးယစ်ကွင်းဆက်တရားခံပြေး ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်သေဆုံး

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ကျောက်မဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့မ ရဲစခန်း မူးယစ်(ပ)၂၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁/ကျင့် ၅၁၂ အမှုမှ မူးယစ်ကွင်းဆက် တရားခံပြေး ကွမ်းဖုန်း (၅၂)နှစ်သည် ကျောက်မဲမြို့ (၈)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိနေကြောင်း သတင်းအရ အဆိုပါ နေအိမ်အား ဝင်ရောက်စီးနင်း ရှာဖွေစဉ် အိမ်ရှင် ကွမ်းဖုန်း မှ အရိုးအသွား ၂၀ လက်မခန့်ရှိ ဓားမဖြင့်ခုတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး၏ ဦးခေါင်း၌ ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး နေအိမ်၌ ရောက်ရှိနေသူ ကျော်မင်း(၃၁)နှစ်မှလည်း ၎င်းကိုင်ဆောင်ထားသည့် ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ ၎င်းတို့ ၂ ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။

ဆက်လက်၍ နေအိမ်ကို အသေးစိတ်ရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက်( အလေးချိန် ၈၀ ဂရမ်ခန့်)၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၅၀ ပြား၊ ဓားမ ၁ လက်၊ ဓားမြှောင် ၁ လက်၊ CZP-07 9mm အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်ကတ် ၁ ခု၊ ၉ မမကျည် ၉ တောင့်တို့ သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းအပြင် နေအိမ်အတွင်း မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲရန် ရောက်ရှိနေသည့် အိုက်စိုင်း(ခ)အောင်သိန်း(၃၀)နှစ်၊ ထက်သူပိုင်(၂၅)နှစ် နှင့် ကျော်မင်းနောင်(ခ) အိုက်နောင့်(၃၆)နှစ်တို့ ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသည်။

မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေးနှင့် ဖမ်းဆီးရေးဆောင်ရွက်ရာတွင် အချို့က ပြန်လည် ခုခံတုန့်ပြန်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေကြေ၊ ဒဏ်ရာရရှိမှုများ ရှိနေပါသဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေအား အချိန်နှင့်တစ်ပြေးညီ တုန့်ပြန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •