ကျောင်းဖွင့်ချိန် COVID-19 ကာကွယ်ထိန်းချုပ်တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကျောင်းဖွင့်ချိန် COVID-19 ကာကွယ်ထိန်းချုပ်တုံ့ပြန်နိုင်ရန် ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများ၊ မိဘများ လိုက်နာရမည့် အစီအစဉ်များကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ကြပြီး ကိုယ်ပိုင်ကျောင်းများတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။

” COVID-19 ကပ်ရောဂါကြောင့် ကျောင်းဖွင့်ရမယ့်ရက် နောက်ဆုတ်ထားတယ်၊ အခုကာလ အတွင်းမှာ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဘယ်လိုအစီအမံတွေလုပ်မှာ ဘာတွေဆောင်ရွက်ရမလဲဆိုတဲ့ SOPကိုရေးခိုင်းထားတာရှိပါတယ်၊ အဲဒီအထဲမှာ ကျောင်းကို မလာခင် မိဘနဲ့ကျောင်းသားကျောင်းသူတွေ လိုက်နာရမယ့်စည်းကမ်း၊ ကျောင်းရောက်ပြီး စာသင်ကြားချိန်မှာ ဆရာမနဲ့ကျောင်းသားကျောင်းသူတွေ လိုက်နာရမယ့်အချက်တွေ၊ မုန့်စားဆင်းချိန်နဲ့ ထမင်းစားနားချိန်မှာ လိုက်နာရမယ့်အချက်တွေ၊စာသင်ကြား ပြီးကျောင်းအပြန်မှာလိုက်နာရမယ့်အချက်တွေ၊ကျောင်းမှာရှိတဲ့စာသင်ခန်းတွေပြင်ဆင်ထားရှိရမယ့်အချက် တွေပါ” မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးညွှန်ကြားရေးမှူး(ပညာ)ဦးစိုးလွင်ကပြောသည်။

လက်ရှိအခြေအနေအရ ဇူလိုင်လတွင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းစသည့် အတန်းသုံးတန်းထဲကနေ စတင်ဖွင့်လှစ်မည်အတန်းကိုစိစစ်ဆဲဖြစ်ကာ ကျောင်းဖွင့်ရာသီတွင် COVID-19နှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များကို ထင်သာမြင်သာ ရှိအောင် ပိုစတာထုတ်ပြီးဖြန့်ဝေသွားရမည်ဖြစ်ကြောင်းသိရသည်။

” ကျွန်တော် သတင်းကြားတာကတော့ ဇွန်လိုင်ထဲမှာ ဖွင့်မယ်လို့ ကြားနေရပါတယ်။ တကယ်တမ်း ဖွင့်မယ်ဆိုတော့ COVID-19 ကူးစက်မြန်ရောဂါကြောင့် စိုးရိမ်ပါတယ်။ အဲဒါကြောင့် ကျောင်းပြန်ဖွင့်ခဲ့ရင် ကလေးတွေ စိတ်အေးချမ်းသာစွာ ပညာသင်နိုင်အောင် တတ်နိုင်တဲ့ဘက်က ပြင်ဆင်ထားပါတယ်။

ကျောင်းတွေနဲ့ပတ်သက်ပြီး လိုအပ်မယ့် လိုက်နာဆေင်ရွက်ရမယ့် Regulationတွေကို ပညာရေးဝန်ကြီးဌာနကနေ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးတော့ အချက် ၃၇ချက် ပြုစုထားပြီတဲ့အခါ ကျောင်းပြန်မဖွင့်ခင် အဲအချက်တွေကို ထုတ်ပြန်အသိပေးမယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ ဒါတွေ မသိသေးတဲ့အခါမှာ နိုင်ငံတကာမှာရှိတဲ့ တခြားကျောင်းတွေဖွင့်တဲ့အခါ လိုက်နာရတဲ့အချက်တွေ မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ စားသောက်ဆိုင်တွေ စျေးတွေဖွင့်တဲ့အခါ လိုက်နာရမယ့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အချက်တွေပေါ်မူတည်ပြီး ပြင်ဆင်ထားပါတယ်။ ” KMC ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးခင်မောင်ချိုက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း ( ၁၀၉၄) ကျောင်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးသည် ကိုယ်ပိုင်ကျောင်း အများဆုံးဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးသည် ဒုတိယ ကိုယ်ပိုင်းကျောင်းအများဆုံးကျောင်း ဖြစ်ပြီး ကျောင်းပေါင်း ၂၁၃ကျောင်း ရှိကြောင်း သိရသည်။

” ကျောင်းတွေကို ပြန်ဖွင့်စေချင်တယ်။ ဒါပေမယ့် COVID-19ရောဂါကြောင့် ကလေးတွေကို တစ်စုံတစ်ခုဖြစ်မှာလည်း စိုးရိမ်မိတယ်။ ကျောင်းကိုလည်း တစ်နှစ်မအောက်စေချင်ဘူး။ ကလေးတွေကလည်း တစ်နှစ်တစ်နှစ်အောင်ဖို့ ကြိုးစားရသလို အမတို့ မိဘတွေကလည်း မနည်းရှာဖွေပြီး ကျောင်းထားပေးရတာဆိုတော့လေ။ ကျန်းမာရေးအတွက် အာမခံချက် ပေးနိုင်ပြီး ဖွင့်ရင်တော့ ပိုကောင်းတာပေါ့။ ” ဟု အောင်မြေသာစံမြို့နယ် အိုးပုတ်တော်ရက်ကွက်နေ ဒေါ်နွဲ့နွဲ့ကြည်က ပြောသည်။

ယခုနှစ်ကျောင်းဖွင့်ရာသီ၌ယခင်နှစ်များနှင့်မတူCOVID-19ကာကွယ်ထိန်းချုပ်ရေးအတွက်ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့်အချက်များနှင့်ပတ်သက်ပြီး မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ဆရာဆရာမများလိုက်နာရမည့်အချက်များကိုထုတ်ပြန်ပေးသွားမည့်အစီအစဉ်များလည်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးညွှန်ကြားရေးမှူး(ပညာ) ကဆိုသည်။

ထိပ်ထားနိုင်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •