ကျေးရွာ ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူသူများ ဖမ်းဆီးရမိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာ ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီး
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

မန္တလေး၊ ဒီဇင်ဘာ (၄)

မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်များရှိ ကျေးရွာ ဘုန်းကြီးကျောင်းများမှ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီ အချိန်ခန့်တွင် ကျပ်ပြင် ကျေးရွာ၊ သိပ္ပမဉ္ဇူကျောင်းဝန်း အတွင်းရှိ သီးခြားဂန္ဓကုဋိတိုက် အတွင်း ကိုးကွယ်ထားရှိသည့် နှစ်ပေါင်း(၁၅၀)ခန့်က ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် (၈)ဆူ ပျောက်ဆုံးသွား၍ အရေးယူပေးပါရန် ကျေးရွာ ဂေါပက ဥက္ကဋ္ဌ မှ တိုင်တန်းလာသဖြင့် ချောင်းခွနယ်မြေရဲစခန်းမှ (ပ) ၅၀/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

တရားခံ ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မှုခင်းအကူဌာနစိတ် တာဝန်ခံနှင့် တပ်ဖွဲ့ဝင်များသည် အသွင်ယူစုံစမ်းခဲ့စဉ် ပျောက်ဆုံးနေသော ဘုရားဆင်းတုတော်(၈)ဆူ အနက် (၃)ဆူမှာ မိတ္ထီလာမြို့တွင် နေထိုင်သည့် ဦးဝင်းမြင့်ထံတွင် ရောက်ရှိ နေကြောင်း သတင်းရရှိ၍ နိုဝင်ဘာလ (၁၉)ရက်နေ့ မွန်းလွဲ(၁) နာရီခွဲ အချိန် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်နေ ဦးဝင်းမြင့် (၅၇)နှစ် ၏နေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အမှုမှ ပျောက်ဆုံးသွားသည့် ဘုရားဆင်းတုတော်(၃)ဆူနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဦးဝင်းမြင့် အား အသေးစိတ်စစ်ဆေးရာ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၈) နာရီ လှိုင်မင်း မှ ဖုန်းဆက်ပြီး ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်း ၊ (၂)နာရီကျော် အကြာတွင် မန္တလေးမြို့ တွင် နေထိုင်သည်ဟု သိရသည့် ဦးမောင် မှ ဘုရားဆင်းတုတော်(၃)ဆူ ရောင်းလိုကြောင်း ဖုန်းဆက်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ်( ၁၁) နာရီခွဲ အချိန်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဗုဒ္ဓရုပ်ပွားတော်(၃) ဆူအား ငွေ ကျပ်(၁၄)သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဦးဝင်းမြင့်၏ ထွက်ဆိုချက်အရ လှိုင်မင်း(ခ)ကျော်သူ အား အသွင်ယူ စုံစမ်းခဲ့ရာ နိုဝင်ဘာလ (၂၀)ရက်နေ့၊ ည (၈) နာရီ (၄၅)မိနစ် အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ဘုရားကြီးအရှေ့မုဒ်အနီးဖမ်းဆီးရမိခဲ့ပြီး၊ ဦးဝင်းမြင့် နှင့် လှိုင်မင်း(ခ)ကျော်သူတို့၏ ထွက်ဆိုချက်များအရ တရားခံတစ်ဦးဖြစ်သူ ဦးမောင်(ခ)ဦးမောင်မောင်အား နိုဝင်ဘာလ (၂၉)ရက်နေ့ မွန်းလွဲ (၂) နာရီ (၁၅) မိနစ် အချိန့် ဦ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး၊ သံဃာ့ဆေးရုံ အနောက်ဘက် အနီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်များအရ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ခိုးယူသူများမှာ မင်းခန့်နှင့် ကျော်ကျော်(ခ)ကုလားလေး ဆိုသူတို့ (၂)ဦး ဖြစ်ကြောင်း သိရှိရသဖြင့် နိုဝင်ဘာလ (၂၉)ရက်နေ့၊ ကျော်ကျော်(ခ) ကုလားလေးအား အောင်ချမ်းသာရပ်ကွက်အတွင်းတွင် လည်းကောင်း၊ မင်းခန့်အား သိပ္ပံလမ်းနှင့် (၅၆) လမ်းထောင့်အနီးတွင် လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

အသေးစိတ်စစ်ဆေးခဲ့ရာ ခိုးယူလာသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား တောင်သမန်ကန်ပတ်လမ်း၏ အနောက်ဘက် xxxxx ဆိုင်တွင်လည်း ရောင်းချခဲ့ကြောင်း ထွက်ဆိုသဖြင့် သွားရောက်သိမ်းဆည်းရာ အမှုမှ ပျောက်ဆုံး၍ သိမ်းဆည်းရန်ကျန်သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၅)ဆူ အပြင် မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်း အခြားကျေးရွာများရှိ ဘုန်းကြီးကျောင်းများမှ ခိုးယူရရှိလာသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် (၁၁)ဆူအား သိမ်းဆည်းရမိသဖြင့် ရဲစခန်းအသီးသီးတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

#မန္တလေးသတင်းဌာနခွဲ
#MRTV
Ref; Mandalay Police


Spread the love
  •  
  •  
  •  
  •  
  •  
  •