ဗန်းမော် အောက်တိုဘာ ၁၉
ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကျောင်းသား ကျောင်းသူများတို့သည် ကို-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြု အဝေးထိန်းသယ်ယူ ပို့ဆောင်စက်(Remote Controlled Trolley)ကို အောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဝေးထိန်းသယ်ယူပို့ဆောင်စက်(Remote Controlled Trolley)ကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာ ဆောင်၌ အသုံးပြုနိုင်ရန် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကိုယ်စား လက်ထောက်ကထိက ဆရာဦးစိုးပိုင်က လှူဒါန်းပေးအပ်ရာ မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အဝေးထိန်းသယ်ယူပို့ဆောင်စက်(Remote Controlled Trolley)ကို Mg Kachin-02 ဟု အမည်ပေးထားပြီး လူနာများအား ဆေးဝါးများနှင့်အစားအသောက်များ သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ လူလူချင်း ထိတွေ့မှုမရှိစေဘဲ လူတစ်ဦးကဲ့သို့ (60 Kg)ရှိ ပစ္စည်း အလေးချိန်များကို သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ Remote Controlled Trolley တွင် တပ်ဆင် ထားသော CCTV မှတစ်ဆင့် လူနာနှင့်ထိတွေ့ခြင်းမရှိဘဲ အပြန်အလှန် စကားပြောနိုင်ခြင်း၊ လူနာ၏ လိုအပ်ချက်ကို မေးမြန်းစောင့်ကြည့်နိုင်ခြင်း၊ ပေ(၆ဝဝ)အကွာအဝေး အတွင်း၌ လျင်မြန်ပေါ့ပါးစွာ ထိန်းချုပ်လှည့်လည် မောင်းနှင်နိုင်ခြင်းများကို ဆောင်ရွက်နိုင်သော စွမ်းရည် များရှိကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားကျောင်းသူများအား တီထွင်ဖန်တီး ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Robotic Controlled Trolley(Mg Banmaw-01)နှင့် Remote Controlled Trolley (Mg Kachin -01) ကို ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ Temperature Scanning Monitoring System ကို ဗန်းမော်လေဆိပ်သို့ လည်းကောင်း၊ Water Dispenser and Soap Dispenser များကို နန့်ဖားဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဗန်းမော်တက္ကသိုလ်သို့ လည်းကောင်း၊ ဈေးနှုန်းသက်သာသော အပူချိန်တိုင်းကင်မရာကို ဗန်းမော်မြို့၏ မြို့အဝင်အထွက်ဂိတ်များတွင် အသီးသီးတပ်ဆင်လှူဒါန်းခဲ့ပြီး ယခုအခါ Remote Controlled Trolley (Mg Kachin -02)ကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)