“ခြောက်တိုင်းလည်းမကြောက်နဲ့၊ မကြောက်ပဲလည်းမနေနဲ့၊ မြှောက် တိုင်းလည်းမမြောက်နဲ့၊ မမြောက်ပဲလည်းမနေနဲ့” (ဒေါ်အောင်ဆန်းစုကြည်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ကျွန်မ အကြိမ်ကြိမ်အခါခါ မျှဝေခဲ့တဲ့ ပခုက္ကူဆရာတော်ဘုရားကြီး ဖေဖေ့ကို ချီးမြှင့်ခဲ့တဲ့ ဆုံးမဩဝါဒကို နောက်တစ်ဖန်ဝေမျှပါရစေ။ “ခြောက်တိုင်းလည်းမကြောက်နဲ့၊ မကြောက်ပဲလည်းမနေနဲ့၊ မြှောက် တိုင်းလည်းမမြောက်နဲ့၊ မမြောက်ပဲလည်းမနေနဲ့” ဆိုတာလေ။ ထပ်တလဲလဲတော့ ပထမပိုင်းကို Covid နဲ့ပတ်သက်လို့ ညွှန်းခဲ့ပါတယ်- အကြောက်မလွန်ဖို့နဲ့ သတိ လက်မလွတ်ဖို့ နှိုးဆော်တာပါ။

ဒီတစ်ခါတော့ ဒုတိယပိုင်းကို အဓိကထား ပြောချင်ပါတယ်။ မြှောက် တိုင်းလည်း မမြောက်နဲ့ဆိုတာကတော့ အဓိပ္ပါယ်ရှင်းပါတယ်။ ‘မမြောက်ပဲလည်းမနေနဲ့’ အပိုင်းကို ဆရာတော်ဘုရားကြီး ရှင်းပြ တော်မူခဲ့တာကတော့၊ ချီးမွန်းခံရရင်၊ ချီးမွန်းစရာဖြစ်စေတဲ့အချက် တွေကို တန်ဖိုးထားပြီး ဆက်လက်ထိန်းသိမ်းထားပါ။ တစ်နည်းပြောရမယ်ဆိုရင်၊ ကိုယ့်ရဲ့ ကောင်းတဲ့ အရည်အချင်း၊ လုပ်ရပ်တွေကို ပြုစုပျိုးထောင်ပါ။

Covid နဲ့ပတ်သက်လို့ ကျွန်မတို့နိုင်ငံရဲ့ အစီအစဉ်တွေကို ချီးကျူးတာတွေ ရှိလာပါတယ်။ အစကတော့ ဒီလောက်ပြဿနာကြီးကို ကျွန် မတို့နိုင်ငံက ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ကြသူတွေက အခုတော့ ကျွန်မတို့ရဲ့လုပ်ရပ်တွေဟာ သင့်တော်ကောင်းမွန်တယ်လို့ အသိအမှတ်ပြုလာကြပါတယ်။ ဒီအချိန်က မမြောက်ပဲလည်း မနေရမဲ့ အချိန်ပေါ့။

ချီးကျူးကြတဲ့အခါ ကျွန်မကတော့၊ ဒီလောက်ဆောင်ရွက်နိုင်တာဟာပြည်သူတွေကို အဓိကထားလို့ပါ၊ တစ်နိုင်ငံလုံး ပါဝင်လုပ်ဆောင်ကြလို့ပါ၊ မည်သူမျှ မကျန်ခဲ့စေရဆိုတဲ့မူကို လက်ကိုင်ထားလို့ပါလို့ ရှင်းပြလေ့ရှိပါတယ်။ ခရီးကတော့ မဆုံးသေးပါဘူးဆိုတာကိုလည်း အသိအမှတ် ပြုပါတယ်။ ကျွန်မတို့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းထားရမယ်ဆိုတာကို သတိရှိနေရတယ်။

မြှောက်တာတွေကြောင့် နည်းနည်းလေးတော့ မြောက်ကြရအောင်၊ ဆက်လက်ချီးမွမ်းစရာဖြစ်အောင် အားလုံးပူးပေါင်းပြီး Covid ကိုအပြီးအပြတ်် အနိုင်ယူနိုင်ဖို့ ဇွဲ၊လုံ့လတွေ ထုတ်ကြရအောင်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •