ဂါလန်(၈၀၀၀)ဆံ့ဆီသယ်ယာဉ်မှ (၂)လက်မပန့်ဖြင့် ဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းရာမှ မီးလောင်မှုဖြစ်ပွား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

လှည်းကူး  ဒီဇင်ဘာ  ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၊ အမှတ်(၂)လမ်းမ ဘေး၊ မိုင်တိုင်(၂၇)မိုင်(၅)ဖာလုံရှိ ဒေါ်နွေးနွေး(၃၈)နှစ်၏ ဆီသိုလှောင်ကန်အတွင်းသို့ ယနေ့ နံနက် (၁၁)နာရီ (၃၃)မိနစ်ခန့်က ဂါလန်(၈၀၀၀)ဆံ့ဆီသယ်ယာဉ်မှ (၂)လက်မပိုက်အသုံးပြု၍ ပန့်ဖြင့် ဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂါလန် (၈၀၀၀)ဆံ့ဆီသယ်ယာဉ်မှ ဆီသိုလှောင်ထားသော အကျယ် (၁၅၀x၅၀)ပေ သွပ်မိုး၊ ဂါလန်(၄၀၀၀)ဆံ့ ဆီသိုလှောင်ကန် (၂)လုံးအတွင်းသို့ Ground Earth အသုံးပြုခြင်းမရှိဘဲ(၂)လက်မ လည်ချောင်းပိုက်အသုံးပြု၍ ပန့်ဖြင့် ဒီဇယ်ဆီရွှေပြောင်းရာမှ တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒါးပိန်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထောက်ကြန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီးအပါအဝင် ရန်ကုန် မြို့နယ်အတွင်းမှ မီးငြှိမ်းသတ်ယာဉ်  စုစုပေါင်း(၁၀)စီး၊ အမြှုပ်မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ မီးသတ်ရေသယ် ယာဉ်(၂)စီး၊ ကွပ်ကဲမှုယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၇)ဦးတို့ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ နေ့လည်(၁၂) နာရီ(၁၅)မိနစ်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒီဇယ်ဆီ(၁၅၀၀)ဂါလန်၊ ဂါလန်(၈၀၀၀)ဆံ့ ၂၂ ဘီးယာဉ်၏ ခေါင်းခန်းနှင့် ယာဉ် ပေါ်ပါဆီတိုင်ကီ၏ အချင်း(၆)ပေ၊ အရှည်(၄)ပေရှိ ဆီကန့်(၁)ခု၊ (၁၀၀x၅၀)ပေသွပ်မိုး၊ မြေစိုက်အဆောက်အဦး ၏(၂၀x၅၀)ပေခန့် မီးလောင်ခံရသဖြင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ်သိန်း(၉၀)ခန့် ဆုံးရှုံးခဲ့ပြီး အလုပ်သမားဖြစ်သူ ဦးဇင်ကိုထက်(၁၇)နှစ် ဇရပ်ကွင်းကျေးရွာ၊ သံလမ်းနေထိုင်သူတွင် ယာခြေမီးဟပ်၊ ပွန်းပဲ့၊ ယာပုခုံးပွန်းပဲ့ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သောကြောင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးအားပေါ့ဆစွာသုံးစွဲခဲ့သည့် အောင်မင်းဟိန်း(၁၉)နှစ် ဇရပ်ကွင်းကျေးရွာ၊ လှည်းကူးမြို့နယ်နေသူအား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)


Spread the love
  •  
  •  
  •  
  •  
  •  
  •