ဂျကာတာ အစည်းအဝေး တိုးတက်မှု မယ်မယ်ရရ မရှိဘဲ ပြီးဆုံးခဲ့သော်လည်း ပြည်သူများဖက်က အောင်ပွဲရလိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂျကာတာ အစည်းအဝေး တိုးတက်မှု မယ်မယ်ရရ မရှိဘဲ ပြီးဆုံးခဲ့သော်လည်း ပြည်သူများဖက်က အောင်ပွဲရလိုက်
******************************************

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ မြန်မာအရေး အထူး အစည်းအဝေးသည် ကြေညာချက် ထုတ်ပြန်နိုင်ခြင်း မရှိဘဲ ပြီးဆုံးသွားခဲ့လေသည်။ အာဆီယံသည် ဒီမိုကရေစီ နိုင်ငံများ၊ အာဏာရှင်များ၊ ကွန်မြူနစ်များ နှင့် အကြွင်းမဲ့ အာဏာကို ပိုင်စိုးထားသော ဘုရင်များ ဖြင့် ဖွဲ့စည်းထားသဖြင့် မြန်မာနှင့် ပတ်သက်၍ တူညီသော ရပ်တည်ချက် တခု ဖေါ်ဆောင်နိုင်ခဲ့ခြင်း မရှိဟု ရိုက်တာ သတင်းက ဆိုသည်။

နောက်ဆုံးတွင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်း အလိုက် မိမိတို့ သဘောထားကိုသာ ထုတ်ဖေါ်ပြောဆိုကြရန် လမ်းဖွင့် ပေးခဲ့ရသည်။ ယင်းနှင့်အတူ မလေးရှား၊ အင်ဒိုနီရှား၊ ဖီလစ်ပိုင် နှင့် စင်္ကာပူတို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ အမြန် ပြန်လွှတ်ပေးရန် တောင်းဆိုသည့် ကြေညာချက်များ အသီးသီး ထုတ်ပြန် လာခဲ့ကြသည်။ ထိုအထဲတွင် ဖီလစ်ပိုင်၏ ကြေညာချက်သည် အံ့ဩစရာ ကောင်းလောက်အောင် ပြင်းထန် နေသည်ကို တွေ့ရသည်။ ဖိလစ်ပိုင် ကိုယ်စားလှယ်မှ ယခင် အနေအထား ကို ချက်ခြင်း ပြန်လည်ထားရှိပေးရန် ပြောဆိုသွားခဲ့သည်။

ကုလ၊ အမေရိကန်၊ အီးယူ နှင့် တရုတ်နိုင်ငံများသည် အာဆီယံကို မြန်မာ အရေး ဖြေရှင်းပေးရန် အထူး အားထားခဲ့ကြသည်။

ထိုသို့ ဖြစ်ခဲ့ရမှု အတွက် မိမိစိတ်ပျက်မိကြောင်း နှင့် အဖွဲ့ကြီး၏ အနေအထား အားနည်းသွားမည်ကို စိုးရိမ် မိကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

အဖွဲ့ ဥက္ကဌ ဖြစ်သော ဘရူးနိုင်းကမူ အကြမ်းဖက်ခြင်းအား ရှောင်ရှားရန် နှင့် အမေရိကန်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးကို မကြာမီ ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး က အာဆီယံ ကျွမ်းကျင်သူများ အဖွဲ့မှ ရွေးကောက်ပွဲတွင် ကွဲလွဲချက်များကို ဝင်ရောက် စစ်ဆေးပေးနိုင်ကြောင်း အဆိုပြုခဲ့ပြီး ဒေသတွင်းသို့ ပြင်ပမှ စွက်ဖက်လာမှုများ ဖြစ်ပေါ်လာအောင် ဖိတ်ခေါ်သည့် လုပ်ရပ်များမှ ရှောင်ကျဉ်ရန် ပြောဆိုခဲ့ပြီး အာဆီယံ၊ မြန်မာ နှင့် ပြင်ပ အင်အားစုများဖြင့် “အာဆီယံ ဖိုခနောင့်ဆိုင် အဖွဲ့” ဖွဲ့စည်းရန် တင်ပြသွားကာ အင်ဒိုနီရှားက အာဆီယံ မှ ဝင်ရောက် ဖြန်ဖြေ ပေးနိုင်ရေး အတွက် စစ်အုပ်စုမှ တံခါး ဖွင့်ပေးရန် တောင်းဆိုသွားခဲ့သည်။

အာဆီယံသည် ပြည်တွင်းရေးကို ဝင်မစွက်ဟူသော မူကို စွဲကိုင်ထားသည်မှာ မှန်သော်လည်း ထို့အတွက် အဖွဲ့ဝင်နိုင်ငံများက အာဆီယံ၏ ပဋိညာဉ် ဖြစ်သော ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ အစိုးရကောင်း တရပ်ဖြစ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ နှင့် ညီသော အစိုးရ တရပ် ဖြစ်ရေးတို့ကို လေးစားလိုက်နာရန် တာဝန်ရှိသည်ဟု သူမ က ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေ စစ်အာဏာသိမ်း အဖွဲ့သည် အာဆီယံ သံတမန် စစ်မျက်နှာတွင်လည်း အကြီးအကျယ် အရေးနိမ့်သွားခဲ့ရပြန်သည်။ အာဆီယံသည် စစ်အာဏာသိမ်း အဖွဲ့ကို အစိုးရ အဖြစ် အသိအမှတ် မပြု သည့်အပြင် ဝဏ္ဏမောင်လွင်ကိုလည်း အာဏာသိမ်း အဖွဲ့အား ကိုယ်စားပြုသူ တဦးဟုသာ သဘောထား ခဲ့ကြသည်။ ယခုအခါ အာဆီယံသည် မြန်မာပြည်၏ အခြေအနေနှင့်ပတ်သက်၍ ဒေသတွင်း တည်ငြိမ်ရေးကို လုံးဝခြိမ်းခြောက်လာနေပြီ ဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံလာကြပြီ ဖြစ်သည်။

ဤသည်ကလည်း ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။ အစည်းအဝေး ကျင်းပမည်ကို သိသိကြီးနှင့် တနိုင်ငံလုံး အနှံ့လူသတ်ပွဲကြီးများ အင်နှင့် အားနှင့် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ အဖို့က ဆန္ဒပြပွဲများ အစည်းအဝေး မတိုင်မီ ချုပ်ငြိမ်းသွားအောင် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။ အစည်းအဝေး ကျင်းပနေသည့် အချိန်မှာပင် ရန်ကုန်မြို့ လယ်နှင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် မျက်ရည်ယိုဗုံးများ၊ Stun grenade ခေါ် အသံဗုံးများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ယမ်းနံ့များနှင့် ဖုံးလွှမ်းနေပေသည်။

အာဆီယံ အနေဖြင့် အာဖရိကနိုင်ငံများ သမဂ္ဂ နှင့် တောင်အမေရိက နိုင်ငံများ အဖွဲ့ကြီးကဲ့သို့ မည်သို့သော အကြောင်းပြချက်မျိုး နှင့် မဆို အာဏာသိမ်းမှုကို လက်မခံ၊ တုန့်ပြန်သွားရမည်ဟူသော လုပ်ငန်းစဉ်တခု ချမှတ်ရတော့မည် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့၏ လက်နက်ဖြင့် အကြမ်းဖက်နေခြင်းကို မြန်မာ လူငယ်လေးများ၏ ရဲဝံ့စွာ ဆန့်ကျင် တွန်းလှန်နေမှုများက ကမ္ဘာတဝှမ်းလုံး၌ မည်သို့မျှ လစ်လျူရှု၍ မရအောင် ရုပ်သံဖိုင်များ ပျံ့နှံ့လာနေပြီ ဖြစ်သည်။

ဗြိတိန်မှ မြန်မာ အရေး ဆွေးနွေးရန် ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ရန် တင်သွင်းလိုက်ပြီး လော့စ်အိန်ဂျဲလိစ် မြန်မာ ကောင်စစ်ဝန်ရုံး မှ သံရုံးအုပ် ဒေါ်မြမြကြည်မှလည်း CDM တွင် ပါဝင်လာပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်များအားလုံးသည် ၎င်းတို့ ပညာရည်နို့ သောက်စို့ခဲ့ရာ စစ်ကျောင်းတိုက်ကြီးမှ Bunker mentality ခေါ် စိတ်ရောဂါများ စွဲကပ်လာကြသူများ ဖြစ်သည်။ Bunker mentality စိတ်ဝေဒနာရှင်များသည် မိမိ၏ အပြုအမူများကို မျက်စိပိတ် နားပိတ် ကာကွယ်ရန်သာ အားသန်ခြင်း၊ မိမိတို့သည်သာ အမှားနှင့် အမှန်ကို ခွဲခြားနိုင်စွမ်း ရှိသူများ ဖြစ်ပြီး ဝေဖန်မှုကို နည်းနည်းမှ သည်းမခံတတ်ခြင်း တို့ ရှိနေကြသည်။

ထိုသို့သော လူများအား သံတမန်ရေးအရ အပြင် လူထု စည်းရုံးရေး အရပါ အနိုင်တိုက်ရန် လွန်စွာ လွယ်ကူ လွန်းနေပြီ ဖြစ်သည်။

CRPH မှ အာဆီယံ အစည်းအဝေး မစမီမှာပင် တရားဝင် အစိုးရ ကို လူသိရှင်ကြား အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့သဖြင့် ပြည်သူတရပ်လုံး၏ ထောက်ခံမှုကို တမဟုတ်ချင်း ရရှိသွားခဲ့ပြီး ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မိမိသည်သာ ပြည်သူများ ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ အာဏာကုန် လွှဲအပ်ခြင်း ခံရသော ကိုယ်စားလှယ် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားမဝင် အာဏာသိမ်း အဖွဲ့က မိမိကိုရာထူးမှ ဖယ်ရှားခြင်းသည် မည်သို့မျှ တရားမဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိီုန ဘလင်ကင် နှင့် ကုလ အထွေထွေ ညီလာခံ သဘာပတိ တူရကီ သံအမတ်ကြီး ဗော်ကန် ဘောစကီယားထံ တရားဝင် စာရေး အကြောင်းကြားလိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီမှ ဦးတင်မောင်လှိုင်ကို သံအမတ်ကြီး အဖြစ် တင်သွင်းလာပြီ ဖြစ်၍ အထွေထွေ ညီလာခံ ၏ Credential Committee မှ အမြန်ဆုံး အဆုံးအဖြတ် ပေးသွားမည်ဟု သိရသည်။

နိုင်ငံတခုတွင် အာဏာသိမ်းသည် ဆိုရာဝယ် လက်ရှိ အစိုးရ၏ အကျင့်ပျက် ခြစားမှုများကြောင့် တိုင်းပြည် စီးပွားရေး ဆိုးသည်ထက် ဆိုးဝါးလာနေပြီး ပြည်သူများ ဆင်းရဲတွင်း နက်လာခြင်း၊ ရွေးကောက်ပွဲ မသမာမှုအပေါ် အခြေခံပြီး ပေါ်ပေါက်လာသော ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်နေမှုများကြောင့် တိုင်းပြည် အခြေအနေ ဆိုးဝါးလာခြင်း အစရှိသည့် အကြောင်းများကြောင့်သာ စစ်တပ်က အာဏာသိမ်းယူခြင်းမျိုး ရှိသော်လည်း မြန်မာပြည်တွင်က ထိုသို့သော အခြေအနေများ တစုံတရာ မရှိပါဘဲလျှက် မဲစာရင်းမှားသည် ဆိုကာ အကြောင်း ပြ၍ ဗြောင်ကျကျ သိမ်းယူလိုက်သည့် အဖြစ်ကို တပြည်လုံးက နာကြည်းခံပြင်းလျှက်ရှိနေကြလေသည်။

ကမ္ဘာပေါ်တွင် မည်သည့်ဖက်က ကြည့်ကြည့် သိက္ခာအမဲ့ဆုံးသော မြန်မာ စစ်တပ်၏ အာဏာသိမ်းမှုကို ဒီတကြိမ် တွင်မည်သို့မျှ ခွင့်လွှတ်နိုင်စရာ မရှိတော့ဟုလည်း ယူဆလာကြလေပြီ။ ထို့အပြင် တနိုင်ငံလုံးရှိ တိုင်းရင်း သားအချင်းချင်း အရင်ကထက် ပင် ပို၍ စည်းလုံးညီညွတ်စွာဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို ပူးပေါင်းဆန့်ကျင် လာနေကြသည်ကို တွေ့ရကြောင်း Nikkei Asia Review တွင် ရေးသားလာခဲ့သည်။

ဝန်ထမ်းများ၏ CDM အထွေထွေ သပိတ်ကြီးနှင့် အတူ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များလည်း ရှေ့တန်းမှ ပါဝင်လာခဲ့ကြသည်။

ယခုအခါ မင်းအောင်လှိုင်သည် လမ်းပေါ်တွင် လူတယောက်မှ မတွေ့ချင်ဖူးဟု ဆိုကာ လုပ်ပိုင်ခွင့် အာဏာများ အပြည့်အဝ ပေးလိုက်ပြီ ဖြစ်၍ မြို့ကို သူပုန်ဝင်စီးသည့်အလား သောင်းကျန်းလာကြသဖြင့် ရပ်ရွာလူထုကလည်း ရရာပစ္စည်းများဖြင့် ခုခံ ကာကွယ်ရန် ပြင်ဆင်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။ မြိတ်မြို့ရှိ အိမ်တအိမ်ထဲသို့ ရဲနှင့် စစ်သားများ ဝင်ရောက်လာပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်ကာ တအိမ်လုံး ဖျက်ဆီးသွားပြီး ငွေသား ကျပ် လေးသိန်း နှင့် အေတီအမ် ကတ် ကို လုယက် သွားသည်ဟု ဧရာဝတီ သတင်းမှ ဓါတ်ပုံနှင့် တကွ ဖေါ်ပြလာပေသည်။ ဤသည်က နောက်တွင် ဖြစ်လာတော့မည့် အဖြစ်ဆိုးများ၏ အစ tip of the iceberg ကြီးပင်။

၎င်းတို့ဖက်မှ ထိုသို့ သောင်းကျန်းလာမည့် အရေးကို ရိပ်စားမိ၍ CRPH မှ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် တရားဝင် သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ မိမိကိုယ်ကို မိမိ ခုခံကာကွယ်ခြင်း မြောက်သည်ဟု ဥပဒေကြောင်းအရ သတ်မှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ရပ်ကွက်တိုင်း လမ်းတိုင်းတွင် အကြမ်းဖက် သမားများ၏ ဥပဒေမဲ့လုပ်ရပ်များကို ကာကွယ်ရန် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းကြရပေတော့မည်။ ထိုသို့မလုပ်လျှင် မိမိတို့ အိမ်ရှိ သမီးပျို များကို သပိတ်ထဲ ပါဝင်သောကြောင့် ဆိုကာ ဝင်ရောက်၍ ဆွဲလားရမ်းလား လုပ်လာကြမည့်အရေးအတွက် ထိုအဖြစ်ဆိုးများကို ယခုမှစ၍ ကာကွယ်ကြရန် စဉ်းစားသင့်သည်။

ယခုအခါ ပြည်သူတရပ်လုံးက ရင်ကြားစေ့ရေး ပြောဆိုလာသူကို ရန်သူအဖြစ် ဆက်ဆံကြမည့် အနေအထားသို့ ဆိုက်ရောက်သွားသဖြင့် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့အတွက် ထွက်ပေါက် ပိတ်နေပြီ ဖြစ်သည်။ လက်ရှိ အကျပ်အတည်းကို စစ်အာဏာရှင် အမြစ် ပြတ်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်လာကြသည်။ သို့သော် စေ့စပ်ဆွေးနွေးခြင်း မပြုဘဲနှင့် ၎င်းတို့၏ အနေအထားကို အလွယ်တကူ အလျော့ပေးမည် မဟုတ်ပေ။

သို့သော်လည်း လက်ပါးစေ တပ်မှူးများကမူ အောင်မြင်သွားပါက ချီးမြှောက်ခံရတော့မည်၊ ဝေစုများ ရတော့ မည်ဟူသော စိတ်ဖြင့် အားတက်နေကြသော်လည်း အောက်ခြေ စစ်သားများကမူ မဖြစ်စလောက် လစာ ငွေလေးဖြင့် မင်းအောင်လှိုင် မိသားစု၏ စီးပွားရေး အင်ပိုင်ယာကြီးကို ကာကွယ်ရင်း ပြည်သူများနှင့် နေ့တဓူဝ လမ်းများပေါ်တွင် ပြည်သူ့ စိမ်ရည် အသင့်ခံကာ ထိတ်တိုက်ရင်ဆိုင်နေကြရလေသည်။

၎င်းတို့ တော့ ဘယ်လို နေမည်မသိ၊ မြင်ရကြားရသူ အပေါင်းက ရှက်စရာ ကောင်းလှပေသည်၊ အသိဉာဏ်မရှိသူ တို့၏လုပ်ရပ်အဖြစ် ထင်မြင်လာနေကြပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် နေပြည်တော်မှနေ၍ ကြေညာချက်များ ထုတ်ပြန်ကာ ရာထူးများ ခန့်အပ်နေသော်လည်း တလကြာလာသည့်တိုင် ရပ်ကွက်တခုကိုပင် လက်နက်မပါဘဲ နိုင်နင်းစွာ ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။ ထိုအနေ အထားကို ဆက်လက်ထိန်းသိမ်းထားရမည်သာ ဖြစ်သည်။

လက်ရှိ အစိုးရကို လက်နက်အားကိုး ဖြင့် ဖြုတ်ချ ခဲ့မှုကြောင့် ပြည်သူတရပ်လုံး၏ အုံကြွ ဆန့်ကျင်ခြင်း ခံရသည့် အာဏာသိမ်းမှုမျိုးကို နိုင်ငံတော် ပုန်ကန်မှုဟု ခေါင်းစဉ်မတပ်လျှင် အခြား အဘယ်သို့သော အမှုမျိုးကို ခေါ်ဆို ရပေဦးမည်နည်း။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •