ဂျူးလော်ဘီ အား ဒေါ်လာ နှစ်သန်း ပေး ငှားရမ်း ဦးကျော်မိုးထွန်းက ဒေါက်တိုင် ကြီး သုံးခု ဖြင့် ဖြိုလှဲမည်ဟု ဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဂျူးလော်ဘီ အား ဒေါ်လာ နှစ်သန်း ပေး ငှားရမ်း
ဦးကျော်မိုးထွန်းက ဒေါက်တိုင် ကြီး သုံးခု ဖြင့် ဖြိုလှဲမည်ဟု ဆို
***********************************

တနင်္လာနေ့က အမေရိကန် တရားရေး ဌာနသို့ လော်ဘီ လုပ်ရန် တရားဝင် မှတ်ပုံတင်သွင်းသော လျှောက်လွှာတွင် လော်ဘီလုပ်ရန် ဒေါ်လာ နှစ်သန်းတန် စာချူပ် ချုပ်ဆိုခဲ့ကြောင်း politico.com တွင် ဖေါ်ပြထားခဲ့သည်။

ယနေ့ CNN နှင့် ကပြုလုပ်သော အင်တာဗျုးတွင် မိမိတို့မှ ဒေါက်တိုင်ကြီး သုံးခု ဖြင့် အားပြုပြီး တိုက်ပွဲဝင်သွားမည်ဟု ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်၊ ပထမ ဒေါက်တိုင်သည် လမ်းပေါ်က က ပြည်သူများ ဖြစ်ပြီး၊ ဒုတိယ သည် အလုပ်သမားများ၏ အထွေထွေ သပိတ်တိုက်ပွဲ CDM နှင့် တတိယ ဒေါက်တိုင်ကြီး သည်ကား ပြည်သူလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ပင် ဖြစ်သည်ဟု ပြောသွားခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်း အဖွဲ့ သွေးပျက်သွားစေခဲ့သည့် “any means necessary” ဖြစ်သည့် နည်းလမ်းဖြင့် ဖြုတ်ချရမည် ဆိုသည့်စကား သည် ပြည်သူများ နောက်ထပ် အသက် မဆုံးရှုံးရန် ပြည်ပ မှ စစ်ရေး နည်းလမ်းဖြင့် ပါဝင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟု အတိအလင်း ပြောဆိုသွားခဲ့သည်။

ဦးကျော်မိုးထွန်း၏ တောင်းဆိုချက်ကား တရားနည်းလမ်း ကျပေသည်။ နိုင်ငံသည်ကား ကမ္ဘာ အဆင့်မှီ ထိပ်တန်း ခေါင်းဆောင်တဦး စီမံ အုပ်ချုပ်နေချိန်တွင် လက်နက်အားကိုးဖြင့် သိမ်းယူလိုက်သော လူဖျင်းလူညံ့ တယောက်၏ လက်တွင်းသို့ မမျှော်လင့်ဘဲ ကျရောက်သွားသည်နှင့် အမျှ ပြည်သူများ၏ ပြင်းထန်သော ဆန့်ကျင် အုံကြွမှု နှင့် နေစဉ်လို ရင်ဆိုင်နေရလေသည်။ မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများသည် လူထု တရပ်လုံး ဆယ်နှစ်တာမျှ ရရှိခဲ့ပြီးသော စီးပွားရေး၊ လူမှုရေး လွတ်လပ်ခွင့် များ ဆုံးရှုံးခံနိုင်ခြင်း မရှိတော့ခြင်း နှင့် အတူ မိမိတို့ ၏ မဲပြားများကို လက်နက်အားကိုးဖြင့် အဓမ္မ ဖျက်သိမ်းခံ လိုက်ရပြီ ဟူသော ပြင်းထန်သည့် စိတ်ခံစားမှုများ အစရှိသည် တို့ အပေါ် အကြီးအကျယ် အတွက်အချက် မှားယွင်းခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာ ပြည်တွင် စစ်တပ်က အာဏာသိမ်း ခဲ့သမျှထဲတွင် အညံ့ဆုံး အဖွဲ့ ဖြစ်ပြီး ထိုအဖြစ်ကို ရှက်ရမ်း ရန်းလာနေသည်နှင့်အမျှ တဖြေးဖြေး သူပုန်သာသာ အဆင့်သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

ဆန္ဒပြ ပြည်သူများ က တိုက်ပွဲ အရှိန် မြှင့်တင် သည့် အနေဖြင့် ရေနံ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးရှိ ပန့် စခန်း ရှေ့တွင် မီးရှို့ပြစ်မည်ဟု ကြွေးကြော်သံများ ဟစ်အော်လာနေချိန်တွင် အာဏာသိမ်း အဖွဲ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများကို ပိုက်လိုင်း အစည်းအဝေး ပေါက်ကြားမှု ကြောင့်ဟု ဆိုကာ ဝင်ရောက် ဖမ်းဆီး ခဲ့ကြပြီး လန်ဒန်ရှိ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်း အား သံတမန် ကျင့်ဝတ်များ ဖေါက်ဖျက်သည် ဆိုကာ ပြန်လည် ခေါ်ယူကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ယင်းကိစ္စအပေါ် ဗြိတိသျှ နိုင်ငံခြားရေး ရုံးက တစုံတရာ ထင်မြင်ချက် မပေးသေးပေ။ ဦးကျော်စွာမင်း သည် ဒိန်းမတ် ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ပူးတွဲ တာဝန်ယူထားရသဖြင့် ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးမှလည်း ဂုဏ်ပြုချီးကြူးခဲ့သည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား ကမ္ဘာနိုင်ငံများက မည်သူမျှ အသိအမှတ် မပြု ဖြစ်လာနေသဖြင့် တပ်တွင်း စိတ်ဓါတ် မြင့်မားရေး အတွက် တတိုင်းပြည်လုံး အကျပ်အတည်းကြီး ကျရောက်ကာ အလူးအလဲ ရုန်းကန် တိုက်ပွဲဝင်နေရစဉ်တွင် နေ့စဉ်လို သတင်းမှား များ ထုတ်ပြန်ခြင်း၊ စစ်ကောင်စီ အစည်းအဝေး ခေါ်ယူကာ တတိုင်းပြည်လုံး သာသာယာယာ ဖြစ်နေလေဟန် တောင်စဉ်ရေမရ ပြောဆိုပြီးနေရသည့်ချိန်တွင် CRPH အစိုးရသည် မိမိတို့ အလုပ်ကို ပြည်သူတရပ်လုံး၏ ထောက်ခံမှု နှင့် အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင် နေကာ ယမန်နေ့ကလည်း နိုင်ငံ၏ ဒုသမ္မတ (ယာယီ) အဖြစ် အာဇာနည် ခေါင်းဆောင်ကြီး ဦးမန်းဘခိုင်၏ မြေး တော်သူ ဦးမန်းဝင်းခိုင်သန်း အား ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်ရှိ ဂျပန် သံအမတ်ကြီး သည် နေပြည်တော်သို့ သွားရောက်ပြီး ဝဏ္ဏမောင်လွင်ကို သွားရောက်ပြီး အကြမ်း ဖက်လုပ်ရပ်များ ရပ်တန့်ရန် ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း သံရုံး၏ ကြေညာချက်တွင် ဝဏ္ဏမောင်လွင်အား “နိုင်ငံခြားရေး ဝန်ကြီး” အဖြစ် ဖေါ်ပြခဲ့မှုကို လူထုက ကွန်မန့်များ သောင်းချီဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ ကြသည်။ ဂျပန်ဖက်မှ မိမိတို့ ပြောလိုသည်များ လက်ခံအောင် ခေါ်ဝေါ်ခဲ့ရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေရှင်းခဲ့သည်။

အာဏာသိမ်း အဖွဲ့မှ ၎င်းအား သစ္စာခံ တပ်များကို အသုံးပြု၍ နေ့အချိန်တွင် လမ်းပေါ်က လူထု နှင့် ရင်ဆိုင် နေရပြီး ညအချိန်တွင် အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုကို ဒရကြမ်း နှိမ်နှင်းလာနေပြီး မြို့ပြလူမှု အဖွဲ့အစည်းများ နှင့် လူထုအကျိုးဆောင် ဖေါင်ဒေးရှင်း ရုံး ခန်းများကို ဝင်ရောက်စီးနင်း ကာ ထင်တိုင်းကြဲလျှက် ရှိနေသည်။ ဤသည်ကပင် လူထု၏ CDM လှုပ်ရှားမှုကြီး က ၎င်းတို့အား မည်မျှအထိ ခြိမ်းခြောက်လာနေပြီ ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

ယမန်နေ့က NLD ပါတီ ၏ နောက်ထပ် အရာရှိတဦး ၎င်းတို့ လက်ချက်ဖြင့် ထပ်မံသေဆုံးသွားခဲ့ပြန်သည်။ သေဆုံးသွားသူသည် ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်ရှိ “စု သက်မွေး ပညာသင်ကျောင်း” မှ တာဝန်ခံ ကိုဇော်မြတ်လင်း ဟု သိရသည်။ မင်းအောင်လှိုင် သစ္စာခံ တပ်များက အဆိုပါ ကျောင်းကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော ဥပဒေမဲ့ လုပ်ရပ်များကြောင့် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံနေသူများသည် အထုပ်အပိုးပြင် လျှက်ရှိနေသည့် အဖြစ်ကိုလည်း စိုးရိမ်ကြောင့်ကြရကောင်းမှန်း မသိ၊ ၎င်းတို့အာဏာ တည်မြဲရေး အတွက် မိတ်ဆွေ အနည်းငယ် နှင့် သာ နေသွားမည်ဟု လူထု ကို ဗြောင်ကျကျ စော်ကား ကာ ရုရှား စီးပွားရေးသမားများ အား ပြည်တွင်း ခေါ်ယူလာနိုင်ရေး အတွက် ကြံစည်လာနေကြသည်။

လက်ရှိ မြန်မာ အရေးသည် နှစ်ဆယ်ရာစုနှစ် အတွင်းကလို သာမန် စစ်အာဏာသိမ်းမှု အဖြစ် ကမ္ဘာကြီးက ယခင်ကကဲ့သို့ မှတ်ယူခြင်း မရှိတော့ဘဲ တကမ္ဘာလုံးက လေးစားလိုက်နာရမည့် စံနှုန်း များ၊ ဒီမိုကရေစီ ကျင့်စင်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်မှု အဖြစ် အလေးအနက် ခံယူလာကြပြီ ဖြစ်၍ မင်းအောင်လှိုင်၏ လက်နက်မဲ့ ဆန္ဒပြသူများကို နေ့စဉ်လို သေနတ်နှင့် အားမရ ကားနှင့်ပင် လိုက်တိုက် သတ်နေသည့် အဖြစ် အတွက် တရားဥပဒေကြောင်း အရ အရေးယူနိုင်မှ ဖြစ်မည် ဟု နိုင်ငံတကာ အသိုက် အဝန်းက ခံယူထားကြလေသည်။ တဖန် ဝင်ရောက် စွက်ဖက်ခြင်း ဖြင့် ၎င်းတို့ အတွက် ခေါင်းခဲစရာ ဖြစ်နေသည့် “ရိုဟင်ဂျာ” ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ ကျူးလွန်သူများ ပြစ်ဒဏ်ကျခံရေး အတွက် ရုံးတင်တရားစွဲနိုင်ရန် နှင့် ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး အတွက် တလက်စာတည်း လမ်းပွင့်သွားနိုင်သည်ဟု တွက်ဆနေကြပြီ ဖြစ်သည်။

ထိုအရေး အတွက် အင်္ဂလန် ရှိ ဩဇာကြီးမားသော ဂါဒီယန်း သတင်းစာကြီးမှ မြောက်ကိုရီယား အရေး ဖြေရှင်းသလို တရုတ်၊ ရုရှား အပါအဝင် နိုင်ငံစုံ ညွှန်ပေါင်း အဖွဲ့ ကြီး တခု ဖွဲ့စည်းကာ ပူးပေါင်း ဖြေရှင်း သင့်ကြောင်း ချပြခဲ့သည်။

အီးယူ နိုင်ငံများ စစ်ဦးစီးချုပ် ရုံး ညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean သည် အာဏာသိမ်း အဖွဲ့ဝင် စိုးဝင်းကို တယ်လီဖုန်း ဖြင့် ဆက်သွယ်ကာ နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာကာ အကြမ်း ဖက်လုပ်ရပ်များ ချက်ခြင်း ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီး သွေးထွက်သံယို ဖြစ်မှုများ ရှောင်ရှားရမည်ဟု အလေးအနက် ပြောဆိုသွားခဲ့သည်။ ထို့အပြင် စစ်တပ်ဆိုသည်မှာ ပြည်သူများကို အကာအကွယ်ပေးရန်သာ ဖြစ်သင့်သည်ဟုလည်း သတိပေးသွားခဲ့သည်။

ပြည်သူများမှလည်း မိမိတို့ မြို့ရွာလုံခြုံရေး အတွက် မြို့ပြကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြောဆို ဆွေးနွေးလျှက် ရှိပြီး လစ်ဗျား အာဏာရှင် ကဒါဖီ ဖြုတ်ချရေး တွင် နေတိုးသည် မြို့ပြ ကာကွယ်ရေး အဖွဲ့များကို လေကြောင်းမှ ဝင်ရောက် အကာအကွယ်ပေးခဲ့သည့် အစဉ်အလာများ ရှိကြောင်း အမှတ်ရလာကြလေသည်။

လက်ရှိ အနေအထားအရ လူထုကြီးသည် မင်းအောင်လှိုင် အဖွဲ့ နှင့် မည်သည့် ပုံစံမျိုးနှင့်မျှ စေ့စပ်ဆွေးနွေး မည်ကို လက်ခံကြတော့မည်မဟုတ်သည့် အနေအထား ရောက်ရှိလာနေပြီ ဖြစ်သည်။

(မြစ်ကြီးနားတွင် တနင်္လာနေ့က ခရစ်ယာန် မယ်သီလရှင် ကြီး မှ “ကျမကို သတ်ပါ၊ ခလေးတွေ အသက် ချမ်းသာပေးပါ” ဟု တောင်းပန်တိုးလျှိုးနေသည့် ဓါတ်ပုံက ကမ္ဘာသတင်း မီဒီယာများ တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်)

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •