စက်ရုံများကို မီးရှို့မှု တရုတ် ပြင်းထန်စွာ တုံ့ပြန်၊မြန်မာပြည်သူများကို ကူညီပေးရန် ကုလ ပန်ကြား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စက်ရုံများကို မီးရှို့မှု တရုတ် ပြင်းထန်စွာ တုံ့ပြန်

မြန်မာပြည်သူများကို ကူညီပေးရန် ကုလ ပန်ကြား
•••••••••••••••••••••••••

ဖခင်များ သေဆုံးခဲ့ကြရ၍ မိဘမဲ့ ကလေးများ၏ မချိတင်ကဲ စူးစူးဝါးဝါး အော်ငိုသံများအား တရုတ်က ဆက်လက် လစ်လျုရှုထားနေဆဲ ဖြစ်သည်နှင့် အမျှ တရုတ်၏ ပုံရိပ်သည် နိုင်ငံသားများ အကြား တဖြေးဖြေး ကျဆင်းလျက် ရှိနေပေသည်။

ရလဒ် အဖြစ် တနင်္ဂနွေနေ့ နေ့လည် ၁:၃၀ ခန့်တွင် တရုတ် ပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တရုတ် ရုပ်သံ CGTN က ထုတ်လွှင့်ခဲ့သည်။

လူထုကြီးက သံတုတ်များ၊ ပုဆိန်များ
နှင့် ဓါတ်ဆီပုံးများ ယူလာကာ လုံခြုံရေး အစောင့်များ ကို အတင်းကျော်ဖြတ်၍
စက်ရုံ အဝင်ဝ နှင့် ဂိုဒေါင်များကို မီးတင်
ရှို့ခဲ့ကြသည်ဟု ဆိုသည်။

မီးရှို့ခံရသော စက်ရုံ နှစ်ရုံ အနက် တရုံ
သည် တရုတ်ပိုင် ဖြစ်ပြီး ကျန်စက်ရုံ သည် တရုတ်-မြန်မာ ဖက်စပ် ပိုင် ဖြစ်သည်ဟု
သိရသည်။

တရုတ်သံရုံး မှ စက်ရုံများကို တိုက်ခိုက်ခဲ့
ကြသူများအား “ဥပဒေချိုးဖောက်သူများ”
ဟု သုံးနှုံးလိုက်ပြီး ပြင်းထန်စွာ အရေးယူ
ပေးရန် အာဏာပိုင် ဆိုသူများကို တိုက်တွန်းသည့် ကြေညာချက် ထုတ်ပြန်လာ သည်ကို တွေ့ရသည်။ တရုတ်သံရုံး ပြောခွင့်ရ မှ မြန်မာပြည်သူများအား စစ်တပ်၏ ဥပဒေမဲ့ ပြစ်ခတ်နေခြင်းကို လျစ်လျုရှုကာ မိမိတို့၏ လိုလားချက်များကို ဥပဒေနှင့် အညီသာ တောင်းဆိုကြရန် နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေမှုအား ထိခိုက်အောင် မလုပ်ရန် ပြောဆိုခဲ့ပြန်သည်။

တရုတ်တို့က မြန်မာအား ၎င်းတို့ ပိုင် ဟောင်ကောင် အလား သဘောထားကာ
မောက်မာစွာ ဆက်လက် ပြောဆိုနေဆဲပင် ဖြစ်သည်။

အာဏာသိမ်း အဖွဲ့မှ ချက်ခြင်းလိုပင်
လှိုင်သာယာနှင့် ရွှေပြည်သာ နယ်မြေများတွင် မာရှယ်လော ထုတ်ပြန်လိုက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုးအား လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်ပြီဖြစ်သည်ဟု ဆိုသည်။

တရုတ်စက်ရုံများ မီးရှို့ခံရခြင်းသည်
မည်သည့်ဖက်ကဟု သဲကွဲစွာ မသိရသေး
သော်လည်း မင်းအောင်လှိုင်သည် တရုတ်
မှ ၎င်းဖက်တွင် အခိုင်အမာ ရပ်တည်ပေး
အောင် ကြံစည်မှုလည်း ဖြစ်နိုင်ပေသည်။

သို့သော် တရုတ်၏ အစိုးရ အာဘော်တပိုင်း အမျိုးသားရေး သတင်းစာဖြစ်သည့် ဂလိုဘယ်တိုင်းမ်က မိမိတို့မှ မြန်မာပြည်အရေး အား ဝင်စွက်မည်ဆိုက ဆိုးဝါးသော အကျိူးဆက်များ ထွက်ပေါ်လာနိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သည် အိမ်မက်ဆိုးကြီး သဖွယ် ဖြစ်လာနိုင်သည်ဟု ရေးသားခဲ့သည်။

သို့သော် မြန်မာတို့မှ ၎င်းတို့၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် တရုတ်စက်ရုံများကို ဓါးစာခံအဖြစ်အသုံးချလာခြင်းကို မည်သည့်နည်း
နှင့်မျှ ခွင့်ပြုမည် မဟုတ်ပဲ ထိုသို့ပြုလုပ်ရန် လှုံ့ဆော်သူများကို ပြင်းပြင်းထန်ထန်
အရေးယူရမည် ဟုလည်း ရေးသားခဲ့ပြန်သည်။

တချိန်တည်းမှာပင် မီးလောင်မှု ဖြစ်ပွားခဲ့သည့် လှိုင်သာယာ နယ်မြေတွင် ဆန္ဒပြ ပြည်သူများအား မင်းအောင်လှိုင် သစ္စာခံတပ်များက ဆက်လက် ပြစ်ခတ် သတ်ဖြတ်လျက် ရှိရာ တနင်္ဂ‌‌ နွေနေ့ တနေ့တည်း ၂၂ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိသွားကြောင်း နိုင်ငံရေး အကျဉ်းသားများ အကူ အညီ‌ ပေးရေး အဖွဲ့ (AAPP) မှ သတင်းထုတ်ပြန်ခဲ့ပြီး ယခု အချိန်ထိ တနိုင်ငံလုံးတွင် သေဆုံးသူ ၁၂၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း တရားဝင် အတည်ပြုခဲ့သည်။ သင်္ကန်းကျွန်းမြို့နယ် တွင်လည်း သေဆုံးသူ အနည်းဆုံး ခုနှစ်ဦး ရှိသည်ဟု သိရသည်။

အင်းစိန် နှင့် လှိုင်သာယာ သည် စစ်ပွဲဖြစ်ပွားနေသည့် နယ်မြေများသဖွယ် ဖြစ်လာနေပြီး ဝင်ရောက်လာသော စစ်ထရပ်ကားများအား ပြည်သူများက ရရာပစ္စည်းပေါင်းစုံ ဖြင့် လမ်းကို ပိတ်ဆို့ ခုခံနေကြပြီး မီးခိုးလုံးများ တက်လာနေသည်ကို တွေ့နေရသည်။

ပဲခူးတွင် တဦး၊ မန္တလေးတွင် တဦး နှင့် ဖားကန့် တွင် တစ်ဦး ထပ်မံ သေဆုံးခဲ့ရပြန်ပြီး တနင်္ဂနွေ တရက်တည်း ၃၈ ဦး သေဆုံးခဲ့ကြောင်း AAPP က ဆိုသည်။

မန္တလေးတွင် ဘုန်းကြီးကျောင်း တံခါးကိုပါ ရိုက်ချိုးဖျက်ဆီးပြီး အထဲရှိ ယာယီ ဆေးခန်းတွင် ကုသမှု ခံယူနေသာ ဒဏ်ရာရသူများကို ပါ အတင်း အဓမ္မ ဖမ်းဆီးခေါ်သွားကြကြောင်း နယူးယောက် တိုင်း သတင်းစာတွင် အသေးစိတ် ရေးသားထားသည်။

ကုလ အတွင်းရေးမှုးချုပ်၏ မြန်မာအထူး
သံတမန် ဖြစ်သူ ခရစ်စတင်း ရှရေနာ ဘာဂင်ဂါ မှ စစ်တပ်သည် နိုင်ငံတကာမှ ချုပ်
တည်းပါရန် ပန်ကြားတောင်းဆိုနေမှုကို
အာခံကာ ပြည်သူများ အပေါ် ဆက်လက်
သတ်ဖြတ်နေ၍ နိုင်ငံတကာ မှ အကူအညီ
ပေးကြပါရန် ထပ်မံ တောင်းဆိုပြန်သည်။

CRPH ၏ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာ က ပြည်သူများ ကျခဲ့သော သွေးတစက်တိုင်းအတွက် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ကျုးလွန်သူတိုင်းကို ဖေါ်ထုတ် အရေးယူသွားမည်ဟု ကြုံးဝါးလိုက်သည်။

မင်းအောင်လှိုင် အာဏာသိမ်း အဖွဲ့သည်
၎င်းအား ထောက်ခံသူ နှင့် လက်ပါးစေများကိုသာ ပြည်သူ ဟု ခေါ်ဆိုနေ‌ပြီး သန်း
ပေါင်းများစွာ သော ပြည်သူများကို
“ရာဇဝတ်ကောင်” များ အဖြစ် သုံးနှုံးလာ
နေပြီ ဖြစ်သည်။

ပြည်သူ ကျွေးသည့် ထမင်းကို စား၍ ပြည်သူများ အပေါ် သစ္စာစောင့်သိပါမည် ဟု နှစ်ပေါင်းများစွာ နှုတ်မှ တဖွဖွ ရွတ်
ဆိုခဲ့ကြ သော တပ်မတော် အရာရှိများသည်လည်း မင်းအောင်လှိုင် တဦးတည်းကိုသာ သစ္စာစောင့်သိနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များကြောင့် တိုင်းပြည်သည်လည်း ဒုသမ္မတကြီး ဦးမန်းဝင်းခိုင်သန်း ပြောသလို အမှောင့်တကာ အမှောင်မိုက်ဆုံး ကာလသို့ တစထက် တစ ချည်းနင်းဝင်ရောက်လာနေပြီ ဖြစ်သည်။ ထို့အပြင် မြန်မာစစ်အရာရှိများ၏ အမှားနှင့် အမှန်ကိုပင် မခွဲခြားနိုင်လောက်အောင် ကိုယ်ကျင့်တရားပိုင်း ယို့ယွင်း ဖေါက်ပြန်နေမှုများကို နေ့စဉ်လို ကမ္ဘာသိ ကြေညာပေးနေသကဲ့သို့ ဖြစ်လာနေပေပြီ။

ဒုသမ္မတ၏ အထက်ပါ စကားက ကမ္ဘာ
ကျော်သွားခဲ့ပြီဖြစ်သည်၊ အာဏာသိမ်း
အဖွဲ့ နှင့် ပြည်သူများ အကြား ထိတ်တိုက်
ရင်ဆိုင်နေမှုသည် ပြင်းထန်လာနေပြီး တဖက် နှင့် တဖက် အလျော့ပေးမည့် အရိပ်အယောင်များ မပြသေးသည့် အတွက် တိုင်းပြည်၏ စီးပွားရေးသည်အဆိုးဆုံး အနေအထား ရောက်သွားနိုင်
သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေ
ကြောင်း ဗီယက်နမ် သတင်းစာက ဖေါ်ပြခဲ့သည်။

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် အာဏာသိမ်းစဉ်က ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆထားကြပြီး ဖြစ်သော်လည်း ယခုလောက် ပြင်းထန်လိမ့်မည်ဟု ယူဆထားခဲ့ခြင်း အလျင်းမရှိပဲ အလျင်အမြန် ထိန်းချုပ်နိုင်လိမ့်မည် လျော့တွက်ခဲ့သည့် မဟာဗျူဟာ မြောက်အမှားကြီးကို ကျုးလွန်ခဲ့မှု ကြောင့် ယခုအခါ ရှေ့တိုး နောက်ဆုတ်မရ ဖြစ်လာခဲ့ရပြီဟု ပြည်ပရှိ လေ့လာသုံးသပ်သူများက တညီတညွတ်တည်း ကောက်ချက်ချ ပြောဆို လာကြပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် အခြေအနေများကို
ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ၎င်းအား
ကမ္ဘာ၏ အသိအမှတ်ပြုမှု ရလာလိမ့်မည်ဟု အလွယ်တကူ တွေးခဲ့သော်လည်းကိုယ်ဝန်ဆောင် မိခင်၏ နဖူးတည့်တည့်ကို ချိန်ရွယ်ပြစ်ခတ်ကာ အာဏာကို ဆုပ်ကိုင်ထားသူ အဖြစ် ကမ္ဘာတဝှမ်း က ရွံရှာခြင်းခံနေရ၍ ၎င်းမျှော်လင့်သလို မည်သည့်အခါမျှ ဖြစ်လာတော့မည် မဟုတ်ဆိုသည်
ကို ရိပ်စားမိခြင်း မရှိသေးပဲ ယခုအချိန်ထိ အနိုင်ရလိမ့်မည်ဟု မျှော်လင့်‌ နေဆဲပင်ဖြစ်သည်။

သို့သော် တပ်တွင်းစည်းလုံးညီညွတ်မှု
သည်ကား စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၈၀ အတွင်း တခါမျှ မကြုံဖူးအောင် စိန်ခေါ်ခြင်းခံလာရပြီ ဖြစ်သည်။

၎င်းအဖို့က လက်ရှိ သစ္စာခံနေသော တပ်များကို သုံးကာ ပို၍ အကြမ်းဖက် ဖြေရှင်းမည့် နည်းလမ်းသာ ရှိတော့ပြီး ထို့အတွက် မည်သို့မည်ပုံ ပေးဆပ်ရမည်ကို စောင့်ကြည့်ဖို့သာ ရှိသည်ဟု မြန်မာအရေး လေ့လာသူ ဒေးဗစ် မက်သီဆန်က ပြောသည်ဟု Taipei Times သတင်းစာတွင် ရေးသားထားသည်။

သတင်းစာက ဆက်လက်ရေးသားရာတွင်
ဆိပ်ကမ်း ဝန်ထမ်းများ၏ သပိတ်မှောက်
နေမှုကြောင့် ကုန်သွယ်ရေးသည် လုံးဝရပ်
ဆိုင်းသွားခဲ့ပြီ ဖြစ်သည်ဟု ဖေါ်ပြထားသည်။

သယံဇာ အရင်းအမြစ် နှင့် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်း ၅၆% သည် CDM လှုပ်ရှားမှုတွင် ပါဝင်လျက် ရှိနေသည်ဟုလည်း ဖေါ်ပြထားသည်။

ပြည်သူများ၏ မကြုံဖူးအောင် စစ်တပ်အား ဆန့်ကျင် အုံကြွ‌ နေမှုများက ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီး မုံရွာ မြို့နယ်မှ ၎င်းတို့ မြိုအတွက် ပြည်သူ အုပ်ချုပ်ရေး အဖွဲ့ နှင့် ရဲတပ်ဖွဲ့ကို တည်ထောင်လိုက်ပြီဟု ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် လူများ သေဆုံးနေရခြင်းသည် လူမျိုးရေး ပဋိပက္ခကြောင့် အချင်း
ချင်း သတ်ဖြတ်နေကြခြင်းမျိုး မဟုတ်ပဲ
လက်နက်မဲ့ အရပ်သားများကို လက်နက်
ကိုင် စစ်တပ်က နေ့စဉ်လို စိတ်ကြိုက် ပြစ်
ခတ် သတ်ဖြတ်နေသည့် လူမဆန်သော
လုပ်ရပ်များသာ ဖြစ်သည်၊ အဆိုပါ အဖြစ်
ဆိုးကြီးအား နှစ်ဆယ်တရာစုနှစ် ၏ ယဉ်ကျေးသော လူ့အသိုက်အဝန်း တရပ်လုံးက မည်သည့် အချိန်အထိ လက်ပိုက်၍ ကြည့်နေကြမည် ဆိုသည်ကို သမိုင်းက တာဝန်သိစွာဖြင့် မှတ်ကျောက်တင်သွားမည်သာ ဖြစ်ပေသည်။

မိမိတို့ အရေး မိမိတို့ အားဖြင့် အနိုင်တိုက်
မည့် အရေးတော်ပုံကြီး အောင်ရမည်!!!

Image credit – Taipei Times


Spread the love
  •  
  •  
  •  
  •  
  •  
  •