စစ်တွေမြို့ COVID-19 လူနာများမှ စက်တင်ဘာလ (၁၄) ရက်တွင် ဆေးရုံဆင်းခွင့်ရသူ (၃၈)ဦး​ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်တွေမြို့ COVID-19 လူနာများမှ စက်တင်ဘာလ (၁၄) ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃၈)ဦး ရှိ

စစ်တွေ၊ စက်တင်ဘာ( ၁၄)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွင် စစ်တွေပြည်သူ့ဆေးရုံမှ  (၂၅)ဦးနှင့် စစ်တွေတိုင်းရင်းဆေးရုံမှ (၁၃)ဦး၊ စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ (၃၈)ဦး တို့မှာ စက်တင်ဘာလ(၁၄)ရက် နေ့လယ် (၁ )နာရီ တွင် ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။

 

ထို့ကြောင့် စစ်တွေမြို့တွင် ဓာတ်ခွဲအတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ရရှိသည့် အရေအတွက်မှာ စက်တင်ဘာ (၅)ရက်မှ စက်တင်ဘာ (၁၄)ရက်အထိ စုစုပေါင်း (၂၁၄) ဦးရှိပြီ ဖြစ်သည်။ စစ်တွေမြို့ ပြည်သူ့ဆေးရုံ၊ စစ်တွေသူနာပြုသင်တန်းကျောင်း၊ စစ်တွေတိုင်းရင်းဆေးရုံတို့တွင် တက်ရောက် ဆေးကုသမှု ခံယူနေသည့် လူနာအရေအတွက်မှာ စက်တင်ဘာ(၁၄)ရက် အထိ (၁၈၁)ဦး ကျန်ရှိနေကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရရှိသော အတည်ပြုလူနာများမှာ COVID-19 ရောဂါ စစ်ဆေး၍ ပိုးမတွေ့ရှိသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး၊ ဆေးရုံဆင်းပြီးနောက် မိမိနေအိမ်တွင် (၇ )ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည် ဖြစ်သည်။ အဆိုပါဆေးရုံဆင်းလူနာများကို ရောဂါပျောက်ကင်းကြောင်း လက်မှတ်ပေးအပ်ခြင်း၊ ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ခြင်း၊  ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို တိကျစွာ လိုက်နာကြရန် မှာကြားခြင်းတို့ ပြုလုပ်ကြသည်။

ယခုလို ဆေးရုံဆင်းခွင့်ပြုသည့် အတည်ပြုလူနာများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး နေအိမ်များသို့ လိုက်လံပို့ဆောင် ပေးကြကြောင်း သိရသည်။

#စစ်တွေသတင်းဌာနခွဲ
#MRTV


Spread the love
  •  
  •  
  •  
  •  
  •  
  •