စစ်မျက်နှာစာ အသီးသီးဝယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်မျက်နှာစာ အသီးသီးဝယ်
********************

ယခု တင်ပြမှုသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော CNN သတင်းဌာန ကြီး၏ နိုင်ငံတကာ သတင်းထောက်ချုပ် Mrs. Clarissa Ward ရေးသားသော “On All Fronts” စာအုပ်၏ နိဒါန်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ၊ ၂၀၁၁
ဒမတ်စကပ်၊ ဆီရီးယား

အသုဘ လိုက်လံ ပို့ဆောင်ကြသည့် တမျှော်တခေါ် ကြီး ရှည်လျှား များပြားလှသော လူအုပ်ကြီးမှာ ကျမရှိရာ ဖက်သို့ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်ကို စိုက်ကြည့်နေမိသည်။ အခေါင်းကို အပေါ်သို့ မြှောက်ကာသယ် ဆောင်လာကြပြီး တထောင်ခန့်မျှ ရှိမည် ထင်ရသော လက်များက အခေါင်းကို အလုအယက် ထိကိုင်ကာ ဆုတောင်းပေးနေကြ၍ ဒီယီးဒယိုင်ဖြင့် လမ်းတလျှောက် ရွေ့လျားလာနေသည်။

အခေါင်းကို ထမ်းလာကြသော လူများသည် အေးစိမ်လှသော နေ့လည့်ခင်းတွင်ပင် ချွေးများနှင့် စိုရွှဲနေသည်။ သူတို့၏ ဘေးပတ်ပတ်လည်တွင် လူများက ဘေးမှ အသားချင်း ထိအောင် ဝိုင်းရံ လိုက်ပါလာကြပြီး ကြွေးကြော် သံများကို အော်ဟစ်နေကြသည်။

ကျမလည်း အသုဘ အခေါင်း သယ်ဆောင်နေသူများကို အမှီလိုက်ရန် ကြိုးစားပမ်းစား သွားနေရသည်။ အချို့က ကျမတွင် ကင်မရာ လွယ်ထားသည်ကို မြင်လိုက်ရ၍ လမ်းဖယ်ပေးကြသည်။ သူတို့ တော်လှန်ရေး တွင် ဖြစ်ပျက် ခဲ့သည်များကို ပြန်ပြောပြ စေချင်နေကြသည်မှာ သိသာနေသည်။ ကျမလည်း လူအုပ်ကြီး ကြားထဲ အတင်းတိုး ဝှေ့ကာ အခေါင်း သယ်ဆောင်သူများ၏ ရှေ့ကိုက်အနည်းငယ် အကွာတွင် ရပ်ထားသည့် ထရပ်ကားကြီး တစင်း၏ ဟာလာဟင်းလင်း ဖြစ်နေသော ပက်လက် နောက်တွဲကြီးပေါ်သို့ အမိအရ ခုန်တက်လိုက်သည်။

အခေါင်းကို ဆီရီယား တော်လှန်ရေး၏  ကြယ်နီ သုံးလုံးပါ အလံ ဖြင့် လွှမ်းခြုံထားသည်။ တရားဝင် အလံသည် အစိမ်းရောင် ကြယ် နှစ်လုံးသာ ဖြစ်သည်။

အခေါင်းထဲတွင် အသက် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး တဦး၏ သက်မဲ့ ရုပ်အလောင်းက လဲလျှောင်း နေသည်။ သူသည် မနေ့က မှ ဆီရီယား လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ သမ္မတ ဘာရှာ အယ် အာဆတ် အစိုးရအား ဆန့်ကျင်တွန်းလှန်မှု ကြီး အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေသည့် အရေးတော်ပုံကြီးတွင် နောက်ဆုံး ကျဆုံးသွားခဲ့သည့် အာဇာနည်တဦးလည်း ဖြစ်သည်။

ကျမ က အသက်တချက် ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထရပ်ကား၏ ယာဉ်မောင်း ခန်းအပေါ်သို့ ကျမ၏ ခရီးဆောင် ကင်မရာလေးကို လဲမသွားအောင်  အသာ တင်လိုက်သည်။ ကျမ၏ ကင်မရာသည် ကမ္ဘာလှည့် ခရီးသွားများ သုံးလေ့ရှိသည့် အလွယ်တကူ ချိန်ရွယ် ရိုက်ယူရသော အမျိုးအစား ဖြစ်သည်။ အခေါင်းသည် ကျမရှိရာဖက် တဖြေးဖြေး ရောက်လာလေ ကျမ လက်ကို လည်း တတ်နိုင်သမျှ ငြိမ်အောင် ထိန်းထားရလေပင်၊ သေဆုံး သွားသူ၏ မျက်နှာကို ကျမ မြင်လာခဲ့ရပြီ ဖြစ်သည်။ မျက်နှာက ညိုမှိုင်းမှိုင်း ဖြစ်နေသော်လည်း အသားအရည်က ကောင်းနေဆဲပင် ဖြစ်သည်။ မျက်လုံးများက ပိတ်နေသော်လည်း နှုတ်ခမ်းက မဆိုသလောက် ဟ နေသည်။ တခဏ အတွင်းမှာပင် အခေါင်းသယ်သူများ နှင့် ဒေါသတကြီး အော်ဟစ် လိုက်ပါလာသော လူအုပ်ကြီးကြားတွင် ကျမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ကျမ ပထမဆုံး လုပ်ကိုင်ခဲ့သော CBS သတင်းဌာန၏ သတင်းထောက် တာဝန်ဖြင့် ဒမတ်စကပ် သို့ ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ ကျမသည် အမေရိကန်-အင်္ဂလန် နှစ်နိုင်ငံ၏ နိုင်ငံသားတဦး ဖြစ်၍ အင်္ဂလန် နိုင်ငံကူး လက်မှတ် ကို ကိုင်ဆောင်ထားနိုင်သဖြင့် ကျမအဖို့ ခရီးသွား ဗီဇာကို ရယူနိုင်ခဲ့သော်လည်း ကျမ၏ အစီအစဉ် ထုတ်လွှင့် သူများကမူ မရရှိခဲ့ကြသဖြင့် ကျမ နှင့် အတူ ဓါတ်ပုံသမား လိုက်ပါလာနိုင်ခြင်း မရှိခဲ့ပေ။ ထို့အတွက် ကျမ တွင် ဗီဒီယို ရိုက်ကူးသည့် အတွေ့အကြုံမှာ မဆိုသလောက်သာ ရှိသည်။ ယခု ထွက်လာခဲ့ရသည့် ခရီးစဉ်တွင် တွေ့ကြုံ ရမည့် အန္တရာယ်များကို လျော့တွက်ထား၍ မဖြစ်ပြန်ပေ။ တယောက်တည်း သွားလာနေရသည့် သတင်းသမား တဦး ကို လူမသိ သူမသိ ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုလျှင် လွန်စွာ လွယ်ကူလွန်းလှသည် မဟုတ်ပါလား။

သို့သော် ကျမသည် ဒီမတိုင်မီက ဆီရီးယားသို့ ကြိမ်ဖန်များစွာ ရောက်ခဲ့ပြီး ဖြစ်သည်။ အာရပ်ဘာသာ စကား ကို ထမင်းစား ရေသောက် ပြောနိုင်စွမ်းလည်း ရှိသည်။  ထို့အပြင် လျှင်မြန်စွာ ကြီးထွားလာနေသော ဆီရီးယား လူထု အုံကြွမှုကြီးကို ကျမ အနေဖြင့် မရမက သတင်းယူချင်နေသော စိတ်က စောနေမိသည်။ ယခု ၂၀၁၁ ဆောင်းဦး ပေါက်တွင် ပုန်ကန်မှုကြီးက အဆူပွက်ဆုံး အနေအထားသို့ လျှင်မြန်စွာ တက်လှမ်းလာနေခဲ့ပြီ ဖြစ်သည်။

ယခု ကျမရောက်ရှိနေသော စျာပန စီတန်းလှည့်လည်ရာနေရာ ဒိုမား မြို့စွန်သို့ အတိုက်အခံ လှုပ်ရှားတက်ကြွ သူများ ခေါ်လာ၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။ ကျမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ ဒမတ်စကပ်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတွင်မှ ကျမတည်းခို နေသည့် ဟိုတယ် နှင့် ပတ်ဝန်းကျင်တွင် အမြဲလို ရစ်သီ ရစ်သီ လုပ်နေသော လျို့ဝှက် စစ်ပုလိပ်များကို မျက်ခြေဖြတ်နိုင်ခဲ့၍သာ ယခုလို သူတို့နှင့် ဆက်သွယ်မိ ခဲ့ခြင်း လည်းဖြစ်သည်။

နေရာ ဒေသအသီးသီးမှာ ရာပေါင်းများစွာသော လူများ စုရုံးရောက်ရှိလာကြသည့် ဈာပန စီတန်း လှည့်လည် ရာတွင် အမျိုးသမီးများက နောက်ဆုံး တန်းမှ လိုက်ပါလာခဲ့ကြသည်။ သူတို့ရှေ့တွင်တော့ လူများ ရင်ဘောင် တန်း၍ ဆိုင်းဘုတ်များ၊ အလံများကိုကိုင်ကာ ကြွေးကြော် ချီတက်နေကြသည်။ အားလုံးက တရားမျှတမှု နှင့် ဘာရှာ အယ် အာဆတ် ပြုတ်ကျရေးကို တောင်းဆို အော်ဟစ်နေကြသည်။ လူအုပ်ကြီးထဲမှ တယောက်က ဒရမ်ကြီးကို တီးလိုက်သည့် အခါတွင်တော့ ကြွေးကြော်သံများ ကို တိုင်ပေးရန်  ကောင်လေး တဦးကို ပုခုံးပေါ်သို့ မြှောက်တင်ပေးလိုက်ကြသည်။ ကောင်လေး က “လူလိမ် ဘာရှာ၊ မင်း နဲ့ မင်း စကားတွေ အလိုမရှိ၊ လွတ်မြောက် ရေး က ငါတို့ တံခါးဝမှာ” ဟု အော်ဟစ်လိုက်သည်။

လူအုပ်ကြီးထံမှ “ဘာရှာ ထွက်သွား” ဟူသော အသံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။ အဆိုပါ ကြွေးကြော် သံက ဆီရီးယား အရေးတော်ပုံ၏ တောင်းဆိုသံ လည်း ဖြစ်သည်။ လူထုတော်လှန်ရေးကြီးက ဒမတ်စကပ် မြို့စွန်၊ ဟွန်း နှင့် ဟာမာ မြို့များ တွင် အင်အားကောင်းလာခဲ့ပြီး အာဆတ်၏ အုပ်ချုပ်ရေးကို အကြီးအကျယ် ခြိမ်း ခြောက်လာနေသည်။

ကျမသည် လူပင်လယ်ကြီး တရွေ့ရွေ့ သွားနေသည်ကို ကြည့်လိုက်မိပြန်သည်။ လူများမှာ အော်ဟစ်သံများ နှင့် အတူ လက်ထဲက လက်ကိုင်ဖုန်းများကို အပေါ်သို့ မြှောက်ကာ ဆန္ဒပြနေသည်များကို ဆိုရှယ်မီဒီယာများတွင် ထုတ်လွှင့်နိုင်ရန် ရိုက်ယူနေကြသည်။ အေးမြသော နိုဝင်ဘာလ၏ လေထုက သူတို့၏ အသံများ၊ တက်ကြွလှုပ် ရှားနေသော စွမ်းအားများကြောင် အက်ကွဲပြိုလဲစ ပြုလာနေပြီ ဖြစ်သည်။

အားလုံးသည်သွေးများ ကြွလာကြပြီး အသံများကို ပို၍ ဆူညံမြည်ဟီးစွာ ထွက်ပေါ်လာနေသည်။ လက်ခုပ်သံများ ဟိန်းထွက်လာနေသည်။ ရင်ထဲတွင် အံ့အားသင့်မှုများ၊ စိတ်လှုပ်ရှားနေ မှုများနှင့်အတူ ကျမ၏ ခြေထောက်များ လည်း စည်းချက်နှင့် အညီ အလိုလို လှုပ်ရှားနေမိသည်။

“ဘာရှာ မင်းကိုရော၊ မင်းကို အလေးပြုနေသူတွေပါ အလိုမရှိ”

ထိုနှစ် အစောပိုင်း အာရပ်နွေဦးတော်လှန်ရေးဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည့် တူနီရှား၊ လစ်ဗျား နှင့် အီဂျစ် တို့ရှိ အာဏာရှင်များ  ပြုတ်ကျသွားခဲ့ပြီး ချိန်ကစ၍  ဆန္ဒပြနေသူများက ၎င်းတို့ အတွက် ထိုသို့ အချိန် ရောက်လာရန် စောင့်ဆိုင်းနေခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုအချိန်မှာ အာဆတ်က Wall Street Journal နှင့် အင်တာဗျူးတွင် “ယခု ဖြစ်နေတာ အရှေ့အလယ်ပိုင်းဗျ၊ ဒါမျိုး အသစ်အဆန်းတွေက အပတ်တိုင်းလိုလို တခုမဟုတ် တခု ဖြစ်နေကျပဲလေ” ဟု ထိုနိုင်ငံများတွင် ဖြစ်ပျက်နေမှုများက ၎င်းကို ထိခိုက် ပတ်သက်လာလိမ့်မည် မဟုတ်ဟူသော ယုံကြည်ချက် အပြည့်နှင့် ပြောဆိုခဲ့ဖူးသည်။ ထိုအစား ပြုပြင် ပြောင်းလဲမှုများ ပေါ်ပေါက်အောင်သာ တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ၎င်း၏ ခန့်မှန်းချက်များက အကြီးအကျယ်ကို မှားယွင်းသွားခဲ့လေသည်။

ဆက်လက်တင်ပြပါမည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •