စစ်မျက်နှာ အသီးသီးဝယ် (၂)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စစ်မျက်နှာ အသီးသီးဝယ်
**************************
(Clarissa Ward)

(၂)

၂၀၁၁ မတ်လ ၆ ရက်နေ့ တွင် ဆယ်ကျော်သက် အရွယ် လူငယ်လေးများသည် အိမ်နီးချင်း နိုင်ငံများတွင် အရှိန်အဟုန်နှင့် ဖြစ်ပေါ်နေသော လူထု ဆန္ဒပြပွဲများကို အားကျလာခဲ့ပြီး “ပြည်သူများ မှ အုပ်ချုပ်သူများ ပြုတ်ကျရေး ကို လိုလားနေကြပြီ” ဟူသော စာသားအား ၎င်းတို့ နေထိုင်ရာ ဒါရာရား မြို့လည် အုတ်တံတိုင်း ပေါ်တွင် မှုတ်ဆေးဖြင့် ရေးသားခဲ့ကြသည်။

ဒါရာရားသည် ဂျော်ဒန်နယ်စပ်အနီးရှိ မထင်မရှား မြို့ငယ်လေးတခုသာ ဖြစ်သည်။ သို့သော် ဒေသတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက လျှင်မြန်စွာ တုန့်ပြန်လာခဲ့ကြပြီး လူငယ်များကို ဖမ်းဆီးခဲ့ကြသည်။ နောက်ပိုင်း နှစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သဖြင့် နှိပ်စက်ထားသည့် ဒဏ်ရာဗလပွ နှင့် မိဘများ အိမ်သို့ ပြန်ရောက် လာခဲ့ကြသည်။ မိမိတို့ ရင်သွေးများ ၏ အဖြစ်ကို မြင်လိုက်ရသော မိဘများမှာ ဒေါသပေါက်ကွဲကာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေအိမ်သို့ ချီတက်ပြီး ထိုသို့ နှိပ်စက်ခံရသည်ကို တရားဥပဒေနှင့် အညီ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် သူတို့တောင်းဆိုခဲ့မှုကို ကျည်ဆံများနှင့် လက်တုန့်ပြန်ခြင်းဖြင့် ဆီးကြိုခံခဲ့ကြရသည်။ ကန့်ကွက် ဆန္ဒပြသူ သုံးဦး သေဆုံးသွားခဲ့မှု နှင့်အတူ ဆီရီးယား တော်လှန်ရေးကြီးက ပေါက်ဖွားလာခဲ့ပြီဖြစ်သည်။

ထို့နောက်တွင်တော့ သေဆုံးသူများ၏ ဈာပန အခမ်းအနားများသည် လူထု ဆန္ဒပြပွဲကြီး အသွင် ပြောင်းလဲ လာခဲ့သည်။ စစ်တပ်က ထပ်မံ ပစ်ခတ်ပြီး အများအပြား သေဆုံးသွားကြပြန်၍ နောက်ထပ် ပို၍ များပြားသော ဈာပန အခမ်းအနားဖြင့် လူထု ကြီးသည် အုံနှင့် ကျင်းနှင့် လမ်းပေါ် ထွက်လာကြပြန်ရာ သံသရာ လည်လာ ခဲ့သည်။ နိုဝင်ဘာလ ရောက်လာသည့်တိုင် နေ့စဉ်လို ဈာပန အခမ်းအနား တဒါဇင်ခန့် နှုန်းဖြင့် ဆီရီးယား နိုင်ငံ အနှံ့အပြားတွင် ထွက်ပေါ်နေဆဲ ဖြစ်သည်။

လူထုကြီးက “လွတ်မြောက်ရေး… လွတ်မြောက်ရေး” ဟု ကြွေးကြော်သံများ ဟစ်ကြွေးလာနေကြသည်။ အာဆတ်၏ လူများသတ်ဖြတ်နေခြင်းကို ကာကွယ်ပေးရန် No-Fly Zone ပြဌာန်းပေးရန် လည်း တောင်းဆို လာကြသည်။ သူတို့အားလုံးက လစ်ဗျားတွင် ကဒါဖီ၏ တပ်များ ဘင်ဂါဇီ သို့ ချီတက်လာနေသည်ကို ဟန့်တား ရန် အနောက်နိုင်ငံ များမှ ဂျက်တိုက်လေယာဉ်များ ဖြင့် ဝင်ရောက် အကာအကွယ် ပေးလာသည်ကို မြင်ခဲ့ရ၍ အလားတူ တောင်းဆိုလာကြခြင်းလည်း ဖြစ်သည်။ သူတို့ကိုလည်း အနောက်နိုင်ငံများက လုပ်ပေးကြလိမ့် မည်ဟု ယုံကြည်နေခဲ့ကြသည်။ နောက်ပိုင်းတွင် ဖြစ်မလာခဲ့၍ သူတို့၏ ယုံကြည်မှုများက မည်မျှအထိ ခါးသီးလှသည့် စိတ်ပျက်မှုများ အဖြစ် ပြောင်းလဲသွားခဲ့ရမည် ဆိုသည်ကို ကိုယ်ချင်းစာ ကြည့်နိုင်ပေသည်။

လတ်တလော အချိန်တွင်တော့ ကျမလည်း စိတ်လှုပ်ရှားမှုများ နှင့် အတူ စိုးရိမ်ကြောက်ရွံ့နေမှုများ ရောပြွမ်းကာ ယစ်မူးတွေဝေပြီး မျောပါနေမိသည်။ လူထု စုဝေးပွဲများကို ရက်စက်ကြမ်းကြုပ်ရာတွင် နာမည်ဆိုးဖြင့် ကျော် ကြားနေသော အာဆတ်၏ အရပ်သား ပြည်သူစစ်များမှ ပြစ်မှတ်ထားကာ နှောက်ယှက်ခြင်းကို မကြာခဏ ခံကြရလေ့ရှိသည်။ ၎င်းတို့ကို “ရှာဘီဟာ” ဟု ခေါ်ကြသည်။ အာရပ်ဘာသာ ဖြင့် တစ္ဆေသူရဲများဟု အဓိပ္ပါယ် ရပေသည်။ ၎င်းတို့သည် အရပ်သားများလို ဝတ်စားထားပြီး မထင်မှတ်သည့် နေရာများမှ ဗြုန်းဆို ရောက်ရှိ လာတတ်ကြသည်။

လူများမှာ ၎င်းတို့ကို ကြောက်ရွံ့နေကြရသည်။ ထိုတစ္ဆေသူရဲများက လူထုကို အညှာတာ ကင်းမဲ့စွာ ရိုက်နှက် တတ်ရုံမက ဒလန်များ အဖြစ်လည်း မည်သည့် အိမ်က ဆန္ဒပြပွဲတွင် ပါဝင်နေသည် ဆိုသည်ကို အာဏာပိုင် များအား သတင်းပေးတတ်ကြပြန်၍ ဖြစ်သည်။ ထိုသို့ ယူနီဖောင်း ဝတ်မထားကြ၍လည်း မည်သူမည်ဝါသည် ရှာဘီဟာ ဖြစ်သည်ကို သိနိုင်စွမ်း မရှိကြပေ။ ထိုသို့သော အနေအထားတွင် အနောက်တိုင်း သတင်းထောက် တဦးကို စကားစမြည်ပြောဆိုခြင်းသည် မိမိကိုယ် မိမိ သေဒဏ်စီရင်ခြင်းမျိုးသာ ဖြစ်ပေမည်။ (သို့သော် မစ္စက် ဝပ်ဒ်သည် မြန်မာပြည်တွင်တော့ လူမြင်ကွင်းတွင် လိုက်လံမေးမြန်းခဲ့သည်က အံ့ဩစရာပင် ဖြစ်ပြီး သူမအား လက်ခံစကားပြောခဲ့သူများ ဘယ်ရောက်လို့ ရောက်မှန်း မသိ ပျောက်ကွယ်သွားခဲ့ရခြင်း အတွက် သူမတွင် တာဝန်မကင်းပေ။ RFA သတင်းအရ ယခု အာဏာသိမ်းအဖွဲ့ထံ ထိုကိစ္စကို စုံစမ်း မေးမြန်းနေသည်ဟု သိရသည် — စာရေးသူ)

သို့သော် ကျမရောက်နေသည့် ဒိုမာ မြို့တွင်တော့ ကျမကို သတင်းထောက်မှန်း သိသွားလျှင် သိသွားခြင်း လူများသည် သူတို့ ကြုံတွေ့နေရသည်များကို ပြောပြချင်ကြသည်။ ထို့အတွက် သူတို့၏ ရဲရင့်မှုကို ကျမ အံ့ဩလေးစားမိခဲ့သည်။

ကင်မရာ လွယ်ပြီး လျှောက်လာသော ကျမကို တွေ့သွားသည့် လူတဦးက တားပြီး အင်္ဂလိပ်လို ပြောလာ၍ ကျမလည်း သူပြောသည်များကို အသံသွင်းယူခဲ့သည်။

သူ၏ အသံမှာ စိတ်ခံစားမှုများကြောင့် တုန်ယင်နေသည်။ “အခု ခင်ဗျား မြင်တွေ့နေရတာက တကယ့် ဆီရီးယား ပါ၊ ခင်ဗျား သွားမယ် ဆိုရင် တွေ့ရမှာက ကျောက်တုံးတွေ မဟုတ်ဖူး၊ ကစားစရာ အရုပ်တွေလည်း မဟုတ်ဘူး၊ တကယ် လူသေအလောင်းတွေကို မြင်ရမှာပါ” ဟု ကျမကို တောင်းပန်တိုးလျှိုးခဲ့သည်။

ဤသို့ဖြင့် ကျမသည် အုံကြွမှုကြီး အတွင်း သေဆုံးခဲ့သူများ၏ အလောင်းများ မြှုပ်နှံထားရာ သင်္ချိုင်းသို့ လူတစု ၏ ခေါ်ဆောင်ခဲ့မှုကြောင့် ရောက်သွားခဲ့ရသည်။ စုစုပေါင်း အယောက် ခြောက်ဆယ်ခန့်ကို ညီညီညာညာ အတန်းလိုက် မြှုပ်နှံထားသည်ကို တွေ့ခဲ့ရသည်။ သူတို့ကို “ရှုဟာဒါများ” (သူရဲကောင်း အာဇာနည်များ) ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုအထဲတွင် မြေပုံ၏ ခေါင်းရင်း မှတ်တိုင်ပေါ် တွင် ပြုံးနေသည့် လူငယ်ကလေး တဦး၏ ပုံကို တွေ့လိုက်ရသည်။ ကျမ နားထဲတွင် “သူတို့ဟာ ကစားစရာ အရုပ်ကလေးတွေ မဟုတ်ဘူး” ဆိုသော စကားကို ပြန်လည်ကြားယောင်လာမိသည်။

ထိုသို့သော ရှားဟိ (Shaheed- တဦးချင်းကို ခေါ်ဆိုသည်) သူရဲကောင်း တဦးစီ သည် ပူဆွေးသောက ရောက်သူများကို ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။ ဈာပန အခမ်းအနား မတိုင်မီ တရက် က အပ်ချုပ်ဆိုင်မှ လူတဦးနှင့် ကျမ ကို မိတ်ဆက်ပေးခဲ့သည်။ သူသည် ခုံရှည်တလုံးပေါ်တွင် ထိုင်၍ အသံမထွက်အောင် ရှိုက်ငိုနေသည်။ မျက်လုံးများက အောက်ကိုသာ စိုက်ကြည့်နေရင်း သူ၏ သားဖြစ်သူ သေဆုံးခဲ့ရသည့် အကြောင်းကို ပြောပြခဲ့သည်။ သူ၏ အသံက တိုးညှင်းလှသဖြင့် ကျမမှာ မနည်း အားစိုက် နားထောင်ခဲ့ရသည်။

သူ၏ သားသည် တက္ကသိုလ်ရှိ ဆန္ဒပြပွဲသို့ သွားရောက်ခဲ့စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်လာပြီး စတင် ပစ်ခတ်ခဲ့သည်။ ထို့နောက် ဆက်မပြောနိုင်တော့ဘဲ တသိမ့်သိမ့် ရှိုက်ငို၍ နေပြန်သည်။ သူ၏ လက်များက ပူဆွေးသောက နှင့် ထိတ်လန့်မှုများ ရောယှက်နေ၍ ဂနာမငြိမ်ပဲ လှုပ်ရှားနေသည်။ ကျမလည်း လူသား တယောက် ပီပီ လက်ထဲက ကင်မရာကို ဘေးချပြီး သူ့လက်များကို ဆုတ်ကိုင်ကာ အားပေးချင်မိသော်လည်း သူပြောချင်သည်များကို လူများ ကြားရအောင် ပြုလုပ်ပေးခြင်း သည်သာ သူ့ကို ကူညီနိုင်သည့် တခုတည်းသော နည်းလမ်း ဖြစ်သည်ကို ကျမ သိလိုက်သည်။ ထို့အတွက် ကျမ က သူဆက်ပြောအောင်သာ “အဲ့တော့ ဘာဖြစ်လဲ” ဟု မေးလိုက်သည်။

တက္ကသိုလ် ကျောင်းဝင်းရှိ လှေကားထစ်များ ပေါ်တွင် ဝမ်းဗိုက်ကို ကျည်ဆံထိမှန်သွားခဲ့ရသည်ဟု ဆိုသည်။ ဆေးရုံကလည်း အစိုးရတပ်များ၏ ရန်ကိုကြောက်၍ လက်ခံ ကုသပေးခဲ့ခြင်းမရှိသဖြင့် သားဖြစ်သူသည် သွေးလွန်၍ သေဆုံးသွားခဲ့ရသည်ဟု ပြောရင်း သူ၏ စကားသံများက ဆို့နင်မှုများကြောင့် အက်ကွဲထွက် လာသည်။ ကျမ၏ ရင်ထဲတွင် စူးရှနာကျင်လာခဲ့ရသော်လည်း မျက်ရည်များကို လက်ခုံဖြင့် သုတ်နေသည့် သူ၏ ပုံကို အမိအရ ရိုက်ယူခဲ့ရသည်။

(ပုံတွင် ရန်ကုန်တွင် တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်)
ဆက်လက်တင်ပြပါမယ်။

ဆက်လက် တင်ပြပါမည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •