စစ်အာဏာသိမ်မှု၊ နိုင်ငံတကာ တုန့်ပြန်မှုများ နှင့် ပြည်တွင်း အနေအထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဏာသိမ်းပွဲ အောင်မြင်သွားက တရုတ် လက်အောက်ခံ ဖြစ်မည်ကို တပ်မတော်သားများ သဘောပေါက်ရန်လို
************************************

မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အဖွဲ့သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ ထဲသို့ ရဲအဖွဲ့မှ ကျည် အစစ်များ၊ ရော်ဘာကျည်ဆံများ၊ မျက်ရည်ယိုဗုံးများ ဖြင့် စတင် ပစ်ခတ်လာသည့်အတွက် နေပြည်တော်တွင် အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မမြတ်သက်သက်ခိုင်သည် ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရန် အော်လံ ကိုင် ပြောဆိုနေသူ ၂၃ နှစ် အရွယ် အမျိုးသား တဦးသည်လည်း အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ရမှု နှင့် အတူ ၎င်းတို့၏ အကြမ်းဖက် ကန့်လန့်ကာ ကြီးကို တဖြေးဖြေး စတင် ဖွင့်လှစ်လာနေပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကိုလည်း မနေ့ည ၉း၃၀ ခန့်တွင် ရဲများက ဝင်ရောက် စီးနင်းခဲ့ကြသည်ဟု ရိုက်တာ သတင်းက ဆိုသည်။

 

(၁)နိုင်ငံတကာ တုန့်ပြန်မှုများ

အာဏာသိမ်း အဖွဲ့၏ ထိုသို့ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်အား ကုလသမဂ္ဂ မှ လုံးဝ လက်မခံနိုင်ကြောင်း နှင့် မြန်မာ ပြည်သူများအတွက် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း ချက်ခြင်းလို သတင်းထုတ်ပြန်လာခဲ့သည်။

နယူးဇီလန်ကလည်း မြန်မာနှင့် နိုင်ငံရေး စီးပွားရေး အဆက်အသွယ်များ စတင် ဖြတ်တောက်လိုက်သည့် ပထမဆုံး နိုင်ငံ အဖြစ် ပေါ်ထွက်လာခဲ့သည်။ အင်ဒိုနီရှားသည်လည်း ယင်းတို့၏ နိုင်ငံသားများအား အခြေ အနေများ ပို၍ ဆိုးဝါးလာပါက ရွှေ့ပြောင်းနိုင်ရန် စီစဉ်လာနေပြီ ဖြစ်သည်ဟု ဆိုသည်။

မင်းအောင်လှိုင် သည် ထိုင်းဝန်ကြီးချုပ်ထံ စာရေးသားပြီး ၎င်းသည် မဲစာရင်း ဆယ်သန်း ကွာနေသည့်အတွက် အာဏာသိမ်းရခြင်း ဖြစ်ကြောင်း ရှင်းပြသည့် စာတစောင်ကို ရေးသားပေးပို့လိုက်ပြန်သည်။ အာဏာသိမ်း အဖွဲ့သည် ထိုင်း စစ်တပ်ကို အတုခိုးခဲ့သည် ဆိုသော်လည်း ထိုင်းစစ်တပ်သည် ၎င်းတို့ ပြည်သူများ အပေါ် မြန်မာ စစ်တပ်လောက် ရက်စက်စွာ ပြုကျင့်ခဲ့မှုများ နည်းပါးခဲ့၍ လူထု၏ ရွံရှာမှုကို မြန်မာလောက် ခံခဲ့ရခြင်း မရှိပေ။

ဖိလစ်ပိုင် အစိုးရက ယခင် အခြေအနေများ အတိုင်း ပုံမှန် ပြန်လည် ထားရှိပေးရန် တောင်းဆိုသည့် ကြေညာချက် ကို ထုတ်ပြန်လိုက်သည်။ ယခင်က စိုးရိမ်မကင်း ရှိနေသည် ဆိုသည့် အနေအထား မှ တိုးမြှင့်လာခဲ့ခြင်း ဖြစ်သည်။

ဂျပန် နှင့် ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေး နှင့် ဒီမိုကရေစီ အစိုးရထံ အာဏာပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တော်နီ ဘလင်ကင် သည် ဘိုင်ဒင်နှင့် မိုဒီတို့ ဆွေးနွေးအပြီး နောက်ဆက်တွဲ အဖြစ် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး နှင့် တယ်လီဖုန်းဖြင့် မြန်မာ အရေးကို ထပ်မံ ဆွေးနွေးခဲ့ကြသည်။

ထိုင်း နိုင်ငံ မြန်မာ သံရုံးရှေ့ တွင် လာရောက် ဆန္ဒပြနေသူများ ထွက်ခွာသွားပြီး မကြာမီမှာပင် ပင်ပေါင် ဗုံး ကဲ့သို့ အသေးစား ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ထိုင်းရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အထိအခိုက် အပျက်အစီး မရှိဟု သိရသည်။

နိုင်ငံတကာရှိ ထင်ရှားသော တရားသူကြီး ၆၀ နှင့် ဖွဲ့စည်းထားသော International Court of Jurist (ICJ) မှ အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်သည် သူတို့ ရေးဆွဲထားသော ဖွဲ့စည်းပုံကို ဖေါက်ဖျက်ခဲ့သည့်အပြင် တရားဥပဒေ နှင့်လည်း ညီညွတ်မှု မရှိကြောင်း ICJ ၏ လေ့လာသုံးသပ်ချက်ကို ထုတ်ပြန်ခဲ့ကြသည်။ ဤသည်ကလည်း အာဏာသိမ်း အဖွဲ့၏ တရားဝင် ရပ်တည်ပိုင်ခွင့် ရှိသည် ဟု လိမ်ညာပြောဆိုနေခြင်းကို ကမ္ဘာမှသိအောင် ထုတ်ဖေါ်လိုက်ခြင်းပင် ဖြစ်သည်။

၎င်းတို့က ပုဒ်မ ၄၁၇ အရ နိုင်ငံတော် သမ္မတက သာလျှင် အရေးပေါ် အခြေအနေ ကြေညာခွင့်ရှိပြီး ပုဒ်မ ၄၁၈ ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ အုပ်ချုပ်ရေး အာဏာ လွှဲပြောင်း ပေးပိုင်ခွင့် ရှိသည်ဟု ဖေါ်ပြထား သဖြင့် ၎င်းတို့ လုပ်ရပ်သည် ဖွဲ့စည်းပုံကို ဖေါက်ဖျက် ခြင်းသာ ဖြစ်သည်ဟု အသေးစိတ် သုံးသပ်တင်ပြခဲ့ကြသည်။

နိုင်ငံတကာ ဆိုရှယ်လစ် အလုပ်သမား များ ဝက်ဆိုဒ်ကလည်း လက်ရှိ CDM လှုပ်ရှားမှုသည် ၎င်းတို့၏ အာဏာကို ယိုင်နဲ့လာအောင် လှုပ်ခါနိုင်စွမ်း ရှိနေ၍ မြန်မာပြည်ရှိ အလုပ်သမားများ တဟုန်ထိုး ပါဝင်ဆင်နွှဲကြရန် တိုက်တွန်း ကြောင်း ဖေါ်ပြလာခဲ့သည်။ မြန်မာပြည်၏ အကြမ်းမဖက် အာဏာဖီဆန်ရေး ကို ထိုင်း နှင့် အိန္ဒိယ လယ်သမား များက အလေးဂရုပြု လေ့လာအတုခိုး လာနေပြီ ဖြစ်သည်ဟုလည်း ဆိုသည်။

လေဆိပ် ဝန်ထမ်းများ မှ အထွေထွေ သပိတ်ကြီး အတွင်း ပါဝင်လာမှုကြောင့် နိုင်ငံအပေါ် ဖြတ်ကျော်ပျံ သန်း နေသော ခရီးသည်တင်လေယာဉ်များ အတွက် ဝန်ဆောင်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားပြီ ဖြစ်သဖြင့် အရေးပေါ် လုပ်ထုံးလုပ်နည်းများ ကို လိုက်နာပျံသန်းကြရန် နှိုးဆော်ထားသည်။

မင်းအောင်လှိုင် စိတ်ကူးယဉ်ခဲ့သလို နိုင်ငံတကာ မှ ရင်းနှီးမြုပ်နှံသူများ ထပ်မံဝင်ရောက်လာမှု မရှိတော့သည့် အပြင် ရှိနေပြီးသား လူများပင် ၎င်းတို့၏ လုပ်ငန်းများကို ရုပ်သိမ်းရန် စတင် သုံးသပ်လာကြပြီ ဖြစ်သည်ဟု အေပီ သတင်းက ဆိုသည်။ စစ်တပ် နှင့် ဖက်စပ်ကာ ရူဘီ နှင့် ပရီမီယမ် ဂိုးလ် စီးကရက် ထုတ်လုပ်ရေး လုပ်ငန်းများ အကြီးအကျယ် ပြုလုပ်လျှက် ရှိသော စင်္ကာပူရှိ Razer Inc. သည် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ Human Rights Watch (HRW) မှ မြန်မာ အာဏာသိမ်းမှုအပေါ် ယခုထက်ပို၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှု များ ဖြစ်သည့် တကမ္ဘာလုံးမှ လက်နက် ရောင်းချမှု ပိတ်ဆို့ရန်၊ စစ်ခေါင်းဆောင်များ ခရီးသွားခွင့်ကို တကမ္ဘာလုံးက ပိတ်ဆို့ ဟန့်တားရန်နှင့် နိုင်ငံတကာ ဘဏ်များရှိ ၎င်းတို့ပိုင် ငွေကြေးများ ကို ထုတ်ယူခွင့် မပြုရန် အစရှိသည့် ပိုမိုပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ပြီး တရုတ် နှင့် ရုရှား တို့ က ဗီတို သုံးလာပါက ၎င်းတို့ လုပ်ရပ်အပေါ် တာဝန်ခံရပြီး ထိုအပေါ် အကျိုးဆက်များ ထွက်ပေါ်လာမည်သာ ဖြစ်သည်ဟု ဆိုသည်။

 

(၂)ပြည်တွင်း အနေအထား

ယနေ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီမှ ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ အစိုးရ များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကိုသာ တရားဝင် အသိအမှတ် ပြုကြောင်း ကြေညာချက် ထုတ်ပြန်ရန် လိုအပ်နေပေသည်။ ထို့အပြင် စစ်အာဏာသိမ်း ခေါင်းဆောင်များ၏ ရွှန်းရွှန်းဝေပြောဆိုလာမှုများ အပေါ် ယုံထင်ကြောင်ထင် မဖြစ်ကြဘဲ ၎င်းတို့ တည်မြဲမည့် ပုံစံ တွေ့ရသည်နှင့် အကူအညီနှင့် ရင်းနှီးမြုပ်နှံမှုများကို ဖြတ်တောက်ခြင်းဖြင့် ကူညီကြရမည် ဖြစ်သည်။

မျိုးဆက်သစ် လူငယ်များကလည်း ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များ ကျူးလွန်လာပါက နိုင်ငံတကာသို့ တိုက်ရိုက် ထုတ်လွှင့် တင်ပြနိုင်ရန် ပြင်ဆင်ထားကြပြီးလည်း ဖြစ်သည်။ လူငယ်များသည် များသောအားဖြင့် နိုင်ငံရေး နှင့် ဖာသိဖာသာ နေကြသူများ ဖြစ်သော်လည်း အာဏာသိမ်းအဖွဲ့၏ ရွံရှာ ဖွယ်ကောင်းသော လုပ်ရပ်များကို မခံမရပ်နိုင်ဖြစ်ကာ ပါဝင်လာကြသူများ ဖြစ်သည်။ ထိုသို့ မျိုးဆက်သစ်များကို ထည့်တွက်ထားခဲ့ခြင်း မရှိသည်က မင်းအောင်လှိုင်၏ အမှားများထဲက တခုပင် ဖြစ်သည်။

မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ လုပ်ရပ်အား နိုင်ငံတကာမှ စိုးရိမ်မကင်း ဖြစ်ကြောင်း လောက်သာ တုံ့ပြန်ကြမည်ဟု အလောင်းအစား လုပ်ကာ ကျူးလွန်လာခဲ့ခြင်း ဖြစ်လေသည်။

(၃)စစ်အာဏာသိမ်းမှု မအောင်မြင်ရန် မည်သို့ လုပ်ဆောင်ရမည်နည်း

 

Nikkei Asia Review တွင် ဆောင်းပါးရှင် Phillip Annawitt က အခုလို သုံးသပ်သွားခဲ့သည်။

စစ် ခေါင်းဆောင်များသည် ၎င်းတို့ အကျိုးအတွက် အာဏာသိမ်းခဲ့ရသော်လည်း နိုင်ငံအား တရုတ် ၏ ထားရာနေ စေရာသွား ဘဝဖြင့် ပြုသမျှ နုရတော့မည်ကို ကောင်းစွာ သိရှိလာကြနေသည်။ ဤသည်ကို အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများ သဘောပေါက်လာစေရန် မက်ဆေ့များ ပေးပို့ရမည်။ စစ်တပ်သည် ယခုအခါ စိတ်ဓါတ်ရေးရာ အရ အားပျော့နေပြီ ဖြစ်ပြီး ၎င်းတို့ဖက်တွင် ပြည်သူတရပ်လုံး မရှိသည်သာမက စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များပင် ၎င်းတို့ကို မထောက်ခံကြောင်း ပြီးခဲ့သည့် ရွေးကောက်ပွဲက အထင်အရှား ပြသခဲ့ပြီး ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ကို ဆက်လက် စည်းရုံး သွားရမည် ဖြစ်သည့် အပြင် တဖက်ကလည်း CDM လှုပ်ရှားမှု အတွက် ဆိုရှယ်မီဒီယာကို အသုံးပြု၍ အဆက်မပြတ် လှုံ့ဆော်သွားရမည်။ အင်တာနက်ကို ဖြတ်တောက် လာပါက offline app ဖြစ်သော Bridgefy ကို အသုံးပြုရန် ပြင်ဆင်ထားရမည်။

NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ထွက်လာနိုင်ဖွယ်ရှိသော စာများကို စောင့်နေရုံဖြင့် မလုံလောက် တော့ပဲ ခေါင်းဆောင်သစ်များက လူထု တိုက်ပွဲကို ဆက်လက်ဦးဆောင်သွားရမည်။

တပ်မတော်သားများကို လက်ရှိ စစ်ကောင်စီသည် တရုတ်၏ ကြိုးဆွဲရာ ကမည့် ရုပ်သေးရုပ် ဘဝနှင့် ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်သွားမည့်သူများသာ ဖြစ်သည်ကို သဘောပေါက်လာရန်နှင့် ပြည်သူများဖက်မှ ရပ်တည်ပေးရန် တောင်းဆိုရမည်။

ထို့အတွက် နိုင်ငံတွင်းရှိ NGO များ၊ ပရဟိတ အဖွဲ့အစည်းများ နှင့် ကုလအေဂျင်စီများကလည်း ရဲ နှင့် စစ်တပ်အတွင်း လက်လှမ်းမှီသမျှ ထိုးဖေါက်စည်းရုံးရမည်။

နောက်ဆုံးတွင် အာဏာသိမ်း အဖွဲ့ အား ထွက်ပေါက်ရှိအောင် လမ်းဖွင့်ပေးရမည်။ ၎င်းတို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်၊ လက်တုန့်ပြန်ခြင်း ရှိမည် မဟုတ်ဟု သဘောပေါက်အောင် လုပ်ပေးရန် လိုသည်။

 

(၄)နယူးစ်ဝိခ် မဂ္ဂဇင်းကတော့ အာဏာရှင်များ နှင့် အတူ အိပ်ယာဝင်ဖို့သာ စိတ်ဒုံးဒုံးချလိုက်မည်ဆိုလျှင် နောက်နေ့ မနက်တွင် ကြမ်းပြင်ပေါ် ရောက်နေသည်ကို တွေ့ရလိမ့်မည်

 

ဟု အခုလို ဖေါ်ပြခဲ့သည်။ “Go to bed with dictator, you’ll wake up on the floor”

ယခုအခါ ဆရာဝန်၊ သူနာပြုများ နှင့် ဝန်ကြီးဌာန ၆ ခု ခန့် အပါအဝင် တနိုင်ငံလုံးရှိ လူထုလူတန်းစား အလွှာ အသီးသီးက ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေး ပြန်လည် ထားရှိရန် အမျိုးသားရေး တာဝန်ကြီး တရပ်အဖြစ် လှုပ်ရှားလာနေပြီ ဖြစ်သည်။

သို့သော် မင်းအောင်လှိုင် သည် လူမိုက်ပီပီ သူ့အလိုအလျှောက်တော့ အလျော့ပေးမည့်လူ မဟုတ်ဘဲ နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ကြံဆောင်လာတော့မည် ဖြစ်သည့် အတွက် ပြည်သူများ အနေဖြင့် အထူးသတိကြီးစွာ ဖြင့် လှုပ်ရှား ရမည် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •