စစ်အာဏာသိမ်းမှုနှင့် ပြည်တွင်း ပြည်ပ ဖြစ်ပေါ်တိုးတက်မှုများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ပြည်တွင်း ပြည်ပ ဖြစ်ပေါ်တိုးတက်မှုများ
*******************************

(၁)

ယမန်နေ့ည ရှစ်နာရီတွင် မင်းအောင်လှိုင်သည် ကျည်ကာ အင်္ကျီ ဝတ်ပြီး အထစ်ထစ် အငေါ့ငေါ့ နှင့် မိန့်ခွန်း ပြောနေချိန်တွင် သမ္မတ ဘိုင်ဒင်သည် အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ နှင့် တွေ့ဆုံနေပြီး မြန်မာ စစ်ခေါင်းဆောင်များအား အရေးယူနိုင်မည့် နည်းလမ်းမှန်သမျှကို ဆွေးနွေးလျှက်ရှိသည်ဟု အိမ်ဖြူတော် ပြောခွင့်ရ ဂျန် ဆာကီ က သတင်းထောက်များကို ထုတ်ဖေါ်ပြောကြားလိုက်ပြီ ဖြစ်သည်။ တရုတ်ဖက်မှ လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်း တွင် သိသိသာသာ ဘေးထွက်နေမှု အပေါ် စိုးရိမ်မကင်း ဖြစ်လာသော ကြောင့်ဟု ဆိုသည်။ ထို့အပြင် မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ ဘိုင်ဒင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လက်ရှိ ထုတ်ပြန်လာသော ကန့်သတ်ချက်များကို စောင့်ကြည့် သွားမည် ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မြန်မာ လူထုကြီးနှင့် အတူ ရပ်တည်သွားမည်ဟု ပြောခွင့်ရ နက် ပရိုက်စ် က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာနိုင်ငံ အရေး အထူး အစည်းအဝေးကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

(၂)

တတိယနေ့အဖြစ် နိုင်ငံတဝှမ်းရှိ သန်းနှင့် ချီသော လူထုကြီးက လမ်းပေါ်သို့ ထွက်လာကြကာ စစ်အာဏာ သိမ်းမှုကို လက်မခံကြောင်း ကန့်ကွက် ပြောဆိုလာကြသည်။ လက်ရှိ ဆန္ဒပြမှုများကို မြန်မာ လူငယ်လေးများက စည်းကမ်းသေဝပ်စွာ ဖြင့် ငြိမ်းချမ်းစွာ ဦးဆောင်လာမှုကို နိုင်ငံတကာ သတင်းများကလည်း တလေးတစား ဖြင့် ဂုဏ်ပြုချီးကျူး ရေးသားလာကြပြီ ဖြစ်သည်။

ထောင်ပေါင်းများစွာသော ဆရာဝန်များ၊ သူနာပြုများ၊ ကျောင်းဆရာ ဆရာမများ နှင့် ဝန်ထမ်းပေါင်းစုံ၏ အလုပ်မဆင်း အသိအမှတ် မပြု ဆိုသည့် အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုကြီးမှာ အရှိန်အဟုန် ရလာနေပြီ ဖြစ်သည်။

ယနေ့ အားတက်ဖွယ် သတင်းတရပ်အဖြစ် ဖေဖေါ်ဝါရီ (၉) ရက်နေ့ နံနက် ၈း၀၀ တွင် NLD ရုံးချုပ်ရှေ့မှစ၍ ပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူလူထုနှင့်အတူ စတင် ချီတက် မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ်အမှုဆောင် အဖွဲ့မှ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

တောပြောင်းပြီး သမင်အယောင်ဆောင်လာသော ကျား

မင်းအောင်လှိုင်၏ မိန့်ခွန်း အစအဆုံးသည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည်များ၊ ဖမ်းဆီး နှိပ်ကွပ်နေမှုများ၊ မြို့ရွာ အနှံ့တွင် ရဲများ ချကာ စည်းတားနေရပုံများ၊ အစိုးရ ယန္တယားကြီး ရပ်တန့်နေမှုများ ကို တလုံးတပါဒမျှ ပြောသွားခြင်း မရှိဘဲ စစ်တပ်မှ ညမထွက်ရ အမိန့်ထုတ်ပြန်ကာ ခြိမ်းခြောက်လာနေမှုများသည် သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသည့် အလား တစွန်းတစပင် သတိပေး ပြောဆိုသွားခြင်း မရှိသဖြင့် နူးညံ့သိမ်မွေ့စွာ တိုင်းပြည်ကို အုပ်ချုပ်သွားမည့် ပုံဖေါ်သွားခဲ့သည်။ စိတ်ထဲတွင်တော့ မင်းအောင်လှိုင်သည် သူထင်သလောက် လွယ်ကူမှု မရှိ၊ တွက်ဆထားသည့် အထဲမှာ မပါသော CDM က အရှိန်အဟုန်ပြင်းစွာဖြင့် ပေါ်ထွက်လာနေပြီ ဖြစ်သည်။

သူ၏ လမ်းပြ မြေပုံ ဆိုသည်ကလည်း ရှေ့ကဖုံး နောက်ကပေါ် ဖြစ်နေပြန်သည်။ ရွေးကောက်ပွဲတွင် မဲစာရင်းများ ကို ပြန်လည် စီစစ်နေသည် ဆိုပြီး ရွေးကောက်ပွဲများ ပြန်လည် ကျင်းပပေးမည်ဟု ရှေ့ နှင့် နောက် မညီသော စကားများကို ပြောလာသည်။ မဲစာရင်းများ ပြန်လည် စီစစ်ပြီး မှန်ကန်ကြောင်း တွေ့ရပါက အာဏာပြန်လည် လွှဲပေးမည်ဟု ပြောက အဓိပ္ပါယ် ရှိနိုင်သေးသည်။

စီးပွားရေး ပြန်လည် ဦးမော့ရေး အတွက် ဆိုကာ လုပ်ငန်းရှင် လက်တဆုပ်စာ လောက် ခေါ်ယူ ဆွေးနွေးပြီး လုပ်ငန်းမှန်သမျှကို အတည်ပြုပေးသွားမည်ဟု ပြောလာပြန်သည်။ ယခင် အစိုးရ၏ စီးပွားရေး မူဝါဒများ အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်၊ မည်သို့မျှ အပြောင်းအလဲ ရှိမည်မဟုတ်၊ နိုင်ငံတကာ နှင့် ချုပ်ဆိုထားသော နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက်များကို လိုက်နာသွားမည်ဟုလည်း ဆိုပြန်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် အာဏာသိမ်းရပေသနည်း၊ နောက်ဆုံးတွင်တော့ ကလေးကလား ၎င်းတို့ တောင်းဆိုသည့် မဲစာရင်းများကို စစ်မပေး၍ဟု အကြောင်းပြလာခဲ့သည်။ ထိုသို့သော ကိစ္စလောက်နှင့် တိုင်းပြည်ကို ချောက်ထဲ ဆွဲချရဲသည့် ဦးနှောက် ပိုင်ရှင်ပင် ဖြစ်သည်။

ထိုသို့သော လူမျိုးများကို ဘေးမဲ့ လွှတ်ပေးထားပါက တိုင်းပြည်သည် နစ်မွန်းသည်ထက် နစ်မွန်းဖို့သာ ရှိတော့မည် ဖြစ်ပြီး မိမိတို့ ရင်သွေးများသည်လည်း ၎င်းတို့ပြုသမျှ နုရတော့မည့် အစမ်းသပ်ခံ သားကောင်များသာ ဖြစ်လာ တော့မည်။ နောက်ဆုံး နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်ပြီး မိမိတို့ လုပ်အားကို နေထွက်မှ နေဝင်အထိ ဖျစ်ညှစ် ရောင်းချပေးကြရမည့် ဈေးအပေါဆုံး အလုပ်သမား လေးများ အဖြစ် ကမ္ဘာအလယ်တွင် မျက်နှာငယ်စွာ တွန်းထိုး ရုန်းကန်ကြရပေတော့မည်။

ကိုဗစ်-၁၉ အတွက် ပြည်သူများ လှူဒါန်းငွေများ သိမ်းဆည်းထားပြီး တောရော မြို့ပါမကျန် ကာကွယ်ဆေး ထိုးပေးသွားမည် ဟု ဆိုပြန်သည်။

ငြိမ်းချမ်းရေး ကို ဖေါ်ဆောင်သွားမှာ ဖြစ်သည့် အတွက် အပစ်အခတ် ရပ်စဲရေးကို အာဏာ မသိမ်းခင်ကတည်းက တလ တိုးမြှင့်ခဲ့သည်။ ဤနေရာမှာပင် ယခင်က အာဏာမသိမ်းလောက် ဟု မိမိကိုယ်တိုင် ၁၀၀% ယုံကြည်ထားမှုက ၇၀% အထိ ပြန်လည် လျော့ကျသွားခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အချို့သည်လည်း အာဏာသိမ်း ခေါင်းဆောင်များဆီက မည်သည့် အခွင့်အရေး များ တိုးတက် ရရှိလာမည်နည်းဟု စောင့်စားနေပုံရသည်။ ဤသည်ကလည်း မမှားပေ။ အာဏာသိမ်းတိုင်း ၎င်းတို့ အတွက် စီးပွား အခွင့်အလန်းများ၊ ရလာဖို့က ကြိမ်းသေသလောက် ဖြစ်နေသည်။ ယခုပင် နိုင်ငံတကာကို မက်လုံးပေးသည့် အနေဖြင့် “ရို” များ ပြန်လည် လက်ခံမည်ဟု ထည့်ပြောသွားပြန်သည်။

စစ်တပ်အလိုတော်ရိ collaborator များက အာဏာငမ်းဖမ်း နေကြချိန်တွင် အမျိုးသား အရေးကို သစ္စာမဖေါက် သော ရှမ်း၊ ကရင်၊ ချင်း၊ ကချင် တိုင်းရင်းသား ပါတီ များက အစိုးရ အဖွဲ့ထဲ ပါဝင်ရန် ကမ်းလှမ်းမှု ကို ငြင်းပယ်ခဲ့ သည်ဟု လည်း သိရသည်။

အာဏာသိမ်းခြင်းသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရန် သက်သက်ဖြစ်

မင်းအောင်လှိုင်သည် ၎င်း မိသားစုပိုင် ဓနဥစ္စာများကို ကာကွယ်လိုမှု သက်သက်နှင့် အာဏာသိမ်းခြင်းသာ ဖြစ်သည်ဟု ပြည်ပ သတင်းများက သုံးသပ်လာခဲ့ကြသည်။

ရန်ကုန် ဆူးလေ ဘုရားလမ်း မီးသတ်ရှေ့ ရှိ အစိုးရ တိုက်ခန်း တခုတွင် မထင်မရှား လူဖြစ်ကြီးပြင်းလာခဲ့ရသော မင်းအောင်လှိုင်နှင့် သူ၏ မိသားစုသည် တိုင်းပြည်ကို ထုံးလိုချေ ရေလိုနှောက်နိုင်ရုံမက ယခုအခါ မြန်မာပြည်တွင် အချမ်းသာဆုံး မိသားစု စာရင်းဝင် ဖြစ်လာခဲ့ချေပြီ ဟု Asia Times က ရေးသားလာခဲ့သည်။

မင်းအောင်လှိုင်သည် စစ်တပ်၏ စီးပွားရေး လုပ်ငန်းများ ဖြစ်သည့် ဦးပိုင် နှစ်ခုအား သဘောရှိ စီမံလုပ်ကိုင် နိုင်ခဲ့သည့် အပြင် သားဖြစ်သူ အောင်ပြည့်စုံသည်လည်း ဆေးရုံသုံး ပစ္စည်း၊ A & M မဟာ၊ စားသောက်ကုန် နှင့် ဆေးဝါး ကင်းလွတ်ခွင့်၊ ပို့ကုန် များ အတွက် ကြားခံ အဖြစ် ဝန်ဆောင်မှု ပေးခြင်း၊ ဆေးဝါး နှင့် နည်းပညာများ တင်သွင်းခြင်းများ ကို ထိန်းချုပ်ထားသည်။ ချောင်းသာ တွင် ၎င်းပိုင် စကိုင်းဝမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ၏ Azura Beach Resort ဆိုသည့် အပန်းဖြေ ဟိုတယ်ကြီး လည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် အောင်ပြည့်စုံ ဇနီး ဖြစ်သူ မျိုးရတနာထိုက် သည် စက်မှု နှင့် ကုန်သွယ်ရေး လုပ်ငန်းများကို ခင်ပွန်းဖြစ်သူနှင့် အတူ ပိုင်ဆိုင်ထားပြန်သည်။

သမီးဖြစ်သူ ခင်သီရိသက်မွန်သည် Seven sense ဆိုသည့် ရုပ်ရှင် မီဒီယာ လုပ်ငန်းကြီး ပိုင်ဆိုင်ထားပြီး နေတိုး၊ ဝတ်မှုန်ရွှေရည် တို့နှင့် မူပိုင် ကန်ထရိုက် စာချုပ်များ ချူပ်ဆိုထားသည်ဟု Asia Times တွင် အသေးစိတ် ဖေါ်ပြထားပြန်သည်။

Asia Times က ဆက်လက် ရေးသားရာတွင် မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ အစ္စရေး နှင့် အိန္ဒိယ တို့မှ နောက်ဆုံးပေါ် လက်နက်များကို မူရင်းဈေးထက် အဆမတန်ပို ပြကာ ဝယ်ယူနိုင်ခဲ့ပြီး ဝေစားမျှစား လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြီးများ အကြား အထူးနှစ်ထောင်း အားရနေကြသည်ဟု ဆိုသည်။ ယခုလည်း စားပြီးသောက်ပြီး ဖြစ်နေ၍ အမှုတွဲ တွင် ပူးတွဲ တရားခံများ ဖြစ်သွားကြရပေပြီ။

စစ်တပ်တွင် မင်းအောင်လှိုင်သည် သူတို့ မိသားစုသာ ချမ်းသာနေသည့် အဖြစ်ကြောင့် သူသာ စစ်တပ်မှအနားယူ သည်နှင့် မသမာ မှုများအတွက် စုံစမ်း စစ်ဆေး အရေးယူ ခံရတော့မည်ကို အထူး စိုးရိမ်ပူပန်နေသည့်က အာဏာသိမ်းရခြင်း၏ နောက်ခံ အကြောင်းရင်းပင် ဖြစ်သည်။

ထို့အတွက် မင်းအောင်လှိုင်၏ လမ်းပြမြေပုံပါ အဓိက အချက်သည် ပြည်သူများ ရွေးချယ်တင်မြှောက်သော အစိုးရထံ မည်သို့မျှ အာဏာပြန်လည်လွှဲမပေးရေး ဖြစ်သည်။ မင်းအောင်လှိုင်သည် ၎င်းနှင့် ဝေစားမျှစား စစ်ဗိုလ်ချုပ်ကြီးများကို ထိုင်း ပုံစံ ဖြင့် ဆက်လက် အုပ်ချုပ်သွားမည်ဟု ချပြပြီး သွေးဆောင်ခဲ့ခြင်းသာ ဖြစ်သည်။

ပြည်သူများ ဖက်က မိမိတို့ တိုက်ပွဲ အရှိန်ကို ဆက်လက် မြှင့်တင်သွားနိုင်ရေး သာ အာရုံစိုက်ရမည် ဖြစ်သည်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးရုံးက ပြည်တွင်းရှိ ၎င်းတို့ သံရုံးမှ လက်ခံရရှိခဲ့သော လျို့ဝှက် အစီရင်ခံစာအရ စစ်အာဏာသိမ်း ခေါင်းဆောင်များက ရှေ့ကို တိုးဖို့သာ ဆုံးဖြတ်ထားသည်ဟု ဖေါ်ပြထားပြီး အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် ယခုပင် ၎င်းနှင့် ပလဲနံပတ် သင့်နေသည့် သီတဂူ ကျောင်းတိုက်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးကိစ္စရပ်များမှာ ဓမ္မလမ်းကြောင်းပေါ်မှသွေဖယ်၍ အဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းနေသဖြင့် ရဟန်းရှင်လူပြည်သူလူထုတို့ စိတ်နှလုံးမချမ်းမမြေ့ဖြစ်နေကြသည့်အတွက် မည်သည့် ဆောင်ရွက်ချက်မျိုးကိုမဆို သီတဂူတက္ကသိုလ်ကြီးများမှ သံဃာတော်များကလက်ခံမည်မဟုတ်ကြောင်း သီတဂူက ယနေ့တွင် ကြေညာချက်ထုတ်လိုက်သည်။

သီတဂူ ကျောင်းတိုက်သည် ၎င်းတို့နှင့် ထဲထဲဝင်ဝင် ရှိသော ဆရာရင်း ဒကာရင်းများ ဖြစ်၍ ယခုလို ကြေညာချက် ထုတ်ပြန်လာခြင်းကပင် စစ်တပ်ထဲတွင် အခြေမလှ ဖြစ်နေပြီကို ရိပ်စားလာမိသောကြောင့် ဟု သုံးသပ်၍ ရပေသည်။

အရေးတော်ပုံ အောင်ရမည်!!


Spread the love
  •  
  •  
  •  
  •  
  •  
  •