စမ်းချောင်း ပိတ်ဆို့မှုကြီး သည် ကမ္ဘာ မှ အာရုံ စိုက်စရာ ဖြစ်လာခဲ့ပြန်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စမ်းချောင်း ပိတ်ဆို့မှုကြီး သည် ကမ္ဘာ မှ အာရုံ စိုက်စရာ ဖြစ်လာခဲ့ပြန်
******************************

 

ရန်ကုန် ရှိ စမ်းချောင်း မြို့နယ် တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူငယ်နှစ်ရာခန့်အား မင်းအောင်လှိုင်တပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားနေခြင်းကြောင့် အခြေအနေများ တင်းမာလာလျှက် ရှိပြီး ရန်ကုန် တမြို့လုံးရှိ အနည်းဆုံး မြို့နယ် ၁၂ ခုမှ လူထုသည် ညမထွက်ရ အမိန့်ကို အာခံ ကာ အပိတ်မိခံ လူငယ်များ လွတ်မြောက်ရေး အတွက် လမ်းပေါ်ထွက်ကာ ဝိုင်းဝန်း တောင်းဆိုနေကြရလေသည်။

ကုလ လူ့အခွင့်အရေး ကောင်စီ ဥက္ကဌ မီချယ် ဘလက်ချက် မှ အဆိုပါ လူငယ်များ အား ဝိုင်းဝန်း ပိတ်ဆို့ ထားမှုများ ဖယ်ရှားပေးရန် ချက်ခြင်းပင် တောင်းဆိုလာခဲ့ပြီး ရန်ကုန် ရှိ ကုလ အပါအဝင် အနောက် နိုင်ငံ သံရုံးများကလည်း အလားတူ ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

တနင်္လာနေ့ အထွေထွေ သပိတ်တိုက်ပွဲကြီးတွင် လူသုံးဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းက ဖေါ်ပြခဲ့သည်။

ဤသည်ကို ကြည့်က မြန်မာ ပြည် အခြေအနေများကို တကမ္ဘာလုံးက မျက်ခြေမပြတ် စောင့်ကြည့်နေသည်မှာ သိသာ ထင်ရှားနေပြီ ဖြစ်သည်။

တပြည်လုံးရှိ ပြည်သူများ က မိမိတို့ သားသမီး အရွယ် ကျောင်းသားလူငယ်များအား ရက်ရက်စက်စက် ဖမ်းဆီး ရိုက်နှက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာနေရသည်နှင့် အမျှ စစ်တပ်၏ ဂုဏ်သိက္ခာသည်လည်း မည်သို့မျှ အဖတ်ဆယ် မရအောင် ပျက်စီး သွားခဲ့ရပြီ ဖြစ်သည်။ တကမ္ဘာလုံးက စီးပွားရေး အရ ဒဏ်ခတ်လာပြီး ပြည်တွင်းတွင်လည်း လူမှုရေး ဒဏ်ခတ်မှုများနှင့် ရင်ဆိုင်လာနေရပြီး လူ့အသိုက်အဝန်းမှ ဖယ်ကျင်ခြင်း ခံရသည့် ဘဝ ကျရောက်သွားခဲ့သည်အထိ ဖြစ်သည်။

၎င်းတို့၏ ရက်စက်ကြမ်းကြုပ်သော လုပ်ရပ်များကို ထိတ်လန့် တုန်လှုပ်လာနေသောကြောင့် ယခုပင် အင်္ဂလန်ရှိ မြန်မာ သံရုံး မှ ဒေါ်အောင်ဆန်းစုကြည် အစိုးရ နှင့် ပြည်သူများ အပေါ် သာ သစ္စာခံမည် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် အား လွှတ်ပေးရန် သံအမတ်ကြီး ဦးကျော်စွာမင်းမှ တရားဝင် ကြေညာ ချက် ထုတ်ပြန်ခဲ့ပြီး CDM လှုပ်ရှားမှုတွင် တရားဝင် ပူးပေါင်း ပါဝင်လာပြီ ဖြစ်သည်။ ဦးကျော်စွာ မင်း၏ သတ္တိရှိရှိ လုပ်ဆောင်ခဲ့မှု အပေါ် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒိုမိနစ် ရက်ဘ် က ချီးကျူးကြောင်း တွစ်တာမှ ရေးသား ဖေါ်ပြခဲ့သည်။

ကမ္ဘာတဝှမ်း ရှိ မြန်မာ သံရုံး အတော်များများ ကလည်း ပြည်သူများနှင့် ပူးပေါင်း လာနေကြပြီး ပြည်တွင်းတွင် ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး နှင့် ကျန်းမာရေး ကဏ္ဍများ လုံးဝပြိုလဲသွားပြီ ဖြစ်သည်။

မင်းအောင်လှိုင် နှင့် အဖွဲ့ကတော့ ဒေါက်တာ ဇော်ဝေစိုး ၏ ဘယ်ခြောက်ကာ ညာလှမ်းသည့် ခြေလှမ်းများ အတိုင်း လိုက်က နေရင်းက အမှားများ တခုပြီး တခု ကျူးလွန်လာလျှက် ရှိနေသည်။

မင်းအောင်လှိုင်သည် ၈၈ တုန်းက ကဲ့သို့ လူငယ်များ ထောင်သောင်းချီ၍ လက်နက်ကိုင် တော်လှန်ရန် တောခိုသွားကြသောကြောင့် ၎င်းတို့ မြန်မြန် ဆန်ဆန် အောင်ပွဲခံနိုင်သည့် အဖြစ်ကို တွက်ဆမိခြင်း မရှိ၊ ယခု လူငယ်များက မိမိတို့ လွတ်လပ်ရေး၊ အနာဂတ် အရေး၊ စစ်အာဏာသိမ်းမှု မအောင်မမြင် ဖြစ်နေသည့် အနေအထားကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေး အတွက် အရောင်အသွေး အနှောမခံဘဲ မြို့ပေါ်မှာပင် မဆုပ်မနစ် တိုက်ပွဲဝင်လျှက် ရှိနေသည့် အဖြစ် ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

ယခုအခါ လူငယ်များ၏ တိုက်ပွဲ သိသိသာသာ အရှိန်မြင့်လာနေမှုကြောင့် ဘီဂျင်း အစိုးရ သည် ၎င်းတို့၏ ကီလိုမီတာ ၈၀၀ ခန့် ရှည်လျှားသော ပိုက်လိုင်း အတွက် စိုးရိမ်မှုများ သိသိသာသာ မြင့်တက်လာနေသဖြင့် မြန်မာဖက်ရှိ ပြည်ထဲရေး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများ ဖြင့် အရေးပေါ် အစည်းအဝေးကို ချက်ခြင်း ခေါ်ယူ ကျင်းပလာအထိ ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင် သစ္စာခံ မြန်မာ အရာရှိများအား ပိုက်လိုင်းလုံခြုံရေး ကို အကာအကွယ် ပေးရန်နှင့် ၎င်းတို့ မကောင်းကြောင်း များ ရေးသားနေသော မြန်မာ မီဒီယာများကို ထိန်းချုပ်ပေးရန် ညွှန်ကြားခဲ့ကြောင်း ပေါက် ကြားလာသည့် အစည်းအဝေး မှတ်တမ်းအရ သိရသည်ဟု ဧရာဝတီက ဖေါ်ပြခဲ့သည်။

မင်းအောင်လှိုင်ကလည်း နာရီ မဆိုင်းဘဲ မြန်မာ နောင်း သတင်းတိုက် ကို ဝင်ရောက် စီးနင်းပြီး မဇျွိမ၊ ခေတ်သစ် မီဒီယာ၊ မြန်မာနောင်း၊ ဆဲဗင်းဒေး နှင့် ဒီဗီဘီ အစရှိသည့် မီဒီယာများ၏ ထုတ်ဝေဖြန့်ချီခွင့် လိုင်စင်များကို ရုပ်သိမ်းပေးခဲ့ရသည်။ တရုတ်တို့ ၏ စိတ်တွင် မင်းအောင်လှိုင်ကို “ဝ” ခေါင်းဆောင် ပေါက်ယူချန် အဆင့်သာသာ အဖြစ် သဘော ထားနေလေသည်။

သို့သော် မြန်မာ အရေး အား ကုလ တွင် တရုတ်က ဆက်လက်ပြီး မင်းအောင်လှိုင် အဖွဲ့မှ ရပ်တည်ပေးနေသမျှ ပိုက်လုံး လုံခြုံရေးသည် တနည်း မဟုတ် တနည်း ထိခိုက်လာမည် ဖြစ်သည်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆန္ဒပြနေသော အစိုးရ ဝန်ထမ်းများ၊ အလုပ်သမားများ နှင့် ကျောင်းသားလူငယ်များက အဆိုးဆုံးကို ပြင်ဆင် ထားပြီ ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုလာပြီး ပိုက်လိုင်းသည် မိမိတို့ နိုင်ငံတွင်း ရှိ၍ တိုက်ခိုက်ခံ ရပါကလည်း မိမိတို့ “ပြည်တွင်းရေး” သာ ဖြစ်သည်ဟု ပြင်းထန်စွာ တုန့်ပြန်လာခဲ့ကြသည်။

တရုတ် တို့ အဖို့ မင်းအောင်လှိုင်ကို အချိန်မီ ဖမ်းဆီးခြင်း မလုပ်နိုင်က ၎င်းတို့၏ နောက်ဖေးဖက်တွင် လစ်ဗျား နှင့် ဆီရီးယားကဲ့သို့ ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်နေသည့် မြန်မာပြည် နှင့် ရင်ဆိုင်ရ တော့မည် ဖြစ်သည်။ အနောက်နိုင်ငံများကလည်း ၎င်းတို့ ပျက်စီးရာ ပျက်စီးကြောင်း အဖြစ် ထိုသို့ အဖြစ်ရောက်အောင် တွန်းပို့နေသည်ဟု တရုတ်တို့ သံသယ ရှိနေကြသည်။ မင်းအောင်လှိုင်ကို ဆွေးနွေးပွဲ လမ်းစဉ်ဖြင့် ဖြေရှင်းရန် ချပြခဲ့သော်လည်း မင်းအောင်လှိုင်က လိုက်နာမည် မဟုတ်ကြောင်း စမ်းချောင်း အရေးအခင်း ဖြင့် အဖြေပေးလိုက်ပြီ ဖြစ်သည်။ မိမိတို့ ၏ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများကို ကာကွယ် မည်လား၊ တနိုင်ငံလုံးက ရွံ့မုန်းနေသော မင်းအောင်လှိုင်ကို ကာကွယ်မည်လော တခုခုကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

အလုပ်ဆက်ဝင်နေသူ အများစုသည်လည်း အောင်ပွဲ အရိပ်အယောင် မြင်လာရသည့် နှင့် အကုန်လုံးနည်းပါး ပါဝင်လာကြသည်ကို ရိပ်စားမိသော မင်းအောင်လှိုင် အဖို့ ဖြစ်သည့်နည်းနှင့် ချေမှုန်းရန် ပြင်ဆင်လာနေသည်။ နောက်ထပ် လူထုကို လှည့်စားမှု တရပ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ၏ စီးပွားရေး အကြံပေး ဩစတေးလျ နိုင်ငံသား ရှောင်တန်နဲလ် ဆီမှ ဘဏ္ဍာရေး ထိပ်တန်း လျို့ဝှက်ချက် ကို စစ်ဆေး သိရှိခဲ့ရပြီဟု ကြေညာ လာ ခဲ့သည်။

၎င်းအဖို့က တရက်ပြီး တရက်ကို အလိမ်အညာများ နှင့် တန်ဆာဆင်ကာ ခက်ခက်ခဲခဲ ဖြတ်ကျော်နေရပြီ ဖြစ်သည်။ ၎င်းအား သစ္စာခံနေကြသူများ ဖက်ကလည်း နေ့စဉ်နှင့် အမျှ ပြည်သူတရပ်လုံး၏ ရွံရှာ မုန်းတီးမှုများ နှင့် တိုး၍ တိုး၍ ရင်ဆိုင်လာနေရပြီ ဖြစ်သဖြင့် စိတ်ဓါတ်ရေးရာ တုန်လှုပ်ခြောက်ခြားလာမှုနှင့်အတူ ထိုသို့သော အနေအထား နှင့် မည်မျှအထိ ဆက်ပြီး ပြည်သူကို နှိပ်စက်ညှင်းပမ်းနေရတော့မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်လာကြပေတော့မည်။

ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်း ရှိ #MilkTeaAlliance လူငယ်များလည်း နယ်ခြား ဖြတ်ကျော် အကူအညီ ပေးလာပြီး Free Ranger Burma အဖွဲ့ကလည်း ထိရောက်စွာ အကူအညီပေးမည် ဟူသော သတင်းများ ထွက်ပေါ်လာနေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Photo Credit – Frontier Myanmar


Spread the love
  •  
  •  
  •  
  •  
  •  
  •