စာရေးဆရာ မြသန်းတင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စာရေးဆရာ မြသန်းတင့်

“မေ(၂၃)ရက်နေ့ဖွား” .ရှိနေမယ်ဆိုရင် ခုချိန်..အသက် ၉၁ နှစ်အရွယ်ထိ စာတွေရေးနေအုန်းမယ့်….သူ
*WAR AND PEACE (1972)
*GONE WITH THE WIND(1978)
*A DREAM OF RED MANSIONS(1988)
*THE CITY OF JOY(1992)
*BEYOND LOVE(1995)……..တို့နဲ့
အမျိုးသားစာပေ ဘာသာပြန်`ဆုများရှင်´၊


မြန်မာစာရေးဆရာတွေထဲမှာ စာအရေးနိုင်ဆုံး စာရေးဆရာ၊
သူရေးထားသမျှ စာအုပ်တွေထဲမှာလည်း ပြောစမှတ်ဖြစ်ကျန်စေခဲ့တဲ့ စာအုပ်တွေ နဲ့စာပေလောကမှာ ဆွေးနွေးစရာဖြစ်စေခဲ့တဲ့ စာအုပ်တွေကို ရေးသားနိုင်ခဲ့သူ၊

ဒါ့ပြင်….
အကြိမ်ကြိမ်ပုံနှိပ်နေရတဲ့…
`ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မယ်´ကို မွေးထုတ်ခဲ့ပြီး မြန်မာပြည်တစ်လွှား`သံချောင်း´ခေါက်ခဲ့သူ…..

အဲဒီလို စာပေလောကတွင်သာအောင်မြင်ကျော်ကြားခဲ့တာတွင်မက….
သူ့ခေါင်းကိုဖြတ်နိုင်လျှင် ဆုငွေပေးမည် လို့ မြင်းခြံနယ်ဘက်မှာ အင်္ဂလိပ်အလိုတော်ရှိတွေနဲ့မြေရှင်တွေက တိတ်တဆိတ် ဆုငွေထုတ်ခံခဲ့ရသူ၊
ကျောက်ပန်းတောင်းနယ်ဘက်မှာ အက်တူး-သခင်အုန်းဖေနဲ့အတူ လယ်သမားများ သီးစားခမပေးရေးတိုက်ပွဲ၊လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲနဲ့ မြေရှင်ကြီးတွေရဲ့လယ်တွေထဲ အတင်းဝင်ထွန်ရေး (ထွန်တုံး)တိုက်ပွဲတွေကို ဦးဆောင်ခဲ့သူ၊
အဲဒီလို…သီးစားခမပေးရေးတိုက်ပွဲမှာ အင်္ဂလိပ်အစိုးသိမ်းယူထားတဲ့ လယ်သမားတွေရဲ့ပစ္စည်းပစ္စယတွေကိုပြန်လုယူတဲ့အတွက် (ရုံးမင်းတစ်ထိုင်)ပြစ်ဒဏ်ကျခံခဲ့ရသူ၊

အထွေထွေသပိတ်ကြီးမှာ မြင်းခြံ၊မန္တလေး၊ဒလ သင်္ဘောကျင်း အလုပ်သမားထုကြီးပါဝင်လာအောင် တာဝန်ယူလှုံ့ဆော်ခဲ့သူ၊

`ကိုကိုးကျွန်း´ကို ဒုတိယံမိနှစ်ကြိမ်နှစ်ခါ ရောက်ခဲ့ရပြီး အသက်မသေပဲ ကျွန်းပြန်ဘဝနဲ့ ဆက်လက်ရှင်သန်လာခဲ့တဲ့သူ…..

ဒီလောက်ဆိုရင်….
သူ ဘယ်သူလဲဆိုတာသိလောက်ပါပြီ။

ဟုတ်ပါတယ်…
သူ့ရဲ့အမည်ရင်းမှာ `မြသန်း´ဖြစ်ပြီး သခင်မြသန်း နဲ့ မှားကြတာမို့ သူ့ဖခင်ရဲ့နာမည်တစ်လုံးထပ်တိုးလိုက်ရတဲ့`ဆရာမြသန်းတင့်´ပါပဲ။
၁၉၂၉ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ပခုက္ကူခရိုင်၊မြိုင်မြို့တွင် အဖ ဦးပေါတင့် အမိ ဒေါ်လှိုင်တို့က ကြာသပတေးနေ့မှာ မွေးဖွားခဲ့တယ်။မွေးချင်းခုနှစ်ယောက်ထဲမှာ အကြီးဆုံးသားကြီးဖြစ်ပါတယ်။

မြိုင်မြို့ တိုင်းရင်းမြန်မာ အထက်တန်းကျောင်းနဲ့ ပခုက္ကူမြို့ မြန်မာ-အင်္ဂလိပ် ဗုဒ္ဓဘာသာအထက်တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့တယ်။
၁၉၄၁ မှာ ပဉ္စမတန်းပညာသင်ခဲ့ပြီးနောက် ၁၉၄၂ မှာ ဂျပန်ခေတ် ကျောင်းပြန်တက်ခဲ့ရတယ်။

၁၉၄၃ မှာ အာရှလူငယ်များအဖွဲ့ထဲမှာပါဝင်လှုပ်ရှားခဲ့ပြီးနောက်
၁၉၄၄-၄၅ ခုနှစ်အတွင်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကြီးထဲပါဝင်တယ်။
၁၉၄၅-၄၆ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်မှာတာဝန်ကျတယ်။
မန္တလေးခရိုင် ဖဆပလအဖွဲ့ချုပ်မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့တယ်။
၁၉၄၇ မှာ ကျန်းမာရေးကြောင့် အနားယူကာ တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ပြီးနောက်….


၁၉၄၈ မှာ ရန်ကုန်တက္ကသိုလ်တက်ရောက်တယ်။
၁၉၄၉ မှာ`ဒုက္ခသည်´ဝတ္ထုဟာ ပထမဆုံးရေးတဲ့ ဝတ္ထုတိုဖြစ်ပြီး`တာရာမဂ္ဂဇင်း´မှာ ပုံနှိပ်ဖော်ပြခြင်းခံရတယ်။
၁၉၅၀ မှာ`စာပေသည် ပြည်သူ့အတွက်´ဆိုတဲ့ ကြွေးကြော်သံနဲ့`စာပေသစ်မဂ္ဂဇင်း´ကို ကိုသန်းတင်၊ဒဂုန်တာရာ၊မောင်ကြည်လင်၊အောင်လင်းတို့နဲ့အတူ ထုတ်ဝေတယ်။
အဲဒီနှစ်မှာပဲ..ပထမဆုံးဘာသာပြန်လက်ရာအဖြစ်`ဂေါ်ဂီ´ရဲ့`မာလ်ဗာနှင့်အခြားဝတ္ထုများ´ကိုရေးသားတယ်။
၁၉၅၂မှာ`ကမ္ဘာငြိမ်းချမ်းရေး ကွန်ဂရက်´(မြန်မာနိုင်ငံ)နဲ့ စာရေးဆရာအသင်းအလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ခဲ့တယ်။`စာပေမဂ္ဂဇင်း´မှာ တာဝန်ခံအယ်ဒီတာ၊`ပြည်တော်သစ် ဂျာနယ်´မှာ အယ်ဒီတာချုပ် နဲ့`တိုးတက်ရေးသတင်းစာ´မှာ နိုင်ငံခြားရေး အယ်ဒီတာ အဖြစ်ဆောင်ရွက်တယ်။
ဒုတိယမြောက်ဘာသာပြန်စာအုပ်အဖြစ် `အတ္ထုပ္ပတ္တိ မက္ကဇင်ဂေါ်ဂီ´ကိုပြန်ဆိုခဲ့တယ်။
၁၉၅၃ မှာ ပင်ကိုယ်ရေးလုံးချင်းအဖြစ်`မေတ္တာအသင်္ချေ´ကို စရေးတယ်။

၁၉၅၄ မှာ ရန်ကုန်တက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့ရခဲ့တယ်။

၁၉၅၅ မှာ သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့`ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီမှာ အတွင်းရေးမှူးဖြစ်လာတယ်။

၁၉၅၆ မှာ ဥပဒေ ဘွဲ့ရရှိခဲ့တယ်။

၁၉၅၇ မှာ `ပြည်သူ့တိုးတက်ရေးပါတီ´ရဲ့ပေါ်လစ်ဗျူရိုတွင် ပါဝင်ခဲ့တယ်။

၁၉၅၈ မှာ ကိုကိုးကျွန်းတွင် နှစ်နှစ်တာ တစ်ကျွန်းစံမြန်းခဲ့ရတယ်။

၁၉၅၈ မှာ ပဒေသရာဇ်ဆန့်ကျင်ရေးဝတ္ထုဖြစ်တဲ့`လိုက်ခဲ့တော့ မြနန္ဒာ´ကိုရေးသားတယ်။

၁၉၆၀ မှာ`စာရေးဆရာကလပ်´မှာ အမှုဆောင်ဖြစ်လာတယ်။

`အမှောင်ရိပ်ဝယ်´ဝတ္ထုကိုရေးတယ်။

`ဗိုလ်တထောင်သတင်းစာ´မှာ နေ့စဉ်အခန်းဆက်ဝတ္ထုရှည်ဖြစ်တဲ့`နွံထဲကကြာ´ကို (နှစ်နှစ်နီးပါးခန့်) သိန်းဖေမြင့်နဲ့တွဲရေးသားခဲ့တယ်။
အဲဒီ အခန်းဆက်ကို ဝတ္ထုလုံးချင်းထုတ်တဲ့အခါမှာ မူလ ကလောင် `မြသန်း´ကနေ `မြသန်းတင့်´လို့ပြောင်းလိုက်ပါတယ်။

၁၉၆၁ မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့တယ်။အဲဒီ ညီလာခံကအပြန် ဆိုဗီယက်ယူနီယံနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေး ကော်မတီ ကနေဖိတ်ကြားတဲ့အတွက် ဒဂုန်တာရာ၊ပါမောက္ခ ဦးအောင်လှတို့နဲ့အတူသွားရောက်ခဲ့တယ်။

၁၉၆၂ မှာ စာရေးဆရာသမဂ္ဂ အမှုဆောင်၊
၁၉၆၃ မှာ `ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်´နဲ့ `ပြည်သူ့ကော်မတီဝင်´တာဝန်ယူခဲ့တယ်။

၁၉၆၃-၁၉၇၂ ထိ ကိုကိုးကျွန်းမှာ ၉ နှစ်ကြာ ဒုတိယအကြိမ် တစ်ကျွန်းစံခဲ့ရပြန်တယ်။

၁၉၇၂ မှာ တော်လ်စတွိုင်း ရဲ့`စစ်နှင့်ငြိမ်းချမ်းရေး´ဝတ္ထုနဲ့ `အမျိုးသားစာပေဘာသာပြန်ဆု ရရှိတယ်။

၁၉၇၃ မှာ တစ်ကျွန်းမှာသန္ဓေတည်လာခဲ့ပြီး ကျွန်းပြန်လာတဲ့နောက်မှာမွေးဖွားခဲ့တဲ့….
ဆရာမြရဲ့အားအရဆုံးလည်းဖြစ်မယ့်..စာပေဟောပြောပွဲတိုင်းလိုလိုမှာ ဟောပြောဖြစ်တဲ့`ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်´ကို ထုတ်ဝေလိုက်တယ်။

၁၉၇၈ မှာ အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ် ရဲ့ လေရူးသုန်သုန်´နဲ့`အမျိုးသားစာပေ ဘာသာပြန်ဆု´ဒုတိယအကြိမ်ဆွတ်ခူးနိုင်ခဲ့တယ်။

၁၉၈၈ မှာ တတိယအကြိမ်မြောက်အဖြစ် တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်း နဲ့ ကောက်ငို တို့ရဲ့`ခန်းဆောင်နီအိမ်မက်´ဂန္ဓဝင်ဝတ္ထုရှည်စာအုပ်နဲ့ `အမျိုးသားစာပေ ဘာသာပြန်(ရသ)´ကိုရရှိတယ်။

၁၉၉၂ မှာ ပြင်သစ်စာရေးဆရာ ဒိုးမိနိ လာပီယဲ ရဲ့`သုခမြို့တော်´ဝတ္ထုနဲ့ စတုတ္ထအကြိမ် `အမျိုးသားစာပေ ဘာသာပြန်ဆု´ကိုထပ်မံရရှိခဲ့တယ်။

၁၉၉၅ မှာ ဒိုမိနိ လာပီယဲ ရဲ့`အချစ်မိုးကောင်းကင်´နဲ့ ပဉ္စမမြောက် `အမျိုးသားစာပေ ဘာသာပြန်(ရသ)ဆု´ကို ရရှိခဲ့ပါတယ်။

ဆရာမြသန်းတင့်ရဲ့ ကလောင်ခွဲတွေကတော့….မြသန်း၊မောင်သစ်တည်၊စောယွမ်း၊ထက်အောင်၊မေမေလှိုင်၊မင်းနန္ဒာ၊ရဲအောင်ဇေ၊အုတ်လှငယ် နဲ့ ဇောတိက တို့ဖြစ်ကြတယ်။
ပင်ကိုယ်ရေးဝတ္ထု ၁၉ ပုဒ်၊
ပြဇာတ် ၁ ပုဒ်၊
စာပေဝေဖန်ရေး ၂ ပုဒ်၊
ခရီးသွားဆောင်းပါး ၂ ပုဒ်၊
ဘာသာပြန်( နိုင်ငံရေးစာပေ၊အတ္ထုပ္ပတ္တိ၊သမိုင်း၊ဒဿနိက၊ဝတ္ထု၊ကဗျာ) ၅၄ ပုဒ်၊

စုစုပေါင်း (၉၂)ပုဒ်ကိုရေးသားခဲ့ပါတယ်။

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ည ၉:၁၅ မိနစ်အချိန်မှာ မျက်မှောက်ခေတ်စာပေလောကရဲ့အတောက်ပဆုံးကြယ်ကြီးတစ်လုံး ကြွေကျသွားသလို…ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ်သာရှိသေးတဲ့ ဆရာမြသန်းတင့် ဟာ သူချစ်တဲ့စာပေ လောကကို အပြီးအပိုင်စွန့်ခွာသွားပါတယ်။

ဆရာမြရဲ့ နောက်ဆုံးစျာပနအခမ်းအနားမှာ ဆရာချစ်ဦးညို က ဆရာပါရဂူ အား`ဆရာ..ကျွန်တော့်မှာ အဖေ နှစ်ယောက်ရှိတာ တစ်ယောက်တော့သွားပြီ´လို့ ငိုကြီးချက်မသံကြီးနဲ့ပြောခဲ့သလိုမျိုး…ကျွန်တော်တို့ငယ်ရွယ်စဉ် က ဆရာမြ၊ဆရာအောင်သင်းတို့နဲ့ နယ်လှည့်ဟောပြောပွဲတွေကျင်းပခဲ့စဉ်က ဆရာကြီးနှစ်ပါးက စာပေကိုချစ်မြတ်နိုးတဲ့စိတ်တွေကိန်းအောင်းလာအောင်စေ့ဆော်ပေးခဲ့တာမို့ ဆရာချစ်ဦးညို တမ်းတသလို စာပေဖခင်ကြီးနှစ်ပါးစလုံး ယခုမရှိကြတော့တဲ့အတွက် အထူးကြေကွဲသတိရတမ်းတမိရင်း ဆရာမြရဲ့(၉၁) နှစ် မြောက်မွေးနေ့အမှတ်တရအဖြစ် ဤအတ္ထုပ္ပတ္တိအကျဉ်းကို ရေးသားပါတယ်။

ဆရာကြီးနှစ်ပါး ကောင်းမွန်ရာဘုံနိဗ္ဗာန်သို့ ရောက်ရှိပါစေကြောင်း အမျှအတမ်းပေးဝေလျက်….

*ဆရာမြ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်မမ နှင့် သားသမီး ၄ ဦးကျန်ရစ်ခဲ့ပါတယ်။(ဆရာမြနဲ့ခေတ်ပြိုင်ဆရာများဖြစ်ကြတဲ့ ပခုက္ကူနယ်သားတွေလည်းဖြစ်တဲ့ စာရေးဆရာ ကျော်အောင်၊မောင်ကြည်လင်၊အောင်လင်း တို့လည်း ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။)

ကိုးကား-အတ္ထုပ္ပတ္တိ၏အတ္ထုပ္ပတ္တိ
၊မြသန်းတင့်
မြသန်းတင့်(ပါရဂူ)

*လွန်ခဲ့တဲ့(၅)နှစ်ကရေးသားခဲ့တဲ့ ဆရာမြ အမှတ်တရPost ကို ပြန်လည်ရေးသားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •