“စာလာမဖတ်နဲ့၊ စကားပြောပါ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“စာလာမဖတ်နဲ့၊ စကားပြောပါ”

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေးတဲ့ ကိုဗစ်-၁၉ နဲ့ ဆက်စပ်တဲ့ ဘာသာရပ်ဆိုင်ရာ အွန်လိုင်းစကားဝိုင်းတွေက အတော်လေးအကျိုးရှိပါတယ်။

ကိုဗစ်-၁၉ ခေတ်အခြေအနေလိုက်ပြီး အကြောင်းအရာတွေက တခုပြီးတခု ပြောင်းသွားတယ်။

နိုင်ငံ့ခေါင်းဆောင်နဲ့ သက်ဆိုင်ရာနယ်ပယ်က တာဝန်ရှိသူတွေ၊ ကျွမ်းကျင်သူတွေ၊ ကိုယ်စားလှယ်တွေ၊ ခံစားရသူတွေ ကိုယ်တိုင်ပါဝင် ပြောဆိုဆွေးနွေး၊ ပွင့်ပွင့်လင်းလင်းထုတ်ဖော် ဝေဖန်ထောက်ပြကြတာမို့ မသိသေးတာတွေလည်း သိရသလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဆုံးဖြတ်ချက်လိုကိစ္စအပါအဝင် တခြားကိစ္စတွေနဲ့ ဆက်စပ်စဉ်းစားလို့လည်း ရသွားပါတယ်။

ဒါကြောင့် တတ်နိုင်ရင်တော့ အချိန်လေးပေးလို့ နိုင်ငံသားတိုင်း နားထောင်သင့်၊ ချိန်ဆသင့်၊ စဉ်းစားသင့်ကြပါတယ်။ ကိုယ့်အရေးဟာ နိုင်ငံရေးမဟုတ်လား၊ နိုင်ငံရေးဟာလည်း ကိုယ့်အရေးပဲပေါ့။

ဇူလိုင် ၇၊ ၂၀၂၀ အင်္ဂါ မနက် ၁၀ နာရီက စလို့ တနာရီကျော်ကြာ ပြောဆိုဆွေးနွေးကြတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အွန်လိုင်းစကားဝိုင်းဟာ ကိုဗစ်-၁၉ ခေတ် မွေးမြူရေးနဲ့ ရေလုပ်ငန်းနယ်ပယ်ရဲ့ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

အွန်လိုင်းစကားဝိုင်းမှာ ပါဝင်ဆွေးနွေးသူတွေဟာ သက်ဆိုင်ရာနယ်ပယ်က တာဝန်ရှိသူတွေနဲ့ ကိုယ်စားပြုသူတွေဖြစ်တဲ့အပြင် တဖက်မှာလည်း နိုင်ငံ့ခေါင်းဆောင်နဲ့တိုက်ရိုက် တင်ပြဆွေးနွေးနေရတာမို့ ဆွေးနွေးတင်ပြစရာ မကျန်ခဲ့ရလေအောင် သူတို့ တင်ကြိုအားထုတ်ပြုစုထားတဲ့ ရေးသားပြီးသားတင်ပြချက်တွေကို ဖတ်နေကြတာမို့ ဒေါ်အောင်ဆန်းစုကြည်ဖေ့စ်ဘုတ်အကောင့်ကနေ တိုက်ရိုက်လိုက်ဖ်ကြည့်နေကြတဲ့ ပြည်သူတွေအတွက်တော့ အနည်းငယ်ပျင်းစရာကောင်းနေပါတယ်။

တာဝန်ရှိသူတွေ၊ ကိုယ်စားပြုသူတွေဟာ ကိုယ့်ဘာသာရပ်ကို ကျွမ်းကျင်ပြီးသားဖြစ်တာမို့ စာမကြည့်ဘဲ ပြောရမယ်ဆိုလည်း ပြောနိုင်ကြမယ့်သူတွေပါ။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စာကျန် အတွေးကျန် တင်ပြစရာကျန်သွားကြမှာကို စိုးရိမ်ပူပန်ကြသူများပီပီ ပြင်ဆင်လာတာဖတ်လုပ်ကြတော့ စကားဝိုင်းဟာ အပြန်အလှန်စကားဝိုင်း၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်လုံးချင်းဆိုင် မျက်နှာကြည့်ပြီး ပြောဆိုနေတာမျိုးမဟုတ်တော့ဘဲ စာမချော်အောင်ဖတ်နေရလို ဖြစ်နေပါတယ်။

စိတ်ညစ်စရာပါ။ ဒီကြားထဲ နိုင်ငံ့ခေါင်းဆောင်နဲ့ ပြောဆိုဆွေးနွေးနေရတာမို့ အရှိန်တမျိုး ဖိအားတမျိုးကလည်း သက်ရောက်နေတာမို့ တချို့တွေမှာ သပ်သပ်ရပ်ရပ်မဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။

တကယ်တော့ စာဖတ်ရင် အဆင်မပြေတာ ခုနပြောတဲ့လူတွေတင်မကပါဘူး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် မိန့်ခွန်းတွေပြောတဲ့အခါ ရေးထားတာကို ဖတ်ပြီးပြောတာနဲ့ ပြည်သူတွေ ဒါမှမဟုတ် အစည်းအဝေးတက်သူတွေကိုမျက်နှာချင်းဆိုင်ကြည့်ပြီး ပြောတာဟာ မတူပါဘူး။

ဒီအတိုင်းလက်တန်းပြောတာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေ ဒါမှမဟုတ် အခမ်းအနား သို့ အစည်းအဝေးတက်သူတွေနဲ့ တသားတည်းဖြစ်သွားတာကို အမြဲသတိထားမိပါတယ်။

ရုပ်သံသတင်းတွေကြေညာတာလည်း အလားတူပါပဲ။ မြန်မာပြည်မှာတေ့ာ အခုထက်ထိ အစိုးရရော ပုဂ္ဂလိကမီဒီယာတွေမှာပါ သတင်းဖတ်တာပါပဲ၊ ဘီဘီစီနဲ့ နိုင်ငံတကာသတင်းဌာနတချို့မှာတော့ ရုပ်မြင်သံကြားကနေတဆင့် သတင်းကြည့်သူတွေကို သတင်းတင်ဆက်သူတွေက မျက်နှာချင်းဆိုင်ထိုင်၊ မျက်လုံးချင်းဆိုင်ကြည့်ပြီးမှ သတင်းကိုပြောပြတာပါ။

သတင်းကို နှလုံးသားထဲအရောက်ပို့ပေးတာပါ။ ဖတ်ပြတာဆိုရင် တခါတလေ နားထောင်နေရက်နဲ့ကို မကြားကြပါဘူး။ ဒါကြောင့် ဆွေးနွေးပွဲတွေမှာ စာဖတ်ကြတာထက် စကားပြောဖို့၊ စကားပြောတာတောင် မျက်နှာတည့်တည့်ကြည့်ပြီး မျက်လုံးချင်းဆိုင်ထားပြီး ပြောကြဖို့ သိပ်အရေးကြီးပါတယ်။

တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်တွေက အသင့်ပြင်ထားတာကို ဖတ်ပြပြောပြနေပေမယ့် တိုက်ရိုက်လိုက်ဖ်ကြည့်သူတွေအတွက် ပျင်းစရာကောင်းနေပေမယ့် သမာဓိအားအလွန်ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကုန်လုံးကို သေသေချာချာ လိုက်နားထောင်နေပုံရပါတယ်။

ကျွန်တော်ကိုယ်တိုင် နားထောင်နေရင်း ပျင်းနေပြီး သေသေချာချာ ခေါင်းထဲမရောက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တဦးချင်းပြောသွားတာတွေကို စုပတ်ပြီး ပြန်ဖြေရှင်းပြတဲ့အခါ ဒါမှမဟုတ် ခုနပြောသွားတဲ့ကိစ္စအပေါ် ထပ်ဆင့်ရှင်းလင်းသွားအောင် ပြန်လှန်မေးခွန်းထုတ်တဲ့အခါမှာ အော် ဒီကိစ္စလားဆိုပြီး လင်းသွားပါတယ်။

ကျွန်တော်တို့ဟာ ဆွေးနွေးပွဲစကားဝိုင်းတွေမှာ ပါဝင်ပြောဆိုရမယ်ဆိုရင် စကားပြောစွမ်းရည်တင်မကပါဘူး၊ နားထောင်စွမ်းရည်လည်း ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါကို လေ့ကျင့်ဆည်းပူးထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်နားလည်သလောက်တော့ ကျွန်တော်တို့နေခဲ့ဖူးတဲ့ မြန်မာရဲ့အခြေခံပညာကျောင်းတွေနဲ့ ကောလိပ်ကျောင်းတွေဟာ အဲဒါတွေကို မသင်ပေးလိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့အလုပ်ခွင်တွေရောက်၊ နောက်မှ စုတုပြုနဲ့ လိုက်ပါသင်ယူရတာမျိုးပါ။

ဒီကနေ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေထဲက နောက်ဆုံးဆွေးနွေးသူ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌရဲ့ တင်ပြချက်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ပါနေပါတယ်။ မြန်မာနိုင်ငံရဲ့အသားစားသုံးမှုဟာ အလွန်ကိုနည်းနေသေးတဲ့အတွက် မွေးမြူရေးသမားတွေအတွက် ချဲ့လို့ရတဲ့ဈေးကွက်ကြီးဖြစ်နေတာပါ။ အသားဟာ မြန်မာပြည်မှာ လတ်တလောဈေးကြီးနေပေမယ့် အနောက်နိုင်ငံတွေမှာတော့ အသားဈေးက မကြီးပါဘူး။ ဟင်းသီးဟင်းရွက်ကတောင် ဈေးကြီးတယ်လို့ ပြောလို့ရပါတယ်။

သူ့တင်ပြချက်ထဲမှာ မြန်မာနိုင်ငံမှာ မွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက် တိရိစ္ဆာန်ကောင်ရေတွေကို တခုချင်းရှင်းလင်းတင်ပြသွားတာ စုစုပေါင်း စားသောက်လို့ရတဲ့ တိရစ္ဆာန်ကောင်ရေ သန်း ၄၀၀ ကျော် (လက်ရှိ) ရှိနေတာကို ကြားလိုက်ပါတယ်။

နောက် မြန်မာ့ကြက်ခြံအများစုဟာ သာမန်ရိုးကျကြက်ခြံတွေဖြစ်တယ်၊ ခေတ်မီကြက်ခြံတွေ မဟုတ်ကြဘူး။ မြန်မာကြက် တနည်း တိုင်းရင်းကြက်ဈေးကွက်ဟာ ဒီထက်ကြီးအောင် ချဲ့လို့ရနေသေးတာကို သတိထားမိပါတယ်။

ပြည်သူတွေစားဖို့ သူတို့မှာ ပရိုတင်းဓာတ် အသားဓာတ်တွေကို အများကြီးထုတ်လုပ်ပေးနေရပေမယ့်် မွေးမြူရေးလုပ်ဖို့ အစိုးရဆီက ရထားတဲ့ မြေဧရိယာဟာ ရေလုပ်ငန်းနဲ့စာရင် အများကြီးနည်းနေသေးတာမို့ အစိုးရက မြေနေရာအတွက် စဉ်းစားပေးဖို့ကိုလည်း တင်ပြသွားပါတယ်။

အတော်စိတ်ဝင်စားစရာကောင်းတဲ့ ဆွေးနွေးမှုတွေဖြစ်ပါတယ်။ ပြည်သူတွေ ကြည့်သင့်ပါတယ်။ ဒီစကားဝိုင်းဆွေးနွေးမှုကို အစိုးရရုပ်သံကတော့ ည ၆ နာရီမှာ တကြိမ်၊ ည ၈ နာရီ သတင်းပြီးချိန် တကြိမ်၊ နှစ်ကြိမ်ထုတ်လွှင့်တတ််ပါတယ်။

နောက်တခုက မွေးမြူရေးဈေးကွက်ထဲကို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတဲ့အခါ မြန်မာပြည်က မွေးမြူရေးလုပ်ငန်းရှင် အသေး၊ အလတ်တွေ နစ်နာဖို့ရှိတာမို့ အစိုးရက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တင်ပြတဲ့အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တင်ပြတာကို ကောင်းစွာနားလည်ကြောင်းနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မခေါ်လို့လည်း မရပါဘူး၊ တိုင်းပြည်အတွက် လိုအပ်တာမို့ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း မနစ််နာအောင် အကောင်းဆုံးမျှခြေရအောင် တချိန်လုံးစဉ်းစား ချိန်စက်နေရတယ်လို့ ပြောပြရှင်းပြပါတယ်။

ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်သူတွေ၊ ကိုယ်စားပြုသူတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တို့ကြား တိုက်ရိုက်ဆွေးနွေးပြောဆိုကြတဲ့ စကားဝိုင်းဟာ တနာရီဝန်းကျင်သာကြာပေမယ့် အပေါ်ယံဟန်ပြပြောတာမျိုးမဟုတ်ဘူး၊ သေချာမှတ်သားထားပြီး နောက်ဆက်တွဲထည့်သွင်းစဉ်းစားတာ၊ ပြင်ဆင်လုပ်ကိုင်ပေးတာ၊ အကျိုးရှိအောင်လုပ်ဆောင်ပေးတာတွေကို လုပ်ပေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စကားဝိုင်းဆွေးနွေးးပွဲမှာ ပြောဆိုသွားပါတယ်။

ကျွန်တော်တို့တသက် မမြင်ဘူးမကြားဘူးတာမျိုးတွေကို ကိုဗစ်-၁၉ ခေတ် တနည်း ဒေါ်အောင်ဆန်းစုကြည်ခေတ် တနည်း အင်န်အယ်လ်ဒီခေတ်မှာ ကြားနေကြုံနေရပါတယ်။ အသိအမှတ်ပြုတတ် တန်ဖိုးထားတတ် အသုံးချတတ်အောင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တိုင်းပြည်အတွက်သာ အသုံးကျမယ်ဆိုရင် သူ့ကိုသုံးဖို့ တခါက ပြောထားဖူးတာကို မှတ်သားထားထားလို့ပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •