စီမံကိန်းနှင့် ဘဏ္ဍာ‌ရေး ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းလွှတ်တော်မှာ အမည်စာရင်းတင်သွင်းခံရသည့် (ဦး) ရဲမင်းဦး ဆိုတာ ဘယ်သူလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့် ဘဏ္ဍာ‌ရေး ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် ဦးရဲမင်းဦး အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁ နှင့်အညီ လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

 

ဦးရဲမင်းဦး ၏ ကိုယ်တိုင်ေရေးအတ္ထုပ္ပတ္တိ

ရန်ကုန်က ဂန္ဒီဆေးရုံကြီးမှာ ၁၉၇၅ ခုနှစ်က မွေးတယ်ဗျ။ အသက် ၄၅ နှစ်ထဲ ဆိုကြပါစို့။

ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ကြီးပါတယ်။ ငယ်စဉ်က သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် (ကိုမင်းကိုနိုင်တို့ရပ်ကွက်)နဲ့ တောင်ဥက္ကလာ ၁၂ ရပ်ကွက် (ဆရာအီကြာကွေးရပ်ကွက်)တို့မှာ နေထိုင်ခဲ့ပါတယ်။

အ.မ.က (၃၇)၊ သင်္ဃန်းကျွန်း၊ အ.လ.က (၄) သင်္ဃန်းကျွန်းတွေမှာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းမှာတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလို့ ဘုရားစူးရစေရဲ့ မဖြစ်ခဲ့ရပါဘူး။

၁၉၉၃ မှာ ဗဟန်း၊ နန်ယန်လို့ လူသိများတဲ့ အ.ထ.က (၂)၊ ဗဟန်းကနေ ဆယ်တန်းအောင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၉၅ မှာ တက်ခွင့်ရပါတယ်။ လှိုင်နယ်မြေမှာ တက်ခဲ့ပါတယ်။ ၂၀၀၁ မှာ ဘွဲ့ရပါတယ်။

အဲဒီကာလမှာ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပြီး နေ့တက်ကျောင်းသားအားလုံးကို ဒဂုံတက္ကသိုလ်ကို အတင်းရွှေ့လိုက်လို့ ဘွဲ့ယူတဲ့အချိန်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားအနေနဲ့ပဲ ယူခဲ့ရပါတယ်။ တက္ကသိုလ်မှာလည်း ထာဝရ FA အဖြစ်ပဲ လူသိများပါတယ်။ 😢

၂၀၀၀ ခုနှစ်မှာ Y2K ကိစ္စကြောင့် ကမ္ဘာကြီးပဲ ပျက်တော့မလိုလို ပြောနေကြတာတွေကို အစိုးရိမ်လွန်ပြီး အိမ်ထောင်ပြုလိုက်မိပါတယ်။ လူပျိုအဖြစ်နဲ့ ကမ္ဘာပျက်သွားတာကို မခံနိုင်တာပေါ့။ ကျားကြောက်လို့ အရှင်မကြီး ကိုးမိတယ်ဆိုရမလားပါပဲ။ (ကျန်တာဆက်ပြောဖို့ အစီအစဉ်မရှိသေးပါ။) 😛

၁၉၉၃ ဆယ်တန်းအောင်ကတည်းက KMD မှာ သင်တန်းတက်ပြီး အလုပ်တန်းဝင်ခဲ့ပါတယ်။ ကွန်ပျူတာသမားအဖြစ်ပဲ အသက်မွေးဖို့ အားထုတ်ခဲ့ပါတယ်။ အလုပ်တွေပြောင်းရင်း ၁၉၉၅ မှာ ထူးကုမ္ပဏီကို ရောက်ပါတယ်။ တစ်နှစ်ကြာမှာ အလုပ်ထွက်ပါတယ်။ ကွန်ပျူတာသင်တဲ့သူအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ ၁၉၉၈ မှာ ထူးကို အလုပ်ပြန်ဝင်ပါတယ်။ ၂၀၁၄ မှာ အလုပ်ထွက်ပါတယ်။

၂၀၁၀ မှာ ဘဏ်လောကကို စရောက်ပါတယ်။ AGD Bank ကို တည်ထောင်ခဲ့သူများထဲမှာ MD ရာထူးနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီကာလက မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး၊ Myanmar Payment Union ရဲ့ အတွင်းရေးမှူး၊ Myanmar Credit Bureau ရဲ့ အတွင်းရေးမှူး တာဝန်တွေကို ယူခဲ့ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှာလည်း ဗဟိုအလုပ်အမှုဆောင် လုပ်ခဲ့ပါတယ်။ ၂၀၁၄ အလုပ်ထွက်ချိန်မှာ တာဝန်ယူထားတဲ့ ကုမ္ပဏီအားလုံးနဲ့ အသင်းအဖွဲ့အားလုံးကနေ နှုတ်ထွက်ခဲ့ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းအဖြစ် ရှမ်းပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ပါတယ်။ ဘဏ်တချို့မှာ အကြံပေးလုပ်ပါတယ်။ ရှမ်းပြည်က ဟိုတယ်အသေးလေးတစ်ခုမှာ အစုရှယ်ယာ ပါပါတယ်။

၂၀၁၃ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချဘောဂဗေဒဌာနမှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ကို တက်ရောက်ခဲ့ပါတယ်။ EMPA 12th Batch ပါ။ ၂၀၁၆ မှာ Thesis မတင်လို့ ဘွဲ့မရခဲ့ပါဘူး။

ဒါနဲ့ ၂၀၁၈ မှာ အစအဆုံး ကျောင်းပြန်တက်ပါတယ်။ EMPA 17th Batch ပါ။ ခုတော့ Thesis ရေးနေပါပြီ။ ဒီတစ်ခါတော့ ဘွဲ့ရမယ် မှန်းတာပါပဲ။

၂၀၁၉ ဇန်နဝါရီလမှာ နေပြည်တော်စည်ပင်ဘဏ် (အခု နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်)မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလို့ တာဝန်ထမ်းဆောင်ရပါတယ်။ ဇူလိုင်လမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထပ်ပေးပါတယ်။ အဲဒီကစလို့ ရန်ကုန်သားကနေပြီး နေပြည်တော်သား ဖြစ်သွားပါတယ်။ နေ့လည်း နေပြည်တော် ညလည်းနေပြည်တော်ဆိုပြီး စိတ်ထဲ အမြဲထည့်ထားပါတယ်။ (ရန်ကုန်ကို သေတ္တာ စဖောက်တဲ့သဘောပေါ့)

၂၀၁၉ ထဲမှာပဲ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် အသင်းက တာဝန်ပေးပါတယ်။ Myanmar Payment Union ရဲ့ ဥက္ကဋ္ဌအဖြစ် MPU က တာဝန်ပေးပါတယ်။ လစာမပေးရတော့ တာဝန်တွေ အရမ်းပေးကြတာပါပဲ။ 😛

ဒီလိုပဲ ဟိုကော်မတီပါ ဒီကော်မတီပါလေးတွေလည်း ရှိပါသေးတယ်။ ကော်မတီအစည်းအဝေးတွေက တိုက်တဲ့ လက်ဘက်ရည်နဲ့ မုန့်တွေကို မကြာခဏ စားခဲ့ရပါတယ်။

၂၀၁၆ကနေ ၂၀၂၀ အတွင်းမှာ

ရန်ကုန်တိုင်းဒေသကြီး အထပ်မြင့်အဆောက်အအုံများ စိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်

ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်

ရန်ကုန်ဝန်ကြီးများရုံး ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အဖွဲ့ဝင်

MSME Development Working Committee, Fund Management Team, အဖွဲ့ဝင်

Digital Economy Development Committee၊ အဖွဲ့ဝင်

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force)၊ အဖွဲ့ခေါင်းဆောင်

အဲလိုတွေလည်း လုပ်နေခဲ့တာ အခုထိပါပဲ။

အလုပ်လုပ်ရတာ ဝါသနာပါတယ်။ အလုပ်မရှိရင် မနေတတ်ဘူး။ ခေါင်းစဉ်မတူတဲ့ အလုပ်တွေကို တပြိုင်တည်း လုပ်နေတတ်ပါတယ်။ လူတွေက ကံလို့ ပြောတတ်တယ်။ အလုပ်လုပ်ရတဲ့ ကံမို့လို့ ကျေနပ်မိတာပါပဲ။

စာဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဒီနှစ်ခုပဲ ဝါသနာပါတယ်။

ငယ်စဉ်ကတည်းက ဘာအားကစားမှ မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း ထွားကျိုင်း ခန့်ညားနေတာ နေမှာပေါ့။ 😀

ဘဝမှာ ဘယ်အရာမှ အလကားမရခဲ့ဖူးဘူး။ အလွယ်တကူ မရခဲ့ဖူးဘူး။

ကြိုးစားအားထုတ်မှု မပြုရဘဲ ဘာမှလည်း မလိုချင်ခဲ့ဖူးဘူး။ ထီတောင်မထိုးဘူး။

အားနည်းချက် တစ်ခုပဲ ကြီးကြီးမားမား ရှိပါတယ်။ လူသားတွေကို လူဖြစ်နေတဲ့အတွက် ချစ်ခင်မှုပါ။


Spread the love
  •  
  •  
  •  
  •  
  •  
  •