“စုပေါင်းတိုက်ဖျက်ကြပါစို့”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“စုပေါင်းတိုက်ဖျက်ကြပါစို့”

အညာသား

ဆောင်းပါးမရေးဖြစ်တာ ကြာပါပြီ။ အခုတော့ဆောင်းပါးရေးသင့်တဲ့ အချိန်အခါမို့ ရေးလိုက်တာပါ။ ဆောင်းပါးရဲ့အကြောင်းအရာကတော့ ယနေ့ခေတ်စားနေတဲ့ Covid -19 အကြောင်းအရာပဲ ဖြစ်မှာပါ။ ကျန်းမာရေး မကောင်းတဲ့အချိန်တုန်းကတော့ အားနေ ဆောင်းပါးပဲ ရေးဖြစ်ပါတယ်။ အခုကျန်းမာရေးကောင်းလာတော့ အလုပ်တွေ ပြန်လုပ်ဖြစ်ပါတယ်။ အလုပ်တွေကလည်း အခုချိန်ခါ တစ်ပုံတစ်ပင်ပါပဲ။ အစိုးရအလုပ်လည်း ပါပါတယ်။ ပါတီအလုပ်တွေလည်း ပါပါတယ်။ အလုပ်တာဝန်ရှိတယ်လို့ ခံစားနေရတဲ့လုပ်ငန်းဟူသမျှကို တာဝန်ဆောင်ရွက်ရတာ အားကို မအားရ သလိုပါပဲ။ ကြားထဲမှာတော့ အမှတ်တရ ကျောင်းစာစောင်တစ်ခုနှင့် တက္ကသိုလ်က စီစဉ်ထုတ်ဝေတဲ့ မဂ္ဂဇင်းစာစောင်နှစ်စောင် ရေးပေးလိုက်ပါတယ်။ အခု ဒီဆောင်းပါးကတော့ Covid-19နှင့် ပတ် သက်ပြီး အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေနှင့်ပတ်သတ်ပြီး အကျိုးရှိအောင် ဘယ်လိုသုံးစွဲနေ သလဲဆိုတာ သိစေချင်တယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်နေတဲ့ Covid -19 ရောဂါ ကိုလည်း ဘယ်လိုစုပေါင်း ကာကွယ်ခဲ့ရသလဲဆိုတာ ပြည်သူလူထုကို သိစေချင်လို့ ရေးလိုက်တာပါ။

တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်‌၍ မရပါ
�‌တရုတ်ပြည်နှင့် နိုင်ငံတကာတွင် Covid-19 ရောဂါ ဖြစ်ပွားပျံ့နှံ့နေချိန်တွင် မြန်မာနိုင်ငံကလည်း Covid -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးများအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ လူမှုရေးဝန်ကြီးများ ပါဝင်ခဲ့ပါ တယ်။ ထို့အဖွဲ့၏ လုပ်ငန်းများကို အထောက်အကူပြုရန်အတွက် မန္တလေးတိုင်းဒေသကြီးက ကြိုတင်၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန်နှင့် ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီတစ်ခုကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ထိုနေ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ဖြစ်ပါတယ်။ တက္ကသိုလ် ပါမောက္ခချုပ်များအပါအဝင် ဌာနဆိုင်ရာ အားလုံး ပါဝင်ပါတယ်။

နိုင်ငံတော်သမ္မတရုံးကလည်း ၂၀၂၀ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့၌ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ထို့အဖွဲ့တွင် ဒုတိယသမ္မတ(၁)က ဦးဆောင် ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးများ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Covid -19 ရောဂါကို ကာကွယ် ထိန်းချုပ်ဖို့အတွက် အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံကလည်း ကော်မတီများဖွဲ့စည်း၍ ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသဖို့ လုပ်ငန်းဟာ အလွန် ကြီးမားကျယ်ပြန့်ပြီး တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားသည့်အပြင် စိန်ခေါ်မှု အသစ် လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီးအဆင့်အထိ Covid-19 ကာကွယ်ရေး ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၆ ရက် ရက်စွဲပါစာအရ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကို နိုင်ငံနှင့်တစ်ဝှမ်း ပြင်ဆင်ဖွဲ့စည်းတာဝန် ပေးလိုက်ပါတယ်။ နောက်ဆုံးဖွဲ့လိုက်သော အဖွဲ့တွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးအားလုံး ပါဝင်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ တိုင်းမှူးလည်း ပါဝင်ပါတယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးလည်း ပါဝင်ပါတယ်။ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးလည်း ပါဝင်ပါတယ်။ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးလည်း ပါဝင် ပတယ်။ အတွင်းရေးမှူးကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဖြစ်ပါတယ်။ ဤအဖွဲ့၏ လုပ်ပိုင်ခွင့်သည် Covid-19 ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အားလုံးတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါတယ်။ ဒါ့ကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့မှစပြီး လုပ်ငန်းများကို ဆောင်ရွက်နေတာ ယခုအချိန်အထိ ဖြစ်ပါတယ်။ တိုင်း ဒေသကြီး အဆင့်ကော်မတီအပြင် ခရိုင်နှင့် မြို့နယ်အဆင့်ကော်မတီများကိုလည်း တိုင်းဒေသကြီး အစိုးရက ဖွဲ့စည်းပေးခဲ့ပြီး တစ်တိုင်းလုံးအတွက် အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ပါတယ်။ ပြည်ထောင်စုရဲ့ညွှန်ကြားချက်နှင့်အညီ၊ တိုင်းဒေသကြီးရဲ့လိုအပ်ချက်နှင့် အညီ အစည်းအဝေးထိုင် ဆွေးနွေးဆုံးဖြတ် အလုပ်လုပ်ခဲ့ကြတာ ပထမလှိုင်းကိုလည်း ကျော်လွှားခဲ့ ပါတယ်။ ဒုတိယလှိုင်းကို ကြံ့ကြံ့ခံ ဆောင်ရွက်ပေးနေပါတယ်။ မန္တလေးတိုင်းဒေသကြီး အရေးပေါ် တုန့်ပြန်ရေးကော်မတီဖွဲ့ပြီးကတည်းက (၂၃)ကြိမ်တိုင်တိုင် အစည်းအဝေးများ ကျင်းပခဲ့ပြီး ဖြစ်ပါ တယ်။ ယခုနောက်ဆုံး တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီမှနေ၍ Covid-19 ပိုးတွေ့လူနာများကို ပြုစုစောင့်ရှောက်ရာတွင် ဆေးဘက်ဆိုင်ရာ လိုအပ်သော အကြံဉာဏ်များ၊ အကူအညီများပေးရန်အတွက် ၂၄-၉-၂၀၂၀ရက်နေ့တွင် Technical Support Team For Covid-19(Mandalay)ကို ဆေးတက္ကသိုလ်ပါမောက္ခချုပ်ဦးဆောင်၍ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များ၏ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့်ဖွဲ့စည်းပေးခဲ့ပြီး ယင်းအဖွဲ့မှ လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါတယ်။

မန္တလေးသားများ၏ စေတနာ

Covid-19 ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့ဖြစ်ပွားလာချိန်တွင် မန္တလေးမြို့၌ Covid-19ရောဂါကို စမ်းသပ်ရှာဖွေနိုင်သည့် ဓာတ်ခွဲခန်းမရှိပါ။ ထို့ကြောင့် သံသယရှိသောသူများကို ရန်ကုန်မြို့ အမျိုးသား ဓာတ်ခွဲခန်းသို့ ပေးပို့၍ စမ်းသပ်ရှာဖွေရပါတယ်။ သို့ဖြစ်၍ ဒီအခြေအနေဟာ ရန်ကုန်ကို မှီခိုရတယ်။ အချိန်စောင့်ဆိုင်းရတယ်။ ဒါ့ကြောင့် မန္တလေးမှာ Covid-19 ရောဂါ ရှာဖွေစမ်းသပ်ဖို့ လိုအပ်လာပြီလို့ အားလုံးက သုံးသပ်ကြပါတယ်။ ဓာတ်ခွဲခန်းဖြစ်ပေါ်ရေးအတွက် အဆောက်အဦ လိုမယ်။ စက်လိုမယ်။ ရန်ပုံငွေလိုမယ်။ ဒါတွေကို ဖြည့်ဆည်းဖို့ ပထမဦးစွာ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီးရန်ပုံငွေရှာဖွေရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ပိုပြီးစနစ်ကျ စေရန်အတွက် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်နေ့၌ မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီး တစ်ယောက်က ဦးဆောင်ပြီး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်အထိ ရန်ပုံငွေစုစုပေါင်း ၃.၁ ဘီလီယံကျပ်လောက် ရရှိခဲ့ပါတယ်။ ယင်းရန်ပုံငွေမှပင် မန္တလေးပြည်သူ့ ကျန်းမာရေးဓာတ်ခွဲခန်းတွင် အဆောက်အဦ အသစ်ဆောက်လုပ်နေတာ ၇၀%ပြီးစီး နေပြီဖြစ်ပါတယ်။ Coronavirus စမ်းသပ်သည့်စက်ကြီးကို ပြည်ထောင်စုမှ တစ်ခုပံ့ပိုးပေးခြင်း၊ တရုတ်ပြည် အစိုးရမှ တစ်ခုပံ့ပိုးပေးခြင်း ပြုခဲ့ပါတယ်။ လိုအပ် သည့် စမ်းသပ်စစ်ဆေးသည့် ဓာတုပစ္စည်းများကို ယခုအခါတွင် ရန်ပုံငွေမှပင် ဝယ်ယူနေရပြီ ဖြစ်ပါတယ်။ နေ့စဉ် စမ်းသပ်မှု ၅၀၀ကျော်၊ ၆၀၀ကျော် ပြုလုပ်ပေးနေရတာဖြစ်ပါတယ်။ နီးစပ်ရာ တိုင်းဒေသကြီးများကဟာလည်း စစ်ဆေးပေးရပါတယ်။ ဓာတ်ခွဲစမ်းသပ်သည့်ဓာတုပစ္စည်း ကုန်ခါနီး ပြီဖြစ်၍ ခုရေ(၂၀၀၀၀)တိတိ မှာယူဝယ်ပြီးလည်း ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းတွင် တာဝန်ယူ ဆောင်ရွက်နေရသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ညဉ့်နက်သန်းခေါင်အထိ အလုပ် လုပ်ပေးနေကြပါတယ်။ ဂုဏ်ယူဖို့လည်းကောင်းပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ ဒီလိုကြိုးစားပမ်းစားလုပ်ပေးနေတာကို ပြည်သူလူထုလည်း သိစေချင်ပါတယ်။ ယခုထက်တိုင်လည်း အလှူရှင်များက လာရောက်လှူဒါန်းနေတုန်းပဲ ဖြစ်ပါတယ်။ စာရေးသူတို့ မန္တလေးသားများ၏ စေတနာ၊ ဓာတ်ခွဲခန်းတည်ဆောက်ရန် ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်၊ ကူညီပေးခဲ့သော ဘဏ္ဍာရေးကော်မတီ ဤအချက်(၃)ချက်အရ ယနေ့ အချိန်တွင် ရောဂါကို မန္တလေးမြို့တွင်ပင် စမ်းသပ်ရှာဖွေနိုင်ခြင်းဖြစ်ပါတယ်။ စဉ်းစားလေ အောင်မြင်လေလို့ ယူဆနိုင်တဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ အားလုံးကြိုးစား၍ ရလာတဲ့အသီးအပွင့်လည်း ဖြစ်ပါတယ်။

တစ်ကယ့်စိန်ခေါ်မှုအစစ်ပါ
�‌မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံး စတွေ့သော လူမှာ ချမ်းမြသာစည်မှ ဖြစ်ပါတယ်။ အမေရိကန်ပြန်ဖြစ်ပါတယ်။ အသက်(၃၃)နှစ်ရှိပါတယ်။ သူနှင့်ထိတွေ့သော သူအားလုံးမှာ(၂၀)ဦး ရှိပါတယ်။ ယင်း(၂၀)ဦးကို ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးသောအခါမှာ ပိုးမတွေ့ရှိရပါ။ ပိုးစတွေ့ သောနေ့မှာ ၂၅-၃-၂၀၂၀ရက်နေ့ဖြစ်ပါတယ်။ ထိုမှနေ၍ စက်တင်ဘာလတွင် ပိုးတွေ့ရှိမှု ပိုမိုများ ကာ (ဥပမာ – စက်တင်ဘာ ၆ရက်နေ့တွင် ၁၉ဦး၊ စက်တင်ဘာ ၁၀ရက်နေ့တွင် ၁၉ဦး၊ စက်တင်ဘာ ၁၅ရက်နေ့တွင် ၁၄ဦး၊ စက်တင်ဘာ ၁၇ရက်နေ့တွင် ၁၄ဦး၊ စက်တင်ဘာ ၂၂ရက်နေ့တွင် ၂၆ဦးနှင့် စက်တင်ဘာ ၂၈ရက်နေ့တွင် ၂၇ဦး) စုစုပေါင်း ၂၈၆ဦး ရှိပြီဖြစ်ပါတယ်။

စောစောပိုင်း ပိုးတွေ့ရှိသူများမှာ နိုင်ငံခြားပြန်များ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ပြည်ပနိုင်ငံများမှ အလုပ်လုပ်၍ ပြန်လာကြသော နိုင်ငံသားအားလုံးစုစုပေါင်း ၃၄၂၁၀ဦး ဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် ပြန်လာဆဲဖြစ်ပါတယ်။ ယနေ့ပင်တွင် ၁၄ဦး ပြန်ရောက် လာပါတယ်။ ပြန်လာသည့်နိုင်ငံများမှာ နိုင်ငံအစုံဖြစ်ပါတယ်။ အများဆုံးပြန်လာသည့်နိုင်ငံများမှာ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ အစရှိသော …နိုင်ငံများ ဖြစ်ပါတယ်။ ထိုသူအားလုံးကို သီးသန့်ခွဲ၍ ထားရပါတယ်။ ဒါကိုပဲ Facility Quarantine ထားသည်ဟု ခေါ်ပါတယ်။ ယင်းတို့ကို ကျွေးရ၊ မွေးရသည့်စရိတ်၊ မြဝတီသို့ သွားရောက်ခေါ်ယူရသည့်စရိတ်၊ ယင်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ရသည့်စရိတ်၊ အခြားစရိတ်များ (ဥပမာ -အခြားလိုအပ်ချက် ရှိသည်များကို ပြင်ဆင်ပေးရခြင်း)၊ ယင်းQuarantine ဝင်သောသူများအား လိုအပ်သည်များကို ဆောင်ရွက်ပေးရန် အတွက် စေတနာ့ဝန်ထမ်းများအတွက် စားစရိတ်၊ သောက်စရိတ်၊ ကျန်းမာရေး ဝန်ထမ်းအတွက် စရိတ်စကများ အစရှိသည်တို့ကို တိုင်းဒေသကြီးအစိုးရ တာဝန်ယူဆောင်ရွက် ပေးရတာဖြစ်ပါတယ်။ ယင်းစရိတ်စကအားလုံးကို တိုင်းဒေသကြီး၏ဘတ်ဂျက် သဘာဝဘေး ရန်ပုံငွေမှလည်းကောင်း၊ Covid-19 ရန်ပုံငွေမှလည်းကောင်း သုံးစွဲရခြင်းဖြစ်ပါတယ်။ ယနေ့အထိ Quarantine ဝင်ရောက် ဦးရေမှာ ၃၉၀၇၂ဦး၊ Quarantine ပြီးဆုံးသူဦးရေ ၃၆၃၁၈ဦး၊ လက်ရှိ Quarantine ထားသူဦးရေ ၂၇၅၄ဦး ဖြစ်ပါတယ်။ ယခုပိုးတွေ့သည့်လူနာစုစုပေါင်း ၂၈၆ဦး နှင့် အနီးကပ်ထိတွေ့ခဲ့သူစုစုပေါင်း ၂၁၈၆ဉီး ရှိခဲ့ပါတယ်။ ယင်း ၂၁၈၆ဦးကိုလည်း Quarantine ထားရပါတယ်။ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သော အနီးကပ် ၂၁၈၆ဦးထဲမှ ပိုးတွေ့သူ ၁၈၈ဦး ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးတွင် Quarantine ထားရသည့်နေရာများမှာ ဟိုတယ်များ၊ ဇီဝိတဒါန သံဃာဆေးရုံ၊ မန္တလောဒီဂရီကောလိပ်၊ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ မြို့နယ်များမှ စာသင် ကျောင်းများ အပါအဝင် စုစုပေါင်း ၃၇၂နေရာရှိပါတယ်။ ထို Quarantine ထားရသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ၍ စမ်းသပ်စစ်ဆေးရတဲ့လုပ်ငန်းကိုလည်း ဆောင်ရွက်စစ်ဆေး ပေးရပါတယ်။ ယခုလက်ရှိ နှာခေါင်းတို့ဖတ်ယူရန် ကျန်ရှိသောဦးရေမှာ ၃၁၅ဦး သာရှိပါတယ်။ ထို Quarantine ဝင်သောသူတစ်ဦး၏ ကျွေးမွေးစရိတ်ကို ၃၀၀၀ကျပ်နှုန်း ကျွေးပါတယ်။ လက်ရှိ ကျွေးမွေးစရိတ်ကိုက ကျပ်သန်းပေါင်း၁၁၇သန်းဖြစ်ပါတယ်။ ယင်းတို့ကို သွားရောက်ကြိုသောအခါ ငှားရတဲ့ ကားခများ၊ Covid-19 ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ Mask၊ Hand Gel များကို အလှူရှင်များ လှူသည့်အထဲမှ ပံ့ပိုးပေးရပါတယ်။ ထို့အပြင် ပိုးတွေ့လူနာရှိသော ရပ်ကွက်တို့ကို ပိတ်ပင်ရသောအခါ ထိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများကိုလည်း ထောက်ပံ့ပေးခဲ့ရတာတွေ လုပ်ပေးခဲ့ရပါတယ်။ ဒါကြောင့်မို့ Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဟာ အလွန်ကြီးမားကျယ်ပြန့်ပြီး စိန်ခေါ်မှုကြီးလည်း ဖြစ်ပါတယ်။

မန္တလေးနှင့် Covid

လောလောဆယ် မန္တလေးတွင် Covid လူနာစုစုပေါင်း ၂၈၆ဦး စာရေးသူ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့ညနေပိုင်း တွေ့ရှိချက်အဖြေအရ နောက်ထပ် ၁၄ဦး ထပ်ပေါင်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း ၃၀၀ ဦးဖြစ်သွားပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၈ မြို့နယ် ရှိသည့်အနက် မြို့နယ် ၂၀၌သာလျှင် ပိုးတွေ့ရှိနေရပါတယ်။ ပိုးတွေ့လူနာ ၃၀၀ ဦးထဲမှ ၁၃၅ ဦးသည် ရောဂါပျောက် ကင်းသွားပြီဖြစ်ပါတယ်။ တစ်ဦးသေဆုံး၍ ရောဂါပိုးရှိသူဟာ ၁၆၄ဦး (ယနေ့ ၁၄ဦး အပါအဝင်) ရှိပါတယ်။ လက်ရှိအရေအတွက်ဖြင့် ပြောရရင် ပိုးတွေ့လူနာ အများဆုံးရှိသည့် မြို့နယ်မှာ မဟာ အောင်မြေဖြစ်ပြီး ၂၄ ဦးရှိပါတယ်။ ချမ်းအေးသာစံမှာ ၁၆ဦး ရှိပါတယ်။ ပုသိမ်ကြီး ၁၆ဦး(ယနေ့ ၂ဦးအပါအဝင်)၊ ရမည်းသင်း ၁၄ဦး( ယနေ့ ၂ဦးအပါအဝင်)၊ ပြည်ကြီးတံခွန် ၁၁ဦး၊ ဝမ်းတွင်း ၈ဦး (ယနေ့ ၄ဦးအပါအဝင်)၊ အမရပူရ ၁၁ဦး(ယနေ့ ၄ဦးအပါအဝင်)၊ မလှိုင် ၈ဦး၊ ချမ်းမြသာစည် ၆ဦး၊ အောင်မြေသာစံ ၈ဦး(ယနေ့ ၂ဦးအပါအဝင်)၊ မြင်းခြံ ၄ဦး၊ ညောင်ဦး၊ သာစည်၊ ပြင်ဦးလွင်တို့မှ ၅ဦးစီ၊ ကျောက်ပန်းတောင်း ၃ဦး၊ ငါန်းဇွန် ၂ဦးနှင့် နွားထိုးကြီး၊ သပိတ်ကျင်း၊ တောင်သာတို့မှ ၁ဦးစီ ဖြစ်ပါတယ်။ ယင်းလူနာများအားလုံးအား ဆေးရုံ ၁၆ရုံတွင် ဂရုတစ်စိုက်ပြုစုစောင့်ရှောက်ကုသ ပေးလျက်ရှိပြီး လိုအပ်သည်များကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ယခုကဲ့သို့ Quarantine ထားရှိခြင်း၊ ဆေးရုံများတွင် ကုသမှုပေးခြင်း အစရှိသည်တို့ကို နိုင်ငံတော်၏ဘတ်ဂျက်၊ စေတနာရှင်ပြည်သူလူထု၏ ထည့်ဝင်ငွေများဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက်ပေးနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်၏ စေတနာက Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အယုတ်အလတ်၊ အမြတ်မရွေး ၊ ဆင်းရဲချမ်းသာမရွေး၊ ဘာသာမရွေး မည်သူကိုမျှ မကျန်ရစ်စေရသော မူဖြင့် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

လက်ရှိ Covid -19 ဖြစ်ပွားနေရသော အခြေအနေ

ပထမပိုင်းအချိန်ကာလတွင် ပြည်တော်ပြန်များမှသာလျှင် ပိုးကို တွေ့ရှိနေရပါတယ်။ ဩဂတ်လ ဆန်းပိုင်းလောက်တွင် ရခိုင်ပြည်နယ်တွင် Covidဖြစ်ပွားမှု များပြားလာခဲ့ပါတယ်။ ထို့နောက် ဩဂတ်လအလယ်လောက်တွင် ရန်ကုန်၌ Covid အဖြစ်များပြားလာခဲ့ပါတယ်။ ရန်ကုန်တွင် အဖြစ်များလာပြီးနောက် မန္တလေးတွင်လည်း ရောဂါပိုးကူးစက်မှု တွေ့လာရမှုများမှာ ရန်ကုန်နှင့် ရခိုင်မှ ပြန်လာသောသူများထံမှ ကူးစက်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်မှ ရန်ကုန်နှင့် ရခိုင်သို့ သွားရောက်သောသူများ၊ ပြန်လာသောသူများ တာဝန်ရှိသူတို့ထံ အသိပေး အကြောင်းကြားရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ လောလောဆယ် မန္တလေးတွင် နောက်ပိုင်းပိုး တွေ့ရှိသူများမှာ ရန်ကုန်ပြန်များနှင့် ရန်ကုန်ပြန်များနှင့်ထိတွေ့သူများ ဖြစ်ပါတယ်။ ခရီးသွား ရာဇဝင်မရှိ၊ ပိုးရှိသူနှင့် ထိတွေ့မှု ရာဇဝင်မရှိသူများမှာ နည်းပါးပါတယ်။ တိုင်းအတွင်း ကူးစက်မှု နည်းပါးသည်ကို ညွှန်ပြနေပါတယ်။ ယနေ့ တွေ့ရှိသော လူနာ ၁၄ဦးမှာ ရန်ကုန်ပြန်များနှင့် ပိုးရှိသူ နှင့် ထိတွေ့သူများသာ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် အရေးကြီးတာကတော့ ပိုးတွေ့ရှိသူများအနေဖြင့် တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများက မေးမြန်းသောအခါ အဖြစ်မှန်များကို ပြောပြဖို့ အလွန် အရေးကြီးပါတယ်။ ရိုးရိုးသားသားနှင့် အများအတွက် အမှန်ကို ပြောပြခြင်းဖြင့် ကူညီရာရောက်ပါ တယ်။ ဥပမာ-ဟိုတယ်တစ်ခုတွင် လူ၂၀ကျော်လောက် ပိုးတွေ့ရှိခဲ့ခြင်းမှာ Covid စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိ၊ ရန်ကုန်ပြန်များကိုလည်း လက်မခံရန်ညွှန်ကြားထားသော်လည်း ဖောက်ဖျက်ခဲ့သဖြင့် ဝန်ထမ်းအများစုကို ကူးသွားခြင်း ဖြစ်ပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်သော ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါတွေကို ဆင်ခြင်ဖို့ ကောင်းပါတယ်။ ဒီလို ရေးသားပြောဆိုနေရခြင်းဟာ အပြစ်တင်ချင်လို၍ မဟုတ်ပါ။ ရှောင်ကျဉ်ရန် ဆင်ခြင်ရန်အတွက် ရေးသားပြောဆိုနေရခြင်း ဖြစ်ပါတယ်။ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်နေရခြင်းဟာလည်း တစ်နိုင်ငံလုံး မှာရှိတဲ့ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့် ဒေသတစ်ခု၊ နေရာတစ်ခု ကွက်ကွက်ကွင်းကွင်းကြည့်၍ ကာကွယ်၊ ထိန်းချုပ်ပေးလို့မရပါ။ ဤကဲ့သို့ ပြည်သူ လူထုအားလုံး၏ ကျန်းမာရေးကို စောင့်ရှောက်နေသည့်ကြားကနေပင် ဝေဖန်သူအချို့က ရပ်ကွက် တွေကို မပိတ်သေးဘူးလား၊ မြို့တွေကို မပိတ်သေးဘူးလားဟု ရေးသားကြပြန်တယ်။ တားမြစ်ပြန် တော့လည်း ဘာလို့ပိတ်ရတာလဲ၊ အလုပ်အကိုင်အခက်အခဲတွေဖြစ်နေပြီ၊ စားဝတ်နေရေး အကျပ် အတည်းတွေဖြစ်နေပြီလို့ ဝေဖန်ကြပြန်တယ်။ နိုင်ငံတော်၏ မည်သူမျှ မကျန်ရစ်စေခဲ့ရဟူသော မူကို နားမလည်၍လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမြင်ကျယ်ကျယ်ဆောင်ရွက်ရသည် ကို နားမလည်၍လည်းကောင်း ဖြစ်ဟန်တူပါတယ်။ နိုင်ငံတော်မှလည်း တတ်နိုင်သမျှ ထောက်ပံ့နေ တာကလည်း လူတိုင်းသိပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲ့ တာဝန်ရှိသူများအနေဖြင့်လည်း ကားဂိတ်များ၊ ဘူတာရုံများ၊ တိုးဂိတ်များ တွင် ရန်ကုန်မှ ဝင်ရောက်လာသူများ၊ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများ ရှာဖွေ စစ်ဆေးနေရ ပါတယ်။ ပြန်လွှတ်ရန်မဟုတ်ပါ။ မန္တလေးသို့မဝင်မီမှာ Quarantine ထားရန်အတွက် စစ်ဆေးရခြင်း ဖြစ်ပါတယ်။ အကယ်၍ တာဝန်ရှိသူတို့ မသိဘဲ ဝင်ရောက်သွားရင် ပိုးပါခဲ့ပါက ပြည်သူ များအတွက် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့်လည်း မန္တလေးတိုင်းဒေသကြီးသို့ အဝင်ဂိတ် ၃၂ဂိတ်တွင် ရှာဖွေ စိစစ်နေရတာဖြစ်ပါတယ်။ လူအင်အားကို အသုံးပြု၍ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ထိုသို့ ဂိတ်များတွင် ဆောင်ရွက်နေသော ပုဂ္ဂိုလ်များကိုလည်း တိုင်းဒေသကြီးအစိုးရက ထောက်ပံ့ပေးနေ ရပတယ်။ ဒါတွေအားလုံးဟာ အစိုးရနှင့် ပြည်သူတို့ လက်တွဲညီညီ ဆောင်ရွက်နေမှု ပြယုတ်များ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများကလည်း မိမိတို့၏ လုပ်ငန်းများတွင်သာမက Covid -19 ကာကွယ်ရေးလုပ်ငန်းများပါ ဆောင်ရွက်ပေးနေရပါတယ်။ ဒီလိုအခြေအနေမှန်များကို အားလုံး သိစေချင်ပတယ်။ အားလုံးသိမှလည်း ကူညီမယ့်သူ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အခုချိန် ရွေးကောက်ပွဲကလည်း မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ Covid -19ကလည်း ဖြစ်ပွား နေတုန်း၊ ပြည်သူလူထု စိုးရိမ်ပူပန်ကြောင့်ကြမှာလည်း သေချာပါတယ်။ ဒါပေမယ့် စာရေးသူတို့ အားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Covid -19 ကာကွယ်ရေး နှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်ခြင်း၊ နောက်ဆုံးထုတ်ပြန်ထားသည့် Stay at Home ပါဝင်သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံးကြမည်ဆိုလျှင် Covid -19 ကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါတယ်။ အခုဆောင်းပါးသည် အဖြူရောင်စစ်သည်များဖြစ်သော ကျန်းမာရေးဝန်ထမ်းများ၊ အားတက်သရော ဆောင်ရွက်နေကြသော ဌာနဆိုင်ရာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မန္တလးမြို့မှ အလှူရှင်များ၊ စေတနာလုပ်အားရှင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းများ၊ ပရဟိတများ အားလုံးကို ဂုဏ်ပြုချင်၍ ရေးသားခြင်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကျရောက်လာသော ဘေးအန္တရာယ် များကို ကာကွယ်ရန်မှာ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် ဆောင်ရွက်၍ မရပ။ သူရဲကောင်းခေတ်မဟုတ်ပါ။ သူရဲကောင်းခေတ်ဟာ သမိုင်းထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်တယ်။ စုပေါင်းဖွဲ့၊ စုပေါင်းစဉ်းစား၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းလုပ်ရတဲ့ခေတ်သို့ ရောက်နေပြီဖြစ် ပတယ်။ တစ်နည်း ပြောရရင်တော့ စုပေါင်းလုပ်ရတဲ့အလုပ် (Collective Work) ဖြစ်ပါတယ်။ အစိုးရကို ပြည်သူကူနေသရွေ့ကာလပတ်လုံး ဘယ်ရန်ကိုမှ ဂရုမူစရာမလိုပါ။

Covid -19 ကို ခံစားနေရသော နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို အမြန်ကျန်းမာကြစေပါကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

#အညာသား
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •