စုံစီ နဖာ များနှင့် ရွာလည် – တင်းတိမ်ကြမှာလား ?

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စုံစီ နဖာ များနှင့် ရွာလည် – တင်းတိမ်ကြမှာလား ?

ကျွန်တော်တို့ မြန်မာများက
စီကနဲဆိုရင် ရှေ့ဆုံးက၊
လမ်းဘေး ရန်ဖြစ်နေရင်လည်း ရှေ့ဆုံးက၊
ခွေးနှစ်ကောင် ကိုက်နေရင်လည်း ရှေ့ဆုံးက၊
လမ်းဘေး ခွေးတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ ဆူညံပွက်လောရိုက် နေကြရင်လည်း ရှေ့ဆုံးက၊
ညဘက် သူ့သဘာဝအလျောက် လမ်းဘေးခွေးတွေ အူနေပြီဆိုရင်လည်း အနည်းဆုံး အိမ်ထဲကနေ လက်နှိပ် ဓာတ်မီးနဲ့ ဖြစ်ဖြစ် လှမ်းထိုးပြီး ကြည့်လိုက်ကြ ရပါမှ၊
စပ်စုကြပုံများပြောပါတယ်၊
ထမင်းမေ့ ဟင်းမေ့ပါပဲ၊
တကယ်တော့ ဘာမှ ဖြစ်လောက်နိုင်တဲ့ အနေအထားများ မရှိဘူးဆိုတာကို သိဖို့လိုပါလိမ့်မယ်၊

မိမိလုပ်ရမယ့် အလုပ်ကိုတောင့် မေ့ပြီး ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်၊ပြောမဆုံးပေါင် တောသုံးတောင်မကပါပဲ။

ယခုလည်း တစ်နေ့ တစ်နေ့
နီပေါတို့ နီပိန်းတို့၊ ဟိုအကွက် ဒီအကွက် က လှလိုက်တာ၊စသဖြင့် တစ်ယောက်နဲ့ တစ်ယောက်၊
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လေဖမ်း ဒန်းစီးနေလိုက်ကြတာ၊
ကိုယ်တစ်ကယ် လုပ်ရမယ့် အလုပ်တွေကိုတောင်
မလုပ်ကြပါပဲ၊ မေ့နေကြတာကိုတွေ့နေရပါတယ်။

(၂၀၁၅) ကာလတုန်းကလည်း အဲလိုဘဲ တွေ့ခဲ့ကြတာပါပဲ။
(ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ
တစ်ချို့ တွေ့မူကိုဆိုလိုတာဖြစ်ပါတယ်)၊

နိုင်ငံတစ်နိုင်ငံ၏ အရေးပါတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ –
ဝင်ရောက်ယှဉ်ပြိုင် အရွေးခံပါမည်ဟု
ပြည်သူပြည်သားများကို အသိပေးပြီး
သက်ဆိုင်ရာ နိုင်ငံရေးပါတီများက
မိမိပါတီမှ လွတ်တော်ကိုယ်စားလှယ်လောင်းများစီစစ် ရွေးချယ်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို လုပ်နေကြသလို၊

အချို့နိုင်ငံရေးပါတီများကလည်း ကိုယ်နဲ့ မဆိုင်တဲ့ အကြောင်းအရာ ခေါင်းစဉ်တွေမှာ ဝင်ပါနေကြတာကိုလည်းတွေ့နေရဆဲပါ။

နိုင်ငံရေးပါတီတစ်ရပ်ဆိုတာ ရွေးကောက်ပွဲအတွက် အချက်အချာကျ ၍ ရွေးချယ်ခံ
ယှဉ်ပြိုင်သူများသည်လည်း ကန့်သတ်ချက်၊
စည်းကမ်းများဘောင်အတွင်းမှ ဝင်ရောက်
ယှဉ်ပြိုင်ရန် အရေးကြီးပေသည်။

၎င်းပါတီများမှ ကိုယ်စားလှယ်လောင်းများ
သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ
တွင် အများ ပြည်သူတို့၏ ယုံကြည်ကိုးစားမူများတိုးတက်လာစေရန်အရေးကြီးပါတယ်၊

နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲ ကနဦးကာလ၌ ပင်လျှင် နည်းဥပဒေများနှင့်အညီဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းများရွေးချယ်ခြင်း၊ပေါင်းစပ်ညှိနိူင်းခြင်း
ဖြင့် မိမိပါတီကိုယ်စားလှယ်လောင်းများကို အများပြည်သူတို့၏ ယုံကြည်ကိုးစားမူများကို ရစေနိုင်ပါတယ်။

ထိုနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်ရာတွင်မှန်ကန်သောကျင့်ဝတ်၊စည်းကမ်းများကို ကျင့်သုံးရန်သည်လည်း အရေးကြီး ပါတယ်။

ထို့အတူ ရွေးကောက်ပွဲ ကြီးကြပ်သူများ
(ရွေးကောက်ပွဲကော်မရှင်)၊
ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊
အခြားသော လူထု အဖွဲ့များသည်လည်း
ကျင့်ဝတ် စည်းကမ်းများအတိုင်းကျင့်
သုံးလိုက်နာရန်သည် အရေးကြီး
လိုအပ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် တစုံတရာ ခြိမ်းခြောက်မှု ကင်းရပါမယ်၊
အစိုးရသည် လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲဖြစ်မြောက်စေရန်အပြင်
မဲပေး ပြည်သူများ၏ လွတ်လပ် လုံခြုံစွာ
ဆန္ဒမဲပေးနိုင်စေဖို့ ကို တာဝန်အပြည့် ယူရပါမယ်၊
ဦးဆောင်မှု ပေးနိုင်ရပါမယ်။

အထူးသဖြစ် နိုင်ငံ၏ လုံခြုံရေးကဏ္ဍမှာ အရေးပါသော တပ်မတော်သည်
နိုင်ငံရေးပါတီ တစ်ရပ်ကိုဖြစ်စေ၊
အစုအဖွဲ့ လိုက်သောနိုင်ငံရေးပါတီ
အုပ်စုကို ဖြစ်စေ၊
အားပေးထောက်ခံရန် ကွန်ယက် သဖွယ်
လုပ်ကိုင် ပြောဆို မူနှင့် လုပ်ပိုင်ခွင့်ကို
အလွဲသုံးမူ တို့ရှိခြင်း မရှိခြင်းကိုလည်း
စောင့် ကြည့် ရပါမယ်။

ရွေးကောက်ပွဲအောင်မြင်စေရန်ဦးဆောင်ရာ
တွင် တပ်မတော်မှ ပုဂ္ဂိုလ်များသည်
မည်သည့်အခန်းကဏ္ဍ ကမျှ မပါဝင်ရပါ။
ထိုသည်မှာ ကုလသမဂ္ဂ၏ သတ်မှတ်စံနူန်း
ဖြစ်ပါတယ်။

ပြည်တွင်း စောင့်ကြည့်မူ အဖွဲ့အစည်းများ
အတွင်း ဥပဒေကင်းမဲ့နေမှု
တာဝန်ရှိပုဂ္ဂိုလ်များအပေါ်တွင်
ယုံကြည်မူခေါင်းပါးမူ နည်းပါးစေရန်
လျို့ဝှက်ရံပုံငွေ၊ မသိနိုင်သောပုဂ္ဂိုလ်၊
မမြင်ရသော လုပ်ရပ်များကို ပိတ်ဆို့နိုင်မူ သည်လည်းနိုင်ငံအတွက်အရေးကြီးပါတယ်၊

စောင့်ကြည့်လေ့လာသူများ၊အစုအဖွဲ့များ
သည် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို လေ့လာကြရပါမယ်၊
ဤကဲ့သို့ စောင့် ကြည့် လေ့လာမူအတွက်
လုံလောက်သော ငွေကြေးပမာဏ၊ ဝန်ထမ်းထားရှိသောအစီအစဉ်၊သင်တန်းနှင့်
စောင့် ကြည့်လေ့လာမူလုပ်နိုင်ရန် သင့်တင့် လျောက်ပတ်သော စီမံခန့်ခွဲမူ ရှိရမည် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဖြစ်မြောက်စေရန် လွှတ်တော်သည် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ဥပဒေများကို ထုတ်ပြန် အတည်ပြုပြီး
ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ (ရွေးကောက်ပွဲကော်မရှင်) ကို စံသတ်မှတ်ပြီး ဖွဲ့စည်းရမှာဖြစ်ပါတယ်။
အဆိုပါ ကော်မရှင်ကသာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော နည်းဥပဒေ၊အမိန့်၊ ညွန်ကြားချက်များကို ထုတ်ပြန် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

သို့အတွက် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးနှင့် စောင့်ကြည်ံ့သူများအတွက်
အဖွဲ့များဖွဲ့နိုင်မူနဲ့ငွေကြေး ရယူမူများအပါအဝင် လိုအပ်၊ လုံလောက်သော ဥပဒေ၊
အမိန့် ညွန်ကြားချက်များကို ထုတ်ပြန်ခွင့်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ –

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) ရွေးကောက်တင်မြှောက်ခြင်း၊ ပုဒ်မ(၃၉၉)မှာ ပုဒ်မခွဲငယ်ပေါင်း(၈)ခုဖြင့် –
ဖွင့်ဆို ပြဌာန်းထားကာ အခွင့်အာဏာ အပ်နှင်းထားသည်ကို တွေ့ ကြရမှာပါ။

တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ပိုင်ခွင့်ရှိသည်။
ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)(ခ)
မှာပြဌာန်းထားပါတယ်။

နောက်တစ်ခါ ပုဒ်မ(၁၀၉/ခ) ၊(၁၄၁/ခ) နဲ့ (၁၆၁/ဃ) တို့တွင် လွှတ်တော်သုံးရပ်လုံး၌
ရွေးချယ်ခံမဟုတ်သည့် လွတ်တော်ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံမှာ ရာခိုင်နူန်းသတ်မှတ် ပြဌာန်းထားပြီး ယူထားပြန်ပါတယ်။

အခန်း(၅) ၊ အုပ်ချုပ်ရေး၊
ပုဒ်မ(၂၃၂)/(၂) နဲ့ (၂၆၂)/(၂) မှာလည်း အစိုးရအဖွဲ့ဝင်အဖြစ် သတ်မှတ်ယူထားပြန်ပါတယ်။

အခန်း(၃)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ၊
ပုဒ်မ (၆၀)/(၃) မှာ ဒုတိယသမ္မတစ်ဦးကိုလည်း ယူထားပါတယ်။

စာရေးသူမှ ရေးသားတင်ပြထားပါသော
အထက်ပါ စာပိုဒ်များကို ဖတ်ရူကြရင်ဖြင့်
အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဆောင်ရွက်နိုင်မူများ သည် ၊

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ
ဖွဲ့စည်းပုံပြဌာန်းချက်များအရဖြစ်စေ၊

အခန်း(၇) တပ်မတော်အခန်းဖွင့်ဆိုချက်အရပဲ ဖြစ်စေ၊
မည်သည်မျှ ဥပဒေက ခွင့် ပြုထားခြင်းမရှိပါပေ၊

ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည့် နိုင်ငံရေးပါတီများအား တည်ဆဲဥပဒေ ဖွင့်ဆို ပြဌာန်းထားချက်အရ နိုင်ငံတော် နှင့်ကာကွယ်ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံမူသည်
ရွေးကောက်ပွဲဥပဒေနှင့်မညီသလို ဖွဲ့စည်းပုံနှင့်လည်း ညီညွတ်မူမရှိပါဟု ယူဆရပါတယ်။

အကယ်၍ တွေ့ဆုံလိုပါက နိုင်ငံတော်သမ္မတ၊
သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၊သို့မဟုတ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့် ပြုပါရန်
အကြောင်းကြိုတင် ကြားရမည်ဟု ယူဆပါတယ်။

သို့ပေမယ်လို့ ကာကွယ်ရေးဦးစီးချုပ်သည်
နိုင်ငံသားတစ်ယောက်၏ ရပိုင်မူ အခွင့်အရေး အရ နိုင်ငံတော်ပိုင် ရုံးအဆောက်အဦ ပြင်ပတွင် မိမိကြိုက်သည့်သူနဲ့တွေ့ခွင့်ရရပါလိမ့်မယ်။
နိုင်ငံတော်မှ ရာထူးအလိုက် ခံစားပိုင်ခွင့်ပေးထားသော မိမိနေအိမ်၊အဆောက်အဦတွင်လည်း တွေ့ ခွင့် ရှိရပါမယ်။

ခြိမ်းခြောက်သကဲ့သို့ ပြောဆိုမူမှန်သမျှသည် မည်သူမဆို ပြောဆိုသူ၏ တာဝန်ပင်ဖြစ်ပေသည်။

မိမိတို့နိုင်ငံ၏ လိုအပ်ချက်များသည် တည်ဆဲ ပြဌာန်းထားသည့် ဥပဒေများအား သူသူ
ကိုယ်ကိုယ် လေးစား လိုက်နာကြရမည်
မဟုတ်ပါလား၊

ပထမအပိုဒ်ကို ရှင်းပြပါမယ်။
အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ လူထုထံတွင်အသဲကြားမှ မဲတစ်ပြား တောင်းခံကြမည့်
နိုင်ငံရေးပါတီများ၏ တာဝန်ရှိသူအားလုံးသည် ငါးကျ ရာ ငါးစာချ ဆိုသလိုမျိုး ကိုရှောင် ကြဖို့ လိုပါတယ်၊
မဲမဲ မြင်ရာကို အချက်အလက်နဲ့ မြေပြင်အခြေအနေကို သိအောင်မလုပ်ပါပဲ၊ အစိုးရနဲ့ အနိုင်ရပါတီ၏ ဆက်စပ်မူမှန်သမျှ အား ပြင်္စတင် ပြောဆို ရေးသားလိုက်ရင်
ငါကွဆိုကာ ရေးသားမူများကို လျှော့ချကြရပါလိမ့်မယ်။

ဒီအချိန်မှာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော မိမိတို့ရဲ့ ပါတီ၏ အကြောင်းအချက်၊မူဝါဒများကို ပြည်သူအများ ပိုပိုပြီး သိလာကြစေရန် ပြုမူရေးသားဆောင်ရွက်သင့် ပြီမဟုတ်ပါလား၊ပြည်သူများကို ဘာမှမသိကြဘူးလို့တော့မထင်လိုက်
ကြပါနဲ့။

ဥပမာ – ရွေးကောက်ပွဲစောင့် ကြည်ရေးကဏ္ဍ မှာဆိုလျှင် သက်ဆိုင်သော လိုအပ်သည့်
ဥပဒေ၊ ညွှန်ကြားချက် စံသတ်မှတ်မူများရှိပါတယ်။
ထို ဥပဒေနှင့်အညီ ထိန်းကြောင်းရမှာသည် ထိန်ကြောင်းခွင့် အခွင့်အာဏာရှိတဲ့ အဖွဲ့အစည်း၏ တာဝန်ဖြစ်သလို လိုက်နာ ကျင့်သုံးကြရမှာကလည်း စောင့်ကြည့် မည့်
အဖွဲ့ အစည်းများ၏ ကျင့်ဝတ်နဲ့ ဝတ္တရားများပင်မဟုတ်ပါလား၊
သို့သော် ပြဌာန်းထားသည့် ဥပဒေ၊ ညွှန်ကြားမူများကလည်း အကြောင်း အကျိုး ဆီလျော်မူရှိရပါမယ်။

အနိုင်ရပါတီသည် အခြားပါတီများနဲ့တော့ အခွင့် အလန်းပိုသာတယ်ဆိုတာကလည်း ကမ္ဘာ့နိုင်ငံအားလုံး၏ အရှိတရားပင်ဖြစ်နေပါတယ်။
ဒါပေမယ့် သူ့မှာက အဓိက သက်ရောက်မူ နှစ်ခုရှိနေပါတယ်၊
ဘာလဲဆိုတော့ သူ့အစိုးရ၏ ဆောင်ရွက်မူများသည် သုည ဖြစ်ပါက သူလည်း သုည ဖြစ်သွားစေပါမယ်။

သူ့ အစိုးရ စွမ်းဆောင်မူက ပြည်သူလက်ခံနိုင်အောင်ကောင်းမွန်သည့် အပြင် ၊
သူ့ပါတီမှ ရွေးချယ်ထားသော ကိုယ်စားလှယ်လေ ာင်းများက အားကောင်းနိုင်လျှင်
သူ့ပါတီသည်လည်း အောင်နိုင်မှာဖြစ်ပါတယ်။

မည်သည့် နိုင်ငံတွင် မဆို –
အနိုင်ရပါတီသည် လာမည့် ရွေးကောက်ပွဲ တွင် အစွန်း (၂) ပါးပေါ်၌ ရပ်နေရပါတယ်။

ယနေ့ မိမိတို့ နိုင်ငံတော်ကြီးအား –
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး၊
အဖြစ် ထူထောင်တည်ဆောက်ကြရာတွင်၊

မိမိတို့၏ အလေ့အထများထဲမှ – –
တိုင်းပြည်အတွက် အကျိုးရှိစေပြီး
အလုပ်ဖြစ်တာ တွေကို ယူကာ၊
တိုင်းပြည်အတွက် အကျိုးမဲ့စေသော
အလုပ်မဖြစ်တာ မှန်သမျှ ထားခဲ့ လိုက်ကြ
ရမှာသည် မိမိတို့ အားလုံး ၏ ယနေ့ ခေတ်ကာလ လိုအပ်ချက်များသာ ဖြစ်ပေသည်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (၁၅.၈.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •