စံပြုပုဂ္ဂိုလ် အာဇာနည် သခင်မြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

စံပြုပုဂ္ဂိုလ် အာဇာနည် သခင်မြ

——————————–
မြန်မာ့နိုင်ငံရေးသမိုင်းအတွင်း ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့သလို သစ္စာဖောက်တွေ၊ အလိုတော်ရိတွေလည်း အများအပြားရှိခဲ့ပါတယ်။ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေများအတွင်း ကိုယ်ကျိုးရှာသူ၊ နိုင်ငံရေးလမ်းကြောင်း သွေဖည်သွားသူ တချို့ရှိခဲ့ပေမယ့် တိုင်းပြည်လွတ်လပ်ရေး၊ ပြည်သူတရပ်လုံးကောင်းစားရေးကို ရှေးရှုပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မဖောက်မပြန် အသက်ပေး ထမ်းဆောင်ခဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ အဲဒီအထဲက စံပြပုဂ္ဂိုလ်တစ်ဦးကတော့ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ ဖြစ်ပါတယ်။
စာရေးဆရာကြီး မောင်ထင်က ‘ဆရာမြ’ လို့ ခေါ်တဲ့ သခင်မြကို ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ပြည်ခရိုင် ထုံးဘိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘများက သစ်ကုန်သည် ဦးဘိုးချွန်နဲ့ ဒေါ်သက်လယ် တို့ ဖြစ်ပါတယ်။ ငယ်မည် မောင်မြရွှေ ဖြစ်ပြီး နောက်ပိုင်းမှာ မောင်မြ လို့ အမည်တွင်ခဲ့ပါတယ်။
အခြေခံပညာကို သာယာဝတီ နဲ့ ရန်ကုန်တို့မှာ သင်ကြားခဲ့ပြီး ရန်ကုန်ကောလိပ်၊ ကာလကတ္တား တက္ကသိုလ်တို့က အိုင်အက်စီ ဓာတုဗေဒဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။
၁၉၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ကျောင်းသားများအသင်း ကြည့်မြင်တိုင် စတူးဒင့်ယူနီယံကလပ် (Students’ Union Club) ကို တည်ထောင်သူတွေထဲမှာ ကိုမြ ပါဝင်ပါတယ်။
၁၉၂ဝ မှာ ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့ပြီး ကိုမြက သပိတ်မှောက်ကျောင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ သပိတ်မှောက်ကိစ္စနဲ့ပတ်သက်ပြီး ကိစ္စအဝဝ ဆောင်ရွက်ဖို့ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် တို့က ကျောင်းသားကိုယ်စားလှယ်တွေပါဝင်တဲ့ ၂၆ ဦးကော်မတီ ဖွဲ့စည်းတဲ့အခါ သခင်မြ ဖြစ်လာမယ့် ကိုမြလည်း ပါဝင်ခဲ့ပါတယ်။
သပိတ်ရဲ့နောက်ဆက်တွဲ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အခါ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုမြက အမျိုးသားကျောင်းဆရာ ဆရာမြ ဖြစ်လာတဲ့အပြင် အမျိုးသားကျောင်းများဆိုင်ရာ စီမံအုပ်ချုပ်မှုကော်မတီမှာ တွဲဖက်အကျိုးဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။
စာရေးဆရာကြီး မောင်ထင်က “ဆရာဦးမြကို ပထမတွေ့ရသော် စေ့စပ်သေချာခြင်း၏ ပုံသဏ္ဌာန်ကို မြင်ရသည်” လို့ အစချီပြီး မြို့မကျောင်းကို စတင်ရောက်ရှိလာတဲ့ သခင်မြရဲ့ သပ်သပ်ရပ်ရပ် အပြင်အဆင်ရှိပုံ၊ အသင်အပြကောင်းပုံ၊ စိတ်ရှည်ပုံ နဲ့ သူ့စိတ်ဓာတ်မကျဆင်းအောင် မြှင့်တင်ပေးပုံများကို ရေးသားခဲ့ပါတယ်။ တခြားဆရာတွေလို စိတ်ဆိုးတာ၊ ဒဏ်ပေးတာ မလုပ်ဘဲ အမြဲတမ်းပြုံးနေတဲ့မျက်နှာနဲ့ စာသင်ခဲ့တဲ့ သခင်မြနဲ့ပတ်သက်ပြီး တွေးမိပုံကလေးကိုလည်း အခုလို ရေးသားထားပါတယ်။
“တခါတရံ ကျနော့်စိတ်ကူးထဲ၌ ဆရာစိတ်ဆိုးလျှင် ဘယ်လိုနေပါလိမ့်မလဲဟုတွေးမိသည်။ ဆရာ၏အပြုံးမှာ ဒေါသမူ စိတ်ကင်းစင်သော သဘာဝကို ဝိသေသပြုနေသည် ဖြစ်လေရကား ကျနော်သာမက ကျနော်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ဆရာမျက်မှောင်ကြုတ်သည်ကိုပင် တစ်ခါမျှ မမြင်ဖူးဟု ဆိုကြ၏။”
ဒီလို နူးညံ့တဲ့စိတ်ထားရှိပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် လိုအပ်တဲ့အခါမှာတော့ သတ္တိရှိရှိနဲ့ လုပ်ကိုင်ပြောဆိုသူဖြစ်သလို နယ်ချဲ့အစိုးရကိုတောင် လွှတ်တော်ထဲကနေ ရဲရဲတောက် စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။
ဆရာမြဟာ အမျိုးသားကျောင်းတွေက ကိုယ်တော်လှန်ပုန်ကန်နေတဲ့ အစိုးရဆီက အထောက်အပံ့ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ၁၉၂၃ ခုနှစ်မှာ အမျိုးသားပညာရေးကောင်စီက ထွက်ခဲ့ပါတယ်။ ၁၉၂၄ မှာ ရန်ကုန်တက္ကသိုလ်က ဘီအက်စီ အောင်မြင်ခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ ဝတ်လုံ (ဘီအယ်လ်) စာမေးပွဲအောင်မြင်ခဲ့ပါတယ်။
၁၉၂၈ ခုနှစ်မှာ သာယာဝတီကို ပြောင်းရွှေ့ပြီး ဝတ်လုံတော်ရအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၃ဝ နှစ်ကုန်ပိုင်း ဆရာစံ ဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ၁၉၃၁ ခုနှစ်အတွင်း တောင်သူလယ်သမားခေါင်းဆောင်တွေကို သာယာဝတီမြို့က အထူးခုံရုံးမှာ အမှုစစ်ဆေးတဲ့အခါ တရားခံတွေဘက်က အစိုးရငှား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို အမှုလိုက်လို့ရတဲ့ ရှေ့နေခ အားလုံး သာယာဝတီမြို့ ဆေးရုံကြီးမှာ ရေစက်ချလှူဒါန်းခဲ့ပါတယ်။
၁၉၃၄ ခုနှစ် ဧပြီလ တို့ဗမာအစည်းအရုံး ဌာနချုပ်ခေါင်းဆောင်တွေဖြစ်တဲ့ သခင်ဗစိန်၊ သခင်လေးမောင် နဲ့ ရှင်အရိယ (ဦးဥတ္တမ၏ ညီ) တို့ တို့ဗမာဝါဒ ဖြန့်ချိဖို့ သာယာဝတီမြို့ကို ရောက်ရှိတဲ့အခါ ကူညီဧည့်ခံပြီး တို့ဗမာအစည်းအရုံးဝင် သခင်မြ ဖြစ်လာပါတယ်။ သာယာဝတီစီရင်စု တို့ဗမာအစည်းအရုံး ဒုဥက္ကဋ္ဌ၊ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်အဖွဲ့ဝင် ဌာနချုပ် အလုပ်အမှုဆောင် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲမှာ သာယာဝတီတောင်ပိုင်း ဥပဒေပြုလွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ သခင်မြက အမတ်အဖြစ် လစာ မယူခဲ့ဘူးလို့ သိရပါတယ်။
၁၉၃၅ ခုနှစ်မှာ မြန်မာပြည်ဘုရင်ခံက ပြဋ္ဌာန်းတဲ့ ဥပဒေအရ ဥပဒေအားလုံး ပယ်ဖျက်ခွင့်အပါအဝင် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ တချက်လွှတ်အာဏာကို ဘုရင်ခံက ကိုင်စွဲထားပါတယ်။ ဒီဥပဒေသစ်ကို တိုက်ဖျက်ရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ သခင်မြက ဥပဒေပြုလွှတ်တော် စတင်ကျင်းပတဲ့နေ့မှာပဲ လွှတ်တော်အစည်းအဝေး ခန်းမထဲကို ဘုရင်ခံ ဝင်ရောက်လာချိန်မှာ မတ်တတ်မရပ်ဘဲ ထိုင်သပိတ်မှောက်ခဲ့သလို အင်္ဂလိပ်လိုပြောနေကြတဲ့ လွှတ်တော်ထဲမှာ မြန်မာစကားနဲ့ ပြောဆိုပြီး ဆန့်ကျင်ခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း သခင်မြက လွှတ်တော်မှာ ရေနံမြေအလုပ်သမားတွေရဲ့ နစ်နာမှု၊ မတရား ဖိနှိပ်ခံရမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်အရေးဆိုတင်ပြခဲ့ပြီး ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်အမတ်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ ပြီးတော့ ရေနံမြေအလုပ်သမားသပိတ်ကို ဌာနချုပ် အလုပ်အမှုဆောင်အဖြစ် ဦးဆောင်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ ရွှေတိဂုံစေတီ အလယ်ပစ္စယံမှာ ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ သာယာဝတီတောင်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်အမတ်အဖြစ် ဆက်လက် ဆောင်ရွက်ပါတယ်။
အဲဒီနှစ် ဧပြီလ ၂၇ ရက်နေ့ လွှတ်တော်မှာ ကုလား-ဗမာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ကိုလိုနီအစိုးရက အစီရင်ခံစာ တင်သွင်းတဲ့အခါ အဓိကရုဏ်းဖြစ်အောင် တို့ဗမာအစည်းအရုံးက သွေးခွဲမြှောက်ပင့်ပေးသယောင် စွပ်စွဲဖော်ပြထားပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်လာတဲ့ သခင်မြက အစီရင်ခံစာမှာ ရှေ့နောက်မညီ ဖြစ်နေတာတွေကို ထောက်ပြပြီး ပြန်လှန်မေးခွန်းတွေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ပြီးတော့
“အစိုးရက တို့ဗမာအစည်းအရုံးကို တိုင်းပြည်ဆူပူအောင်လုပ်တယ်ဆိုပြီး မတရားအသင်း ကြေညာချင်သလား။ ကြေညာချင်ရင် ကြေညာလိုက်ပါ။ တို့ဗမာအစည်းအရုံးကတော့ ဗြိတိသျှအစိုးရကို ဆက်ပြီး ဒုက္ခပေးနေအုန်းမှာ အမှန်ပါ” လို့ ပြောဆိုခဲ့ပါတယ်။
ကျောင်းသားဘဝကနေ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ လုပ်ကြံခံရတဲ့အထိ ဘဝတလျှောက်လုံး တိုင်းပြည်အကျိုး ရှေးရှုလုပ်ကိုင်ခဲ့တဲ့ သခင်မြဟာ ဂျပန်ခေတ်အတွင်း ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနဝန်ကြီး၊ လန်ဒန်သွား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် နဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိ စတဲ့ တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ သခင်မြရဲ့ ဘဝပုံရိပ်များကတဆင့် သူ့ရဲ့ လေးစားအတုယူဖွယ် စိတ်ဓာတ်နဲ့လုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်သူများ အတုယူသင့်တဲ့ ရပ်တည်ချက်များကိုပါ မှန်းဆနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
(၁၇၊ ၇၊ ၂ဝ၁ဝ)

Spread the love
  •  
  •  
  •  
  •  
  •  
  •