ဆင်စီးပြီး တောတောင်သဘာဝရှုခင်းများ လေ့လာနိုင်မည့် ခရီးစဉ်သစ်များ ဖော်ထုတ်ပြင်ဆင်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဆင်စီးပြီး တောတောင်သဘာဝရှုခင်းများ လေ့လာနိုင်မည့် ခရီးစဉ်သစ်များ ဖော်ထုတ်ပြင်ဆင်နေ

ကိုဗစ်-၁၉ ရောဂါအခြေအနေ တည်ငြိမ်၍ အပန်းဖြေစခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့်ကာလတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဝါးနက်နှင့် ဒီးဒုတ် ဆင်စီးအပန်းဖြေစခန်းများမှ မတူညီသောဝန်ဆောင်မှုသစ်များဖြင့် ခရီးသွားများအား ဆွဲဆောင်နိုင်စေရန် ဆင်စီးပြီး တောတောင်သဘာဝရှုခင်းများကို လေ့လာအပန်းဖြေနိုင်သည့် ခရီးစဉ်သစ်များကို ဖော်ထုတ်ပြင်ဆင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးတင်ကျော်မိုးက ပြောသည်။

အဆိုပါဆင်စီးစခန်းများမှ ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် အပန်းဖြေစခန်းများ ယာယီပိတ်ထားသည့် ကာလအတွင်း၌ စခန်း၏ ပထဝီမြေပြင်အနေအထားပေါ် မူတည်၍ တောင်တက်ခရီးစဉ်ဖော်ဆောင်နိုင်ရန် ကွင်းဆင်း လေ့လာပြီး အန္တရာယ်ကင်းသောလမ်းကြောင်းများကို
ရှာဖွေဖော်ထုတ်ကာ ဇူလိုင်လအတွင်း၌ အကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး အကယ်၍ ကိုဗစ်-၁၉ ကာလ၌ အဆင်ပြေမှုမရှိပါက နောင်နှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကာ Paint Ball Shooting နှင့် တောင်ပေါ် စက်ဘီးစီးနင်းနိုင်ခြင်းများကိုလည်း လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်းနှင့် ရေတံခွန်ဆင်စီးခရီးစဉ်များကိုလည်း နှစ်စဉ်ဖော်ဆောင်ပေးလေ့ရှိကြောင်း သိရသည်။

”ကျွန်တော်တို့ ဝါးနက်နဲ့ ဒီးဒုတ်ဆင်စခန်းတွေမှာ လာမယ့် ဆင်စခန်းတွေပြန်ဖွင့်ချိန်ကျရင် ဧည့်သည်တွေ ကိုဝန်ဆောင်မှုသစ်တွေပေးနိုင်ဖို့ တောင်တက်ခရီးစဉ်တွေ အတွက် ဆင်စီးပြီး အပန်းဖြေရင်းလေ့လာနိုင်အောင် ပြင်ဆင်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ တည်ငြိမ်လို့ ဆင်စခန်းတွေဖွင့်ခွင့်ရရင် ဇူလိုင်လက စပြီး ဝန်ဆောင်မှုတွေပေးသွားမှာပါ။ ပြင်ဦးလွင်မြို့နယ်နဲ့ကပ်လျက်တည်ရှိနေတဲ့ ဝါးနက်နဲ့ ဒီးဒုတ်ဆင်စီးအပန်းဖြေစခန်းနှစ်ခုဟာ သိပ်မဝေးလှပေမယ့် ရရှိတဲ့ဝန်ဆောင်မှုတွေနဲ့ အပန်းဖြေနိုင်တဲ့ သဘာဝတောတောင်ရှုခင်းအလှတွေက မတူညီပါဘူး။ ဆင်စီးတာက ဘယ်နေရာမဆို ရသတူပေမယ့်ခရီးစဉ်နဲ့သဘာဝရှုခင်းအလှတွေကို ဖော်ထုတ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်ကြတာပါ။ ခရီးစဉ်ပေါ်မူတည်ပြီး ဆင်စီးခကွာခြားသွားသလို ဆင်အစာ ကျွေးခြင်း၊ ဆင်စခန်းရဲ့ အခြားဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းကနေ ဝင်ငွေအဓိကရရှိကြပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဆင်စီးအပန်းဖြေစခန်းပေါင်း ၂၂ ခု ဖွင့်လှစ် ကာ ခရီးသွားများအား ဝန်ဆောင်မှုများပေးလျက်ရှိပြီး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးရှိ ဆင်စခန်းအားလုံးမှ ခရီးသွားဧည့်သည်များအား မတူညီသော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ခရီးစဉ်သစ်များ ရေးဆွဲပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အောင်ဖြိုးကျော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •