ဆရာစံလမ်းက LAX KTV နှင့် မြောက်ဒဂုံက Privacy KTY ဆိုင်များအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ
ရန်ကုန်၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် COVID-19 ရောဂါ ဖြစ်ပွား နေသောကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အလို့ငှာ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV / Night Club များ ဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ၂.၉.၂၀၂၀ ရက်နေ့ ၂၂၅၀ အချိန်တွင် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAX KTV ဆိုင်သို့ လည်းကောင်း၊ ၂၃၃၀ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၁၁၁/၁၁၂)ရှိ Privacy KTY ဆိုင်သို့ လည်းကောင်း ဝင်ရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာ LAX KTV ဆိုင်မှ မန်နေဂျာ ကျော်မျိုးထွန်း၊ ဆိုင်ဝန်ထမ်း(၂)ဦး၊ အကူသီဆိုသူ အမျိုးသမီး(၂)ဦး၊ လာရောက်သီဆိုသူ အမျိုးသား(၁)ဦး၊ စုစုပေါင်း(၆)ဦးအား လည်းကောင်း၊ Privacy KTV ဆိုင်မှ မန်နေဂျာ ကျော်ယု(ခ) အောင်ကျော်လင်း၊ ဆိုင်ဝန်ထမ်းများ၊ အကူသီဆိုသူအမျိုးသမီးများနှင့် လာရောက်သီဆိုသူများ စုစုပေါင်း (၃၈)ဦးအား လည်းကောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါ KTV ဆိုင်(၂)ဆိုင်မှ ဆိုင်ပိုင်ရှင်(၂)ဦးနှင့် မန်နေဂျာ (၂)ဦးတို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌ သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရရှိပါသည်။