ဆဲဗင်းဂျူလိုင်၊ ဦးသန့်အရေးအခင်းနဲ့ အဓိပတိလမ်းမပေါ်က ကျောပေါက်ကြီး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဆဲဗင်းဂျူလိုင်၊ ဦးသန့်အရေးအခင်းနဲ့
အဓိပတိလမ်းမပေါ်က ကျောပေါက်ကြီး။

အခု ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး တယ်လီဖုန်းလေး တစ်လုံး ရှိရုံနဲ့တင် ကိုယ်ရေးချင်တဲ့စာ‌တွေ အေးအေဆေးဆေးနဲ့ အများတကာကိုရေးပြလိုပြ၊ ကိုယ်မြင်‌စေချင်တဲ့ဓါတ်ပုံတွေကို အခက်အခဲမရှိပဲ အများတကာဆီကို ဖြန့်လိုဖြန့်နဲ့ သာယာလိုက်ပုံများ။
လက်ရှိမှာ ပြသနာရှာနိုင်သေးတဲ့ ဆက်သွယ်ရေး ဥပဒေတွေ ဘာတွေ ရှိနေသေးပေမယ့်လည်း ဟိုးတုန်းက ခေတ်နဲ့ အများကြီးကို ကွာခြားခဲ့ပါပြီ။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အချိန်တုန်းက ဆိုရင် လက်ကမ်းစာစောင်လေးတွေ ဖြန့်ဝေဖို့တောင် မလွယ်ကူခဲ့ပါဘူး။ လူအများကြီးကို ဖြန့်ဝေနိုင်ဖို့ လက်လှည့်စာကူးစက်နဲ့ ရိုက်ထုတ်တဲ့ စာရွက်လေးတွေ ရဖို့ကလည်း အဆင့်ဆင့် အချိန်ပေး လုပ်ဆောင်ရမယ့် အခက်အခဲတွေက ရှိသေးတယ်။


ပထမဦးဆုံး ဖရောင်းစာရွက်ဝယ်ရမယ်။ ဖရောင်းစာရွက်ပေါ်မှာ ကိုယ်ရေးချင်တဲ့စာသား၊ ကဗျာ၊ ရုပ်ပုံတွေကို ကညစ်နဲ့ ရေးဖောက်ရမယ်။ ရေးဖောက်ရမယ့် ဖရောင်းစက္ကူပေါ်မှာ ကညစ်နဲ့ စာရေးဖို့ ပုံဆွဲဖို့ကလည်း ကျွမ်းကျင်မှု အဆင့်ကလိုအပ်သေးတယ်။ ဖရောင်းစက္ကူကို စာသား ရေးခြစ်၊ လက်လှည့်စာကူးစက်ရဲ့ ဒလိမ့်တုံးမှာပတ်ပြီး မှင်နဲ့ လှည့်ထုတ်လိုက်တဲ့အခါ ကိုယ်ရိုက်ချင်တဲ့ စက္ကူသားပေါ်မှာ ရေးဆွဲထားတဲ့ စာတွေ၊ ပုံတွေ ထင်ကျန်ခဲ့တာပါပဲ။
ကိုယ်လိုချင်တဲ့ စာရွက်အရေ အတွက်အလိုက် လှိမ့်ရိုက်ထုတ်ရတာပါ။
အဲဒီခေတ် တက္ကသိုလ်က စာပေဝါသနာရှင် ကျောင်းသားတွေ ထုတ်‌ဝေခဲ့တဲ့ ကဗျာစာအုပ် အများစုက ဖရောင်းစက္ကူနဲ့ရေးပြီး လက်လှည့်စာကူးစက်နဲ့ ရိုက်ထုတ်ခဲ့ကြတာ။ ဘာပုံနှိပ်ထုတ်ဝေခွင့်မှ မရှိပါပဲ လုပ်ခဲ့ကြရတာမို့ အချစ်ကဗျာ၊ သဘာဘဝကဗျာတွေရေးတယ် ဆိုပေမယ့်လည်း နိုင်ငံရေးနဲ့ ငြိစွမ်းနေတဲ့ ကဗျာမျိုးသာပါလာခဲ့ရင် အချုပ်ထဲ တန်းရောက်သွားဖို့ အရမ်း နီးစပ်ခဲ့တာကလား။
အဲသလို ဂျက်စတာနာ လက်လှည့်စာကူးစက်ဆိုင်တွေကလည်း နိုင်ငံရေးနဲ့ ပတ်သက်တာဆိုရင် လုပ်ပေးမှာ မဟုတ်ဘူး။


အဲဒီတုန်းကတော့ ကျူရှင်စာအုပ်တွေဟာ ဂျက်စတာနာလို့ခေါ်တဲ့ လက်လှည့်စာကူးစက်နဲ့ပဲ ဖြန့်ဝေခဲ့ကြတာပါ။
မိတ္ထူဆိုင်လို့ သိထားတဲ့ ဖိုတိုကော်ပီ ဆိုင်တွေက ၁၉၉၀ ကျော်ကာလ နဝတ၊ နအဖခေတ်ရောက်မှသာ ကျယ်ပြန့်လာခဲ့တာ။ ၁၉၇၀/၈၀ ကျော်ကာလတွေတုန်းက ရန်ကုန်မှာ စာကူးတဲ့မိတ္ထူဆိုင်လို့ဆိုရင် ဆူးလေဘုရားလမ်းမပေါ်က မွှေးမိတ္ထူဆိုင် တစ်ဆိုင်ပဲ သိခဲ့ဖူးရဲ့။
ဒါတောင် နအဖ ခေတ်တ‌လျှောက်လုံး ဦးသိန်းစိန်အချိန်အထိ စာကူးမိတ္ထူဆိုင်တိုင်းမှာလိုလို “နိုင်ငံရေးနှင့်ပတ်သက်သော စာရွက်စာတမ်းများ ကူးပေးခြင်းမပြုပါ” ဆိုတဲ့ စာသားကို သတိပေး ချိတ်ဆွဲထားခဲ့တာ မမေ့ကြသေးလောက်ပါဘူး။
စစ်အစိုးရခေတ် တစ်လျှောက်လုံး ပုံနှိပ်မီဒီယာကို ဖိနိပ်ကန့်သတ် ချုပ်ချယ်ခဲ့ကြတာပါ။
ဒါတောင် လျှို့ဝှက်ကူးတဲ့ မိတ္ထူစာရွက်‌‌တွေ၊ ဗွီဒီယို အခွေတွေနဲ့ နအဖ စစ်အစိုးရဲ့ မတရားမှုတွေကို ပြည်သူအများသိအောင် အားထုတ်ကြိုးစားခဲ့ကြတယ်။
အဲသလိုဆို ဖရောင်းစက္ကူသုံးပြီး လက်လှည့်စာကူးစက်‌တွေသာရှိတဲ့ မဆလခေတ်မှာ၊ တယ်လီ‌ဗွီးရှင်းနဲ့ ဗွီဒီယိုစက်‌တွေတောင် မဆလ ခေတ်ဦးပိုင်းမှာမရှိခဲ့ပဲ၊ ‌ဘယ်လိုနည်းနဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မေ့မသွားအောင် ဝါဒဖြန့်ခဲ့ကြသလဲဆိုတာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလောက်ပါပြီ။
ဟိုးတချိန်တုန်းက ဖြစ်ပြီးခဲ့တဲ့ အရေးတော်ပုံတွေမှာ ရေရှည် ပြည်သူတွေရင်ထဲ စွဲကျန်ရစ်စေဖို့ ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်းခဲ့တဲ့ နည်းစံနစ်တွေ သုံးခဲ့ပါတယ်။ ရိုးရိုးလေးပါ မြန်မာတွေ အလွန် စွဲငြိလွယ်တဲ့ သရဲတ‌စ္ဆေ ပုံပြင်လေး တစ်ပုဒ်ကို ပါးစပ်အပြောကလေးနဲ့ ဖန်တီးပေးလိုက်တာပါပဲ။
ဟုတ်တယ်၊ မဟုတ်တယ်။ ယုံတယ်၊ မယုံဘူးအပထား ဒါတွေကို အမြဲတမ်း သတိတရနဲ့ ပြန်ပြောင်းပြောနေသရွေ့ ပြည်သူတွေမျက်စိရှေ့ လှံစွပ်တပ်ထားတဲ့ G3 မောင်းပြန် ရိုင်ဖယ်သေနတ်တွေနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ထင်ဟပ်မယ့် စာရွက်မဲ့ ဝါဒဖြန့်မှုဟာ အောင်မြင်ခဲ့တယ် ဆိုရမှာပါ။
အဓိကအခုပြောလိုတာက ဒီလိုဝါဒ ဖြန့်ခြင်းကို ကျောင်းသားတွေက ပညာပါပါ လုပ်ဆောင်နိုင်ခဲ့တယ်။
တက္ကသိုလ်‌ကျောင်းထဲမှာ ညနေဘက်ဆိုရင် လူတစ်ယောက်ကို အမြဲတွေ့ရတယ်တဲ့ မျက်နှာခြင်းဆိုင် ရှေ့ကနေကြည့်ရင်တော့ လူကောင်းတစ်‌ယောက်ပဲတဲ့။ သူ့ကိုကျော်သွားပြီး အနောက်ဘက်ကနေ ကြည့်လိုက်ရင် ကျောကုန်းကြီးမှာက အပေါက်ကြီးနဲ့တဲ့။
သေနတ်မှန်ထားတာပေါ့။
တစ်ယောက်စကား တစ်ယောက်ကြားရင်း အဲဒီ သတင်းက ကျောင်းသားထုထဲ ပြည်သူလူထုထဲ ပြန့်ကုန်ကြသတဲ့။
ဆရာမလေးတယောက် ညနေ နေဝင်ရီတရောအချိန် အဓိပတိလမ်းမပေါ်မှာ လူတယောက်နဲ့တွေ့တော့ “ဦးလေးကိုတွေ့လို့ ကျွန်မတော့ အားရှိသွားပြီ၊ ကျောပေါက်ကြီးနဲ့ သရဲကြောက်လို့ပါ” လို့လည်းပြောလိုက်ရော ဟိုလူက နားစွင့်ထောင်နေရာကနေ “မကြောက်ပါနဲ့ တူမကြီးရယ်၊ ငါ့တူမကြီးကြောက်နေတဲ့ ကျောပေါက်ကြီးဆိုတာ ဟောသလိုလား” ဆိုပြီး တစ်ဖက်ကို ချာကနဲ လှည့်ပြီး သူ့ကျောကုန်းကြီးကိုပြသတဲ့။ ဆရာမလေးခမျာ ကျောပေါက်ကြီးကို နဖူးတွေ့ ဒူးတွေ့ ကိုယ်တွေ့ မြင်ရတာပါပဲ။
“အမလေး ကျောပေါက်ကြီးတဲ့တော့”
ဆရာမလေးခမျာ အသံပြာကုန်ဟစ်ကာ ပြေးရလေသတဲ့။
လမ်းမီးရောင် မှိန်ပြပြနဲ့ အဓိပတိလမ်းမကြီးဟာ အထီးကျန်ဆန်တဲ့ ညခင်းတွေ ဖြတ်သန်းခဲ့ရဖူးပေါ့။
အဲသလို ပုံတိုပတ်စ ပါးစပ်အပြောတွေနဲ့ မပြီးစီးနိုင်လွန်းတဲ့ တော်လှန်ရေးတွေကို အသက်ဆက်ခဲ့ရတာ အခုဆိုရင် ဘယ်နှနှစ်တောင် တိုင်ခဲ့‌ပြီလဲကွယ်။

<Thet Naing Sein>


Spread the love
  •  
  •  
  •  
  •  
  •  
  •