တကယ့်အာဇာနည် မန်းဘခိုင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တကယ့်အာဇာနည် မန်းဘခိုင်

————————————-
အာဇာနည်ဆိုတဲ့ဝေါဟာရကို မြန်မာအဘိဓာန်က “၁၊ အကြောင်း ဟုတ်မဟုတ်ကို ကောင်းစွာသိသူ။ ၂၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ။” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး မန်းဘခိုင်က မြန်မာပြည်လွတ်လပ်ရေးအတွက်ဆိုရင် သူ့အသက်ကို စွန့်ဝံ့တယ်လို့ပြောခဲ့သလို တကယ်လည်း အသက်စွန့်ခဲ့သူဖြစ်ပါတယ်။
လူမသမာတွေရဲ့ လက်ချက်ကြောင့် ကျဆုံးရတဲ့ အာဇာနည်တွေထဲမှာ သေနတ်ဒဏ်ရာအများဆုံး ၁၅ ချက် ထိမှန်ပြီး ကွယ်လွန်ရသူက ကရင်အမျိုးသားခေါင်းဆောင် မန်းဘခိုင် ဖြစ်ပါတယ်။ သူဟာ ကရင်-ဗမာ ညီညွတ်ရေး၊ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ကျဆုံးခဲ့ရတာပါ။
“ငှက်ပျောအူကြိုက်တဲ့ ကရင်နဲ့ မုန့်ဟင်းခါးစားရင် ငှက်ပျောဖတ်ကလေး ထည့်ပါဆိုတဲ့ ဗမာတို့ဟာ ငှက်ပျောအူကြိုက်တာချင်း အတူတူ ကရင်-ဗမာ ညီအစ်ကိုပါပဲ” ဆိုတဲ့ သူရဲ့ဟောပြောချက်များက ပရိသတ်ကို ပွဲကျစေပြီး ထိရောက်အောင်မြင်ခဲ့ပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်အတွင်းမှာလည်း ကရင်-ဗမာ သွေးစည်းညီညွတ်ရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ယုံကြည်ချက်တွေကို ပြောကြားခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စိတ်ချယုံကြည်ရတဲ့ ကရင်အမျိုးသားခေါင်းဆောင်လည်း ဖြစ်ပါတယ်။
ဖဆပလ ယာယီအစိုးရအဖွဲ့မှာ စက်မှုလက်မှုနှင့် အလုပ်သမားဌာနဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ မန်းဘခိုင်က ဟင်္သာတခရိုင် ယုန်သလင်းရွာဇာတိဖြစ်ပြီး ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ရွာသူကြီးဖြစ်ပြီး သားသမီးများအနက် ၅ ယောက်မြောက်ဖြစ်ပါတယ်။ ဟင်္သာတမြို့ အေဘီအမ်ကျောင်းမှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး ပထမကျောင်းသားသပိတ် ပေါ်ပေါက်တဲ့ ၁၉၂၀ ပြည့်နှစ်မှာ ၇ တန်းအောင်မြင်ခဲ့ပါတယ်။ ဘားမားရိုင်ဖယ်တပ်ကို ဝင်ခဲ့ပေမယ့် မိဘတွေသဘောမတူလို့ တပ်ကထွက်လိုက်ပါတယ်။ ရန်ကုန်မြို့ ဧစကော့ကုမ္ပဏီမှာ စာရေးကြီးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် သူ့လက်အောက်က ကရင်အမျိုးသား စာရေးတစ်ဦးနဲ့ပတ်သက်ပြီး မန်နေဂျာနဲ့အဆင်မပြေတဲ့အတွက် ၁၉၂၆ ခုနှစ်မှာ အလုပ်ထွက်ခဲ့ပါတယ်။
လခစားအလုပ်က ထွက်ပြီးတဲ့နောက် ဇာတိရွာကို ပြန်ခဲ့ပြီး “အောင်ခင်ညီများ” အမည်နဲ့ ကုမ္ပဏီထောင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ ရပ်သူရွာသားများ သက်သာချောင်ချိရေးအတွက် သမဝါယမနည်းနဲ့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလို လုပ်ကိုင်ရင်း ကလေးသူငယ်တွေ ကရင်ဘာသာသင်ကြားနိုင်ဖို့ ကျောင်းတစ်ကျောင်း အကုန်အကျခံဖွင့်လှစ်ပေးပြီး ကိုယ်တိုင် စီမံအုပ်ချုပ်ခဲ့ပါတယ်။
အရောင်းအဝယ်ကိစ္စ ကျောင်းကိစ္စတို့နဲ့ ရန်ကုန်ကို မကြာခဏရောက်တဲ့အခါ ကရင်ခေါင်းဆောင်ကြီးများဖြစ်တဲ့ ဆစ်ဒနီလူနီ၊ မန်းရွှေဘတို့နဲ့ တွေ့ဆုံခဲ့ပြီး ကရင်လူငယ်အသင်းကို တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲမှာ ဥပဒေပြုလွှတ်တော်အမတ်အဖြစ် မအူပင်မြောက်ပိုင်းမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမယ့် အရွေးမခံရဘဲ ၁၉၃၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြောက်ပိုင်းအမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ၁၉၄၁ ခုနှစ်မှာ တရားရေးဌာန ဝန်ကြီးစောဖေသာရဲ့ အတွင်းဝန်ကလေးအဖြစ် ခန့်ထားခြင်းခံရပါတယ်။
မန်းဘခိုင်က ကုန်သည်အလုပ်ကို ဝါသနာပါတဲ့အလျောက် အစိုးရအလုပ်က နုတ်ထွက်လိုက်ပါတယ်။ ကရင်တိုင်းရင်းသားထဲမှာ ငှက်ပျောခြံပိုင်ရှင်တွေရှိပေမယ့် ငှက်ပျောဆိုင်ပိုင်ရှင်မရှိတဲ့အတွက် ဂျပန်ခေတ်အတွင်း ရန်ကုန်မြို့ ပုဇွန်တောင်က အေးတံတားအနီးမှာ ငှက်ပျောပွဲရုံဖွင့်လိုက်ပါတယ်။ ပွဲရုံလုပ်ငန်းအခြေကျလာတဲ့အခါ ဇနီးဖြစ်သူနဲ့ လွှဲထားပြီး နိုင်ငံရေးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပြန်ပါတယ်။
၁၉၄၀ ပြည့် ဇွန်လ ၁ ရက်ည ဇလွန်မြို့နယ် ဒေါင့်ကြီးတရားပွဲမှာ သခင်အောင်ဆန်းက အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောတယ်ဆိုပြီး ဟင်္သာတ ရာဇဝတ်ဝန်က ဖမ်းဆီးဖို့ အမိန့်ထုတ်လို့ ခေတ္တရှောင်ရပါတယ်။ အဲဒီလိုတိမ်းရှောင်ရတဲ့ကာလမှာ ဟင်္သာတမြို့က ဒုတိယရာဇဝတ်ဝန်ထောက် ဦးလှတောရဲ့ဇနီး မာရီလှတော (ဒေါ်ခင်ခင်ဦး) အကူအညီနဲ့ ယုန်သလင်းရွာက မန်းဘခိုင်ထံ ရောက်ရှိပုန်းအောင်းရပါတယ်။ မန်းဘခိုင်က သခင်အောင်ဆန်းနဲ့ ကျုံမငေး သခင်တင်မောင်တို့ကို ငှက်ပျောလှေနဲ့ ရန်ကုန်အရောက် ပို့ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်မပေါ်ခဲ့ဘဲ သခင်အောင်ဆန်း အဖမ်းခံလိုက်ရရင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်သွားနိုင်ပါတယ်။
၁၉၄၄ ခု နှစ်ဦးမှာ ဗုံးဒဏ်ကြောင့် မန်းဘခိုင်ရဲ့ ငှက်ပျောပွဲရုံ ပျက်စီးသွားပါတယ်။ ဒါကြောင့် မိသားစုလိုက် ယုန်သလင်းရွာကို ပြန်ပြီးနောက် ဖက်ဆစ်တော်လှန်ရေးအတွက် ဆောင်ရွက်ပါတယ်။ မန်းဘခိုင်က ကရင်လူငယ်တွေကိုစုပြီး ဂျပန်ကိုတော်လှန်ခဲ့တာကြောင့် ယုန်သလင်းရွာဟာ မြစ်ဝကျွန်းပေါ်မှာ တော်လှန်ရေးဌာနချုပ်ဖြစ်ခဲ့ပါတယ်။ ဒါတွေကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်ကိုးစားမှု ခံခဲ့ရတာဖြစ်ပါတယ်။
ဂျပန်လက်နက်ချပြီးတဲ့အခါ သူ့ငှက်ပျောပွဲရုံ ပြန်လုပ်ဖို့ ရန်ကုန်ပြန်လာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြက မပြီးသေးတဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက်ခေါ်တာကြောင့် ၁၉၄၅ ခုနှစ်အတွင်း ဖဆပလ ညီညွတ်ရေး တပ်ပေါင်းစုမှာ ပါဝင်ခဲ့ပါတယ်။ ဖဆပလ (ဖတပလ) အဖွဲ့ကြီးဖွဲ့စည်းပြီးတဲ့အခါ ဗဟိုဦးစီးအဖွဲ့ဝင် ၃၆ ယောက်အနက် တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒီအတောအတွင်း ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ မြစ်ဝကျွန်းပေါ် ဖဆပလ ဖွဲ့စည်းရေးတာဝန်ခံအဖြစ် ရွေးချယ်တင်မြှောက်ခံရပါတယ်။ ပြီးတော့ တာဝန်အရ နယ်ထွက်တရားဟောရပါတယ်။ သူ့ရဲ့ဟောပြောချက်များက ကရင်-ဗမာ ချစ်ကြည်ရေးနဲ့ လွတ်လပ်ရေးအတွက် များစွာအထောက်အပံ့ဖြစ်ခဲ့ပါတယ်။
ဖဆပလ (ယာယီ) အစိုးရဖွဲ့တော့ မန်းဘခိုင်ကို စက်မှုလက်မှုနှင့် အလုပ်သမားဌာနဝန်ကြီးအဖြစ် ခန့်ပါတယ်။ နယ်ထွက်နေတဲ့ မန်းဘခိုင်ထံ အမြန်ပြန်လာဖို့နဲ့ ဝန်ကြီးခန့်လိုက်ကြောင်း သံကြိုးရိုက်လိုက်ပါတယ်။ သံကြိုးစာဖတ်ရင်း စကားဝိုင်းဖွဲ့နေကြတဲ့လူကြီးတွေကို “သခွားရှင် တောင်သူကြီး မင်းဖြစ်ဆိုတာလိုပဲ ကျနော်လည်း နေရင်းထိုင်ရင်း ငှက်ပျောရွဲကနေပြီး ဝန်ကြီး​တော့ ဖြစ်လာပြီ” လို့ ပြုံးပြီး ပြောသတဲ့။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ နေမကောင်းလို့ ဇနီးသည်က တားတဲ့ကြားက အစည်းအဝေးကို သွားတက်ခဲ့တာပါ။ သူက အစည်းအဝေးခန်းမရဲ့ အဝင်ပေါက်နဲ့အနီးဆုံးမှာ ထိုင်နေသူဖြစ်ပြီး ​သေနတ်ဒဏ်ရာအများဆုံးနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
နိုင်ငံတော်လုပ်ကြံမှုကြီးက ​သာမန်လူသတ်မှုမဟုတ်ဘဲ တိုင်းပြည်လွတ်လပ်ရေးခရီးကို အနှောင့်အယှက်ပြုတဲ့ လုပ်ရပ်ကြီးလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်အတွင်း မငြိမ်မသက်ဆူပူအောင်လှုံ့ဆော်မှုများလည်းရှိခဲ့ပါတယ်။ အဲဒီလှုံ့ဆော်မှုတွေနောက် မလိုက်ဖို့ မန်းဘခိုင်ရဲ့ ကရင်လူငယ်များအစည်းအရုံးက အခုလို ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။
“၁။ ကျွန်ုပ်တို့ ခေါင်းဆောင်ကြီး မန်းဘခိုင် ကွယ်လွန်ရသဖြင့် နယ်မှ အစည်းအရုံးဝင်များနှင့် ရဲဘော်များသည် များစွာစိတ်နာ၍ ဌာနချုပ်မှ ညွှန်ကြားချက်မရဘဲ လက်စားချေရန် အစီအစဥ်များ ပြုလုပ်ပြီးပြီဟု ကျွန်ုပ်တို့ ကြားသိရသောကြောင့် အချိန်မလွန်မီ သတိပေး တားမြစ်လိုက်ပါသည်။
၂။ ကွယ်လွန်ကြရသော ဝန်ကြီးများတွင် ကရင်အမျိုးသားသာမဟုတ်။ ဗမာအမျိုးသား၊ ဗမာမူဆလင်အမျိုးသား၊ ရှမ်းအမျိုးသား ဝန်ကြီးများ ပါဝင်နေသဖြင့် ကရင်အမျိုးသားကိုသာ သက်သက်စော်ကားရာမရောက် လူမသမာတို့နှင့် နောက်ခံဗျူရိုကရက်တို့၏ လက်ချက်မျှသာဖြစ်ကြောင်း ရှင်းလင်းရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သည့်အမျိုးသားများအပေါ်မျှ တုံ့ပြန်လက်စားချေခြင်း မပြုလုပ်ရန် ကျပ်တည်းစွာ တားမြစ်ပါသည်။
၃။ အတိုက်အခံအဖွဲ့များသည်လည်းကောင်း၊ ဗျူရိုကရက်များသည်လည်းကောင်း မန်းဘခိုင်အတွက် လက်စားချေရမည်ဟူသော ကြွေးကြော်သံဖြင့် မြန်မာပြည်လွတ်လပ်ရေး နှောင့်နှေးစေရန် ပြည်တွင်း လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးသွေးထိုးနေလေသည်။ ထို့ကြောင့် အစည်းအရုံးဝင်အပေါင်းတို့နှင့် ရဲဘော်အပေါင်းတို့သည် ဌာနချုပ်မှ ညွှန်ကြားချက်များ အတိအကျ မရရှိမီအတွင်း အထက်ပါအချက်ကို ကရင်လူထုကြီးအား ရှင်းလင်းပြသရမည်။ အသေးစိတ် ညွှန်ကြားချက်များ ပေးပို့ပြီးဖြစ်ကြောင်း..”
ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးမှာ အဖျက်သမားတွေကို ဂရုစိုက်နိုင်ပါမှ လိုရာပန်းတိုင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာလည်း ကရင်အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်လို ပုဂ္ဂိုလ်များ ပါဝင်ပြီး တိုင်းပြည်အတွက် ဆောင်ရွက်နေကြမယ်လို့ မျှော်လင့်မိပါတယ်။ ။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်

Spread the love
  •  
  •  
  •  
  •  
  •  
  •