တက္ကသိုလ်နေ့ရက်လွမ်းချင်းများ (၇ ရက် ဇူလိုင် လူသတ်ပွဲ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Reminiscences Of My University Days (5) :
7 July Massacre
တက္ကသိုလ်နေ့ရက်လွမ်းချင်းများ (၅) :
၇ ရက် ဇူလိုင် လူသတ်ပွဲ
❌❌❌❌❌❌❌❌❌

ရန်ကုန်တက္ကသိုလ် ရဲ့ အနှစ် ၁၀၀ သမိုင်းကိုရေးရင်
ပွဲလမ်းသဘင်ဆင်ယင်ကျင်းပခဲ့တာတွေ ၊ အောင်
ပွဲတွေ ၊ ရှုံးပွဲတွေ ၊ ပညာရဲရင့်ပွဲလယ်တင့်ခဲ့တာတွေ ၊
ပညာနိမ့်ကျအရှက်ရခဲ့တာတွေ ….. အဲဒါတွေထဲက
တခုခုကိုမေ့ကျန်ခဲ့ကောင်း မေ့ကျန်ခဲ့နိုင်ပါတယ် ။

ဘယ်လိုမှ မေ့ကျန်ခဲ့လို့မရတဲ့ ၊ မေ့မကျန်စကောင်း
တဲ့ဖြစ်ရပ်ကတော့ ၁၉၆၂ ခု ဇူလိုင်လ ၇ ရက်
ကျောင်းသား သတ်ပွဲကြီးပါပဲ ။

၁၉၆၂ ခု ဇွန်လမှာ တက္ကသိုလ်ပြန်ဖွင့်တော့ ကျနော်
မန္တလေးဆောင် အပေါ်ဆုံးထပ် နောက်ဘက်တန်း
( back room ) အခန်းအမှတ် ၁၁၀ မှာ နေရာရပါတယ် ။

အဲဒီနှစ်ကကျနော် စာမေးပွဲကျလို့ I. Sc ( B ) ပြန်
တက်ရတဲ့နှစ်ပေါ့ ။

ဗိုလ်နေဝင်း စစ်ကောင်စီအစိုးရ ( တော်လှန်ရေး
ကောင်စီ အစိုးရ ) က အဆောင်စည်းကမ်းတွေ
တင်းတင်းကျပ်ကျပ် ချမှတ်ထားတယ်လေ ။

ည ၈ နာရီ ဆိုရင်အခန်းထဲရှိနေရမယ် ။
စာကျက်နေရမယ် ။
အဆောင်မှူး ၊ လက်ထောက်အဆောင်မှူး ၊
အဆောင်နည်းပြ တို့ကလှည့်လည်စစ်ဆေးမယ်… တို့ စသဖြင့်ပေါ့ဗျာ ။

၁၉၆၂ ခု ဇူလိုင်လ ၆ ရက်နေ့ ​ညနေစာ စားပြီး
အဆောင်အောက်ထပ်က နားနေခန်း ( commom
room ) ထဲမှာထိုင်ပြီးသတင်းစာဖတ်တယ် ။
နောက် ပေါ်တီကို အဝင်ဝမှာထိုင်ပြီး ညစောင့်
ကိုသောင်း နဲ့ လေပေါတယ် ။ ကျနော် စာမေးပွဲကျ
တာ စိတ်မကောင်းဘူးလို့ ကိုသောင်းကပြောလို့…
ကိုယ့်အပြစ်နဲ့ကိုယ်ကျတာဖြစ်ကြောင်း ပြောပြ
လိုက်သေးတယ် ။

နောက် ရှစ်နာရီထိုးတော့ ကိုသောင်း က တံခါးမ
ကြီးကိုပိတ်တယ် ။ ကျနော် လဲ ကိုယ့်အခန်းကိုယ်
ပြန်တက်လာခဲ့တယ် ။ ကျနော့် အခန်းဖော်က
ကိုသိန်းထွန်း တဲ့ ။ ပဲခူးသား ။ ကွယ်လွန်သွားတာ
တောင် တော်တော်ကြာပါပြီ ။ ကျနော် ၁၉၇၂ ခု
အိမ်ထောင်ကျတော့ လာလည်သွားသေးတယ် ။
နောက်သိပ်မကြာဘူး ၊ ဆုံးတယ်ကြားတာပဲ ။

အခန်းထဲပြန်ရောက်လို့မှသိပ်မကြာသေးဘူး ဗဟို
ကျောင်းဆောင် ( Central Halls ) ….. သထုံ ၊ ပဲခူး ၊
ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ အဆောင်တွေဘက်က
အော်သံတွေထွက်လာပါတယ် ။

အော်သံက ပထမတော့ သိပ်မကျယ်ပါဘူး ။ ပြတ်
တောင်းပြတ်တောင်းလဲဖြစ်နေတယ် ။ ဒါပေမဲ့
တဖြေးဖြေးနဲ့ ကျယ်လာပြီး အဆက်မပြတ်လဲ
ဖြစ်လာတယ် ။ သံပုံးတီးသံတွေပါ ပါလာတယ် ။

” အလိုမရှိ ၊ အလိုမရှိ ”

” ဖျက်သိမ်းပေး ၊ ဖျက်သိမ်းပေး ”

ဆိုတဲ့ အသံတွေကိုလဲပီပီပြင်ပြင်ကြားလာတယ် ။

နောက် အော်ဟစ်ဆန္ဒပြသံတွေက ကျနော်တို့ ရဲ့
အဆောင်သစ် ( New Halls ) ….. တောင်ငူ ၊ မန္တလေး ၊ အမရ ၊ ရာမည အဆောင်တွေဘက်ကို
ပျံ့လာတယ် ။

ကျနော် ရှေ့ဘက်ထွက်ပြီး ဝရန်တာကနေငုံ့ကြည့်လိုက်တော့ တပ်ဦးကျောင်းသားခေါင်းဆောင်
ကိုလှကြည် အော်လံကလေးကိုင်ပြီး ကျောင်းသား
တွေကို အပြင်ထွက်ခဲ့ဖို့ အော်ဟစ်စည်းရုံးနေတာ
တွေ့ရတယ် ။

ကျနော်အောက်ကိုဆင်းလာတော့ အဆောင်တံခါး
ကပွင့်နေပြီ ။

အဲဒီညက ကျောင်းသားအင်အား ခန့်မှန်း ၃၀၀ လောက် အသံလွှင့်ရုံအထိချီတက်ဆန္ဒပြခဲ့ကြ
တယ် ။ နောက်အေးချမ်းစွာ လူစုခွဲလိုက်ကြတယ် ။

နောက်တရက် ဇူလိုင် ၇ ရက် ၊ စနေနေ့ မှာ ဆန္ဒပြ
ပွဲဆက်ဖြစ်တယ် ။

ကျောင်းသားတွေကလဲ ကျောင်းမတက်ရတော့
တနေကုန်ပဲ ဆန္ဒပြလိုက် ၊ စားလိုက် ၊ နားလိုက် ၊
ဆန္ဒပြန်ပြလိုက်နဲ့လုပ်နေကြတယ် ။

အချိန်တော့အတိအကျမမှတ်မိတော့ဘူး ။
နေ့လယ် ၁၂ နာရီ ၊ ၁ ချက်တီးလောက်လို့ထင်တာ
ပဲ ။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေရောက်လာတယ် ။
ကျောင်းသားတွေနဲ့ထိတွေ့မှုနည်းနည်းပါးပါးဖြစ်
တယ် ။ ပြီးတော့ ရဲတွေကိုပြန်ရုပ်သိမ်းသွားတယ် ။

သိပ်မကြာပါဘူး ၊ ညနေ ၃ နာရီခွဲ ၄ နာရီ လောက်မှာ စစ်သားတွေရောက်လာတာပဲ ။ ကျနော်တို့ အဝိုင်း
လေးလို့ခေါ်တဲ့နေရာနဲ့ တက္ကသိုလ်ဆေးရုံကြားမှာ
သူတို့နေရာယူလိုက်ကြတယ် ။

ကျောင်းသားတွေက မန္တလေးဆောင် နဲ့ အမရဆောင် ဝင်းထဲကနေပြီးအော်ဟစ်နေကြတယ် ။
စစ်သားတွေကိုလဲအမျိုးမျိုးလှောင်ပြောင်ထေ့ငေါ့
နေကြတယ် ။

ကျနော်က အဲဒီအချိန်မှာ တကသ နဲ့ မန္တလေးဆောင်
ကြားက အဓိပတိလမ်းမ ပေါ်မှာ ဖိနပ် ကိုဖင်ခုပြီး
ထိုင်နေပါတယ် ။ ကျနော့်ရဲ့ ဘေးတဘက်တချက်
စီမှာ သူငယ်ချင်း အင်းလေးကျော်သန်း နဲ့ ခွန်သန်း
ရွှေတို့ လဲ ကျနော့်လိုပဲ ဖိနပ်ဖင်ခုပြီးထိုင်နေကြ
တယ် ။ သူတို့နှစ်ယောက်က မန္တလေးဆောင် သား
မဟုတ်ပါဘူး ။

ကျနော်တို့သုံးယောက် စကားပြောလိုက် ၊ ဆန္ဒပြပွဲ
ဘက်လှမ်းကြည့်လိုက်နဲ့လုပ်နေကြတယ် ။

ဗိုလ်မှူးစိန်လွင် ( နောင်သမ္မတ ) က အလွန်အရေးပါ
တင်းမာတဲ့မျက်နှာထားနဲ့ ဟိုသွားလိုက်
ဒီသွားလိုက်နဲ့ လုပ်နေတာ ကိုကျနော်တို့ထိုင်နေတဲ့
နေရာကနေလှမ်းမြင်နေရတယ် ။

ရုတ်တရက်ပဲ ဖောင်း… ဖောင်း… ဖောင်း နဲ့အသံ
တွေထွက်လာတယ် ။ တက္ကသိုလ်ဝင်းထဲက ကျောင်း
သားအုပ်ကြီးပြိုဆင်းသွားတယ် ။ ပြေးသူပြေး ၊ လဲ
သူလဲ ၊ ကွဲသူကွဲ ၊ ဆဲသူဆဲ နဲ့ ပေါ့ ။

ကျနော်တို့လဲ မန္တလေးဆောင်ရှေ့ကမြောင်းထဲကို
ဘယ်လိုကဘယ်လိုရောက်သွားမှန်းတောင်မသိ
တော့ပါဘူး ။ သုံးယောက်စလုံး သတိတော့ကောင်း
ဗျား ….. လက်ထဲမှာဖိနပ်ကိုယ်စီနဲ့ ။

မန္တလေးဆောင်ရှေ့မြောင်းထဲကနေဝပ်ပြီးပြေး ၊ ဘယ်ဘက်ချိုး ၊ ဒဂုံဆောင်ရှေ့ကဖြတ် ၊ ဘယ်ဘက်ထပ်ချိုးပြီး တောင်ငူဆောင်နောက်တန်း ကော်ရီတာ
ရောက်မှပဲ နားနိုင်တော့တယ် ။ အောင်မလေးဗျာ…
ကော်ရီတာ တခုလုံးကျောင်းသားတွေအပြည့်ပဲ ။

အဲဒီအချိန်အထိ သေနတ်ပစ်သံ ဖောင်းကနဲ ၊ ဖောင်းကနဲ တချက်တချက်ကြားရတုန်း ။
ညနေစောင်းမှပဲမန္တလေးဆောင်ကကိုယ့်အခန်း
ကိုယ်ပြန်ရောက်တော့တယ် ။

ငယ်သူငယ်ချင်း ဆေးကျောင်းသား စိုင်းသန့်စင်
( Ram Swaroop ) လဲ ကျနော့်ဆီရောက်လာတယ် ။
တက္ကသိုလ်ဝင်းကို စစ်တပ် နဲ့ ဝိုင်းထားလို့ လသာ
လမ်းက သူ့ဆေးကျောင်းဆောင်ကိုမပြန်နိုင်တော့ဘူး တဲ့ ။

အဲဒီညက ကျနော့် အခန်းဖော် ကိုသိန်းထွန်း ပြန်မ
လာဘူး ။ ကြည့်ရတာ သူအပြင်မှာရောက်နေပြီး
ပြန်ဝင်လို့မရဘူးနဲ့တူတယ် ။

ဒါပေမဲ့ Ram က ကိုသိန်းထွန်း အိပ်ရာမှာမအိပ်ဘဲ
ကျနော့် အိပ်ရာမှာပဲ နှစ်ယောက်သားကျဉ်းကျဉ်း
ကျုတ်ကျုတ်အိပ်ကြတယ် ။ သူ့ကို အတွင်းဘက်
( နံရံဘက် ) ပေးအိပ်ပြီး ကျနော်က အပြင်ဘက်က
အိပ်ပါတယ် ။

ဇူလိုင်လ ၈ ရက် တနင်္ဂနွေနေ့ မနက် ၅ နာရီခွဲ ၆နာရီ
လောက် ကျနော်တို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ
တုန်း ” အုန်း ” ကနဲအသံကြီးနဲ့အတူ ကျနော် ခုတင်
ပေါ်ကနေ အောက်ကိုပြုတ်ကျသွားတယ် ။ ပြတင်း
ပေါက်မှန်တွေလဲ ကွဲထွက် လွင့်စဉ်ကုန်တယ် ။

ပထမတော့ Ram ရောကျနော်ပါ ကြောင်အမ်းအမ်း
ဖြစ်နေတယ် ။ နောက်အပြင်ဘက်ကအော်သံတွေကြားတယ် ။

” ဟာ… ယူနီယံကြီးကိုဖြိုလိုက်ကြပြီ ” တဲ့ ။

ကျနော်တို့ပြေးထွက်ပြီးကြည့်တော့ အရင်က မားမားမတ်မတ် တကသ အဆောက်အဦကြီးနေရာ
မှာ အုတ်ပုံကြီးပဲတွေ့ရပါတော့တယ် ။ အုတ်ပုံပေါ်
မှာ ဖုန်တွေတောင် ထ နေတုန်း ။

တပ်နဲ့ဝိုင်းထားတာရုပ်သွားလို့လားမသိ Ram လဲ
သူ့အဆောင်ကိုပြန်လို့ရသွားတယ် ။

ကျနော်တို့လဲ ကျောင်းကို ရက်အကန့်အသတ်မရှိ
ပိတ်လိုက်လို့ အဲဒီနေ့ မွန်းလွဲပိုင်းမှာပဲ အဆောင်က
ထွက်ကြရတယ် ။

နောက်တလ လောက်အကြာ ကျောင်းပြန်ဖွင့်တော့
ကျနော်ပြန်လာတယ် ။

မန္တလေးဆောင် ဆင်ဝင် ကွန်ကရစ်တိုင်ထူထူကြီး
တွေမှာ လက်နှစ်ဆစ်လောက်ဖောက်ဝင်နေတဲ့
ကျည်ဆန်ရာကြီး ၄… ၅… ၆ ခုတွေ့ရတယ် ။
ကျနော်တို့ကျောင်းသားတွေကိုပစ်တဲ့သေနတ်က
G 2 ဆိုလား ၊ G 3 ဆိုလား ၊ အလွန်ပြင်းတဲ့
နောက်ဆုံးပေါ် လက်နက်တွေဆိုပဲ ။

ကျောင်းသား ၁၆ ယောက်သေတယ်လို့ သူတို့က
စာရင်းထုတ်ပြန်တယ် ။ ကျနော်ထောင်ကျတော့
ထောင်ထဲမှာ တွေ့ဆုံခင်မင်ခဲ့တဲ့ ၊ စစ်ဘက်နဲ့အလွန်
ရင်းနှီးတဲ့ ပုဂ္ဂိုလ်တဦးပြောပြတာကတော့ သေဆုံး
သူ ၆၀ ကျော်တယ်ဆိုတယ် ။

” သင်္ဘောပေါ်တင် တာလပတ်အုပ်ပြီး ပင်လယ်
ထဲသွားပစ်လိုက်တာပဲ ။ ”

တချို့ကလဲ ၁၀၀ ကျော်သေတယ်ပြောကြတယ် ။

တာဝန်မယူ ၊ တာဝန်မခံ ၊သူရဲဘောကြောင်တဲ့
စစ်အစိုးရ လက်ထက်မှာ အမှန်ကိုဘယ်သိနိုင်ပါ့
မလဲ ။

ယူနီယံကိုတော့ အခုထိပြန်မဆောက်နိုင်သေးဘူး ။
ဗိုလ်အောင်ကျော် ကျောက်တိုင်ပဲ ထီးထီးမားမား
ကျန်ရစ်တယ် ။

မန္တလေးဆောင် ကတော့ ” ရင်ပြင်နီ ” လို့ အမည်တွင်
ကျန်ရစ်တယ် ။

အောက်တိုဘာကျောင်းတလပိတ်ရေး တိုက်ပွဲတုန်း
က ကျောင်းသားရဲဘော်တွေ သီဆိုခဲ့တဲ့

” အင်းဝဆောင်တံတိုင်း သွေးဖြိုင်းဖြိုင်းညှီ….. ”

ဆိုတဲ့ သီချင်းကို ကျနော်တို့မန္တလေးဆောင်သား
တွေက…..

” မန္တလေးဆောင် တံတိုင်း သွေးဖြိုင်းဖြိုင်းညှီ ၊
ကျည်ပတ်လည်ဝိုင်း အာဏာရူးအရိုင်းတို့ဒဏ်
ဒို့ခံရသည် ….. ညီညွတ်စွာသိုင်းဝိုင်းလို့ ဒို့တော်
လှန်မည် ….. အဲဒါသာမဟာ ရလဒ်ကြီးအတည်
….. အဲဒါသာမဟာ ရလဒ်ကြီးအတည် …..
အောင်ပွဲဟေ့ ဆင်နွှဲကြမည် ….. ”

လို့ ပြင်ပြီးသီဆိုခဲ့ကြပါတယ်ခင်ဗျာ ။

ယူနီယံကြီးကိုဖြိုတုန်းကတော့ဖြိုခဲ့ကြပြီး ၊ အလွန်
ရှက်ရွံ့သိမ်ငယ်စဖွယ် သမိုင်းအမည်းစက်ကြီးမှန်း
သိသွားကြတော့ ၊ စစ်အာဏာရှင်ကြီးတွေ …..
နံပါတ် ၁ က… နံပါတ် ၂ ကိုအပြစ်ဖို့ ၊ နံပါတ် ၂ က
လဲ နံပါတ် ၁ ကိုအပြစ်ဖို့….. ” ငါမဟုတ်ဘူး… သူ ”
လို့အပြန်အလှန်စွပ်စွဲပြီး ၊ အခုတော့ နှစ်ယောက်
စလုံး မရှိကြတော့ဘူးဗျာ ။

ကျောင်သားသတ်တာရော ၊ ယူနီယံဖြိုတာရော
ခင်ဗျားတို့စစ်အာဏာရှင်တဖွဲ့လုံးအပြစ်ရှိတာပေါ့
ဗျာ ။ အကြီးဆုံးသူက အပြစ်အရှိဆုံးပေါ့ ။

ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်မရင်ဆိုင်ရဲတာဟာ
ရှက်စရာကောင်းလှတယ် ဆိုတာတော့ သိသင့်
ကြောင်းပါခင်ဗျာ ။

( ဆရာက 7 July ကိုမီခဲ့တာပဲ ။ အဲဒီအကြောင်း
တွေ ရေးပြပါ ဆရာ….. လို့ ပူဆာကြသူများ
အတွက် )

SAW
26 XI 2020
8:32 pm


Spread the love
  •  
  •  
  •  
  •  
  •  
  •