တပ်မတော်မှ ဆွေးနွေးရန် ဆန္ဒရှိပါက NLD အနေဖြင့် အသင့်ရှိနေ ဟုဆို

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်မှ ဆွေးနွေးရန် ဆန္ဒရှိပါက NLD အနေဖြင့် အသင့်ရှိနေ ဟုဆို

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

တပ်မတော်ဖက်မှ ဆွေးနွေးရန် ဆန္ဒရှိပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အသင့်ရှိကြောင်း အဖွဲ့ချုပ် ဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

နေပြည်တော်ရှိ ယာယီအဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်က အကယ်၍ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိရင် ကျွန်တော်တို့က အမြဲတမ်း အသင့်ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့သည်။

နိုင်ငံ၏ အရေးအကြီးဆုံး ဖြစ်သော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် မူဝါဒ ပေါ်ထွန်းရေး စသည့် အချက်များအပေါ် အခြေခံ၍ ဆွေးနွေးမည် ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အသင့်ရှိနေပြီး လက်ရှိအချိန်အထိ ဆွေးနွေးမှု မရှိသေးကြောင်း ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်း တစ်ခု ဖြစ်ပြီး နိုင်ငံရေး ပြသနာကို ဖြေရှင်းကာ ထာဝရငြိမ်းချမ်းရေးသို့ ဉီးတည်သည်အထိ ကြိုးစား လုပ်ဆောင်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“စစ်တိုက်တာထက် ဆိုရင် တိုက်ပွဲ ရပ်နေတာက အင်မတန်ကောင်းတဲ့ အလားအလာပဲ။ သို့သော် မြန်မာပြည်ရဲ့ ထုံးစံအရ စစ်ပွဲ ရပ်စဲရေးဟာ ယာယီပဲ ဖြစ်နေဆဲပါ။ ဘာဖြစ်လို့လည်း ဆိုတော့ အခြေခံတစ်ခု ဖြစ်တဲ့ နိုင်ငံရေးပြသနာ ဖြေရှင်းနိုင်ဖို့၊ အဲ့တော့ ကျွန်တော်တို့က စစ်ရပ်စဲရေးဟာ ထာဝရငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပုံစံမျိုးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •