တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းမည့် ထုတ်ပြန်ကြေညာချက်အား ငြိမ်းချမ်းရေး ဗဟိုဌာန ကြိုဆို  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းမည့် ထုတ်ပြန်ကြေညာချက်အား ငြိမ်းချမ်းရေး ဗဟိုဌာန ကြိုဆို

 

တပ်မတော်မှ COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ကြိုဆိုလိုက်သည်။

တပ်မတော်၏ ထုတ်ပြန်ကြေညာချက်နှင့် ဆောင်ရွက်ချက်များသည် ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဆုံးဖြတ်ကို လိုက်ပါ ဖော်ဆောင်ရာ ရောက်သည့် အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်း အားထုတ်မှုများကို ကောင်းစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်ကြေညာသည်။

တပ်မတော် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ခဲ့မှုများကြောင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ပါရှိသည်။

ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲများ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အရေးကြီးလှသော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆို နိုင်ခဲ့ပြီး တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့် တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့် သံန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •