”တရားမင်လို့ ပုဂ္ဂိုလ်ခင်” (လူထုဒေါ်အမာ ၁၀၅နှစ်ပြည့် ဂါရဝ) ဆူးငှက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“”တရားမင်လို့ ပုဂ္ဂိုလ်ခင်””
(လူထုဒေါ်အမာ ၁၀၅နှစ်ပြည့် ဂါရဝ)
ဆူးငှက်

လူထုတိုက် ဧည့်ခန်း၏ အင်္ဂါထောင့်မှာရှိသော လောကနတ်ရုပ်တုက ပြတင်းပေါက်မှ ဝင်လာသည့် အလင်းရောင်တွင် ရုပ်လုံးကြွနေသည်။ ကျွန်တော်က ကျောဘက်နံရံမှာ ချိတ်ထားသော ဆရာပေါ်ဦးသက်၏ နာမည်ကျော် “ရွှေတိဂုံ” ဆီဆေးကားကြီးကို နောက်ပြန်လှည့်ကြည့်မိသည်။ ယာဘက်နံရံက မှန်ကောင်တာ ပေါ်မှာ ဘကြီးမှိုင်းက ကွမ်းအစ်ကို ရှေ့ချ ထိုင်နေသည်။ ဒါကလည်း ဆရာပေါ်ဦးသက်လက်ရာဖြစ်၏။

တကယ်တော့သည် သည်ဧည့်ခန်းထဲကို ကျွန်တော်…သုံးကြိမ်မက ရောက်ဖူးပါသည်။ ထိုစဉ်က အစ်မ၏ နောက်က အဖော်အဖြစ် ကျို့ကျို့ယို့ယို့ လိုက်ပါရခြင်းဖြစ်၏။ အခုအခေါက်က တစ်ဦးတည်းအနေနှင့် ဖိတ်ကြား မှုကြောင့် ရောက်လာရခြင်းဖြစ်သည်။ ကျွန်တော်က သည်ဧည့်ခန်းထဲ သည်လိုပဲ ရောက်ချင်သည်။ ကျွန်တော့် စာတစ်ပုဒ် (ဝါ) ကျွန်တော့်အလုပ်၊ ကျွန်တော့်တရားကြောင့်ပဲ အသိအမှတ်ပြုတာမို့ ရင်ခုန်မိသည်။ ခဏနေ တော့ ကိုငြိမ်းချမ်းက ဧည့်ခန်းထဲရောက်လာသည်။ ကျွန်တော့်မှာ စာပေ အပေါင်းအသင်းတွေ ရှိသလား မေးသည်။ ကျွန်တော်က မရှိ…။ စာဖတ်ဝါသနာပါသူ အစ်ကိုဝမ်းကွဲနှစ်ယောက်ပဲရှိကြောင်း ပြောဖြစ်သည်။ ဘာတွေရေးဖြစ်သလဲ၊ ဘာစာအုပ်တွေ ဖတ်ဖြစ်သလဲ … စသည်ဖြင့် မေးမြန်း၏။ ‘ဒီမှာ ကျွန်တော်နဲ့အတူ စာပေ ဝိုင်းဖွဲ့ဖြစ်တယ်။ ကျူရှင်ဆရာတွေပါတယ်။ ဆရာဝန်တွေပါတယ်။ ခင်ဗျားအားရင် လာခဲ့ပါလား …။ နေ့ပိုင်းမှာ တစ်ခါတလေ ကိုငယ်(ကျောက်ဆည်)ရဲ့ ဆိုင်မှာ ဆုံဖြစ်တယ်။ ညပိုင်းမှာလည်း ညဈေးတန်းထိပ်က ကိုငယ့် ဆိုင်မှာ ရှိတတ်ကြတယ်’ဟု ဖိတ်မန္တက ပြုသည်။

၁၉၈၄ ခုနှစ် ဦးကျားကြီးဝင်း မီးလောင်ပြီးစ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရုံတော်ကြီးရပ်က မီးလောင်ထားသော နဂါးကမ္ဘာလုံးတိုက်ရှေ့ ဆင်ဝင်သမံတလင်းမှာ ကိုငယ်(ကျောက်ဆည်)၏ ‘ရွှေဣန္ဒြေ’ စာအုပ်ဆိုင်ရှိသည်။ ထိုဆိုင်ဆီသို့ မြောက်ပြင်က ဆရာသိုက်ထွန်းသက်က ခန်းမ(၂)အောက်ရှိ ကုန်သွယ်လယ်ယာရုံးသို့လာရင်း ရောက်လာသည်။ ဆရာပြေ(ဆေး-၂)လာသည်။ ဆရာညီပုလေးလာသည်။ ဆရာဒေါက်တာ အောင်ကျော်ဦး လာသည်။ ဆုံလေ့ရှိသူတွေကတော့ ဆရာရဲသျှမ်း၊ ဆရာဝင်းစည်သူ၊ ဆရာကြည်ဇော်ဝင်း၊ ဆရာညိုထွန်းလူ၊ ဆရာကျော်ရင်မြင့်တို့ ဖြစ်မည်။

ကျွန်တော်က နဂါးကမ္ဘာလုံးတိုက်ရှေ့က ‘ရွှေဣန္ဒြေ’မှာ တစ်ခါတစ်ရံ ရောက်တတ်သည်။ “ဆယ့်နှစ်မျက်နှာ့ နာရီစင်ဝတ္ထုတိုများ” အတွက် အားကောင်းမောင်းသန် စုစည်းစီစဉ်နေကြသည်ကို ကျွန်တော်က အားကျစွာ မော့ကြည့်နေမိသည်။ ဘာပဲပြောပြော … ကျွန်တော်ကလည်း စပယ်ဖြူမှာ…၊ သဘင်မှာ … ဆောင်းပါးလေး တွေ အဆက်မပြတ်ရေး…။ ကျွန်တော်တွေ့ကြုံသိကျွမ်းလိုသော မန္တလေးစာရေးဆရာများနှင့် စတင်သိကျွမ်း …။ ကျွန်တော်လေးစားကြည်ညိုသော ‘လူထုမောင်နှံ’နှင့်လည်း ထိစပ်နာခံနိုင်မည့် အခွင့်အလမ်းပေါ်ပြီမို့ ကျေနပ်နေမိပါ၏။ သို့သော် … လူထုဦးလှ(ဦးလေးလှ)ကိုတော့ ဆုံရန်ကြုံရန် အခွင့်မသာတော့ပြီ။ ၁၉၈၂ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့ ကတည်းက လူထုဦးလှ ကွယ်လွန်ခဲ့ချေပြီ။

ထိုစဉ်က ကျွန်တော့်မှာ ကင်မရာလေး နှစ်လုံးရှိသည်။ ၁၉၇၉-၈ဝ ကတည်းက မန္တလေး ဗဟိုမီးသတ်ကြီး အရှေ့ဘက် ၈၁ လမ်းပေါ်ရှိ ကျွန်တော့်ဦးကြီး၏ ‘လှဂုဏ်ရည်’ ဓာတ်ပုံတိုက်မှာ ဓာတ်ပုံပညာ သင်ယူခဲ့သည်။ အစ်ကိုဝမ်းကွဲ ဦးကျော်ဝင်း(ကျော်ဝင်း-လှဂုဏ်ရည်)ထံမှာ ဓာတ်ပုံပညာ သင်ယူခဲ့ပြီး အောက်ဒိုးဓာတ်ပုံ ရိုက်ဖြစ်၏။ မိတ်ဆွေဖြစ်သူ ကိုသိန်းဆွေနှင့် တွဲဖက်၍ဖြစ်သည်။ တောင်လေးလုံး ပရိဝုဏ်မှာ ကျင်းပသော လူထုဒေါ်အမာ မွေးနေ့ပွဲများ၊ စာရေးဆရာမ နုနုရည်(အင်းဝ)၏ အမျိုးသားစာပေဆုရ ဂုဏ်ပြုပွဲနှင့် မန္တလေးမှာ ကျင်းပသော စပယ်ဖြူမဂ္ဂဇင်း မိတ်ဆက်ပွဲ၊ မိုးဦးပန်းမဂ္ဂဇင်းမိတ်ဆက်ပွဲ၊ သရဖူမဂ္ဂဇင်းမိတ်ဆက်ပွဲတွေမှာ ကျွန်တော့် ကင်မရာလေးတွေက အသုံးဝင်နေသည်။ ထိုစဉ်က နောက်ဆုံးပေါ်ဖြစ်နေသော Nikon FM, Pentex-MG (200 mm wide zoom) မို့ ပွဲလယ်တင့်သည်။ ထားပါတော့ …။

နောက် … ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ခိုင်းသောအခါ လူထုတိုက်သို့ ဝင်ထွက်လာရသည်၊၊မှတ်မှတ်ရရ အိမ်တော်ရာထီးအကြောင်း ဆောင်းပါးရေး သောအခါ အိမ်တော်ရာ ဆင်တံတားပေါ်က ဒေါ်ဒေါ့်မိတ်ဆွေတွေဆီ ကျွန်တော့်ကို လွှတ်သည်။ အချက် အလက်အချို့ မေးမြန်းရသည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ … လုပ်ငန်း တစ်ခုနှင့်ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေးသည်။

‘လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ် နေချင်လည်း ရှုပ်မယ် …။ ဒီအခါ အခြေအနေကို ကြည့်ကွယ် …။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုး မဟုတ်ရင် ပိုသတိထားရ မယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီးထိရောက်အောင် ကိုယ်မေးမယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကြိုတင်လေ့လာထားရ မယ်ကွယ့် …’ဟု ပြောပြသည်။ ထို့နောက် အောက်ထပ်စာကြည့်ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံများနှင့် ပိတ်ထီး ရွက်ဖြစ်သည်။ ထီးရွက်မှာ ‘သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်းထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံး ထိုး ဖြစ်၏။ ဘုန်းကြီးဆောင်း ထီးများနှင့်တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးဆောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။

‘တို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲရှိတော့တာ …ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာ လည်း ဘိုးဘွားအမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲရှိတာ။ လောလောဆယ်ရှာလို့ မရသေးဘူးတဲ့လား …။ အေးကွယ် မန္တလေးမှာ တစ်ချိန်ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေ မြင်ဖူးဖို့တောင် မလွယ်တော့ဘူးကွယ်’ဟု ဝမ်းနည်းစကားဆိုသည်။

သြော်.. ကမ္ဘာကျော်သတင်းစာဆရာ၊ စာရေးဆရာမကြီးပေမင့် အခုမှတွေ့ကာ လူငယ်ကလောင်ပေါက်စလေး တစ်ယောက်အပေါ် ဖေးဖေးမမ သိမ်သိမ်မွေ့မွေ့နှင့် တန်ဖိုးထားသင့်သည့် အရာများအပေါ် တန်ဖိုးထားတတ်၊ လေးစားသင့်သည့် အရာများအပေါ် လေးစားတတ်အောင်ညင်သာစွာ သင်ကြားပေးမှုများပဲဖြစ်သည်။ အိမ်တော်ရာ ထီးလေးကို ကျွန်တော့်လက်ထဲထည့်ပြီး … ‘ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလို ထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော …၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေးဆောင်းပြီး ရိုက်ခဲ့ …၊ ပုံတွေ ရရင် အမေ့ဆီလာပေး …၊ မင်း ကျသင့်သလောက် အမေပေးမယ်’ဟု ဆိုသည်။

ဒေါ်ဒေါ်က ကျွန်တော့်ကို ‘အမေက’ … ‘အမေက’…ဟု ဆိုသော်လည်း ကျွန်တော်က ကျွန်တော့်အထက် မျိုးဆက်များကဲ့သို့ ‘ဒေါ်ဒေါ်’ဟု ခေါ်နေမိသည်။ ‘ဒေါ်ဒေါ်’ဟူသည် နှလုံးသားထဲက ဝိသေသတစ်ခုပမာ စွဲထင် နေချေပြီ။

နောက်…ကျွန်တော် ရိုက်ကူးခဲ့သော ဓာတ်ပုံလေးများနှင့် ဒေါ်ဒေါ်၏ ‘အိမ်တော်ရာထီး’ ဆောင်းပါး စပယ်ဖြူ မဂ္ဂဇင်းမှာ ပါလာတော့ အတိုင်းမသိ ဝမ်းမြောက်ရသည်။ လူထုတိုက်နှင့် မျက်နှာချင်းဆိုင် ‘နဂါး ဆေးလိပ်’ တိုက်အောက်အရိပ်က ‘စက်အေးဖျော်ရည်’ဆိုင်လေးက ဖျော်ရည်တစ်ခွက်မှာသောက်ရင်း ငေးကြည့်ခဲ့ရ၊ မော့ ကြည့်ခဲ့ရသည့် ‘လူထု’ တိုက်ထဲမှာ မမြင်ဖူးခင်ကတည်းက စာတွေကြောင့် ကြည်ညိုလေးစားရသော လူထုဒေါ်အမာကိုယ်တိုင် ဖေးကူမမှုဖြင့် လှေကားတစ်ထစ်ချင်း တက်လာမှုကို ကြည်နူးဝမ်းမြောက်မဆုံး ဖြစ်ရ သည်။ ဤသို့ဖြင့် ဒေါ်ဒေါ် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ပေးရတော့သည်။ မိကျောင်းတံတား၊ ခြင်္သေ့ကြီး နှစ်ကောင်၊ ဈေးချိုတော်၊ ဘီလူးမညောင်ပင်၊ မန္တလေးတောင်၊ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော် ကျောက်စာများ ..စသည်။

ကျွန်တော် တကယ်ဖြစ်ချင်တာက စာရေးဆရာဖြစ်သည် ..၊ ထို့ကြောင့် တစ်ဖက်က လိုအပ်သော ဓာတ်ပုံ တွေရိုက်သည်။ စာတွေအဆက်မပြတ်အောင် ရေးဖြစ်သည်။ စပယ်ဖြူမှာ အများဆုံးပါသည်။ စပယ်ဖြူမှာ ပါတော့ … ဒေါ်ဒေါ်လည်း လွယ်လင့်တကူဖတ်ဖြစ်နေသည်။ ဖတ်ပြီးတိုင်းလည်း ကျွန်တော့်ဆောင်းပါးလေးများ အပေါ် အားပေးသည်။ အမှားပါလျှင် ထောက်ပြသည်။ လိုသည့်အချက်တွေ ဖြည့်စွက်သည်။ လိုအပ်ပါက ဒေါ်ဒေါ့်စာကြည့်စားပွဲပေါ်က စာအုပ်စာတမ်း၊ ဓာတ်ပုံများကိုပါ လေ့လာကြည့်ရှုစေသည်။

ကျွန်တော် …ဒေါ်ဒေါ့်ကို မမြင်ဖူးခင်ကတည်းက …သူ့စာများကတစ်ဆင့် ‘တရား’ကို မင်ခဲ့တာပဲ…။ ဒေါ်ဒေါ် ယုံကြည်သော ‘တရား’ ကို ကျွန်တော် မျှဝေယူလိုခြင်း ဆန္ဒဖြင့် ချဉ်းကပ်ခဲ့တာပဲလေ …။

ဆူးငှက်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •