တရားမဝင်ငွေကြေးများကိစ္စ ငွေကြေးစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မျက်ခြေမပျက်အာရုံစိုက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တရားမဝင်ငွေကြေးများကိစ္စ ငွေကြေးစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မျက်ခြေမပျက်အာရုံစိုက်နေ

ဘဏ်နှင့် ငွေရေးကြေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေနှင့်ညှိစွန်းသူ ဝန်ထမ်းအပါအဝင် မည်သူ့ကိုမဆို ညှိစွန်း မှုအပေါ်မူတည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေ သို့မဟုတ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတို့နှင့် အရေးယူနိုင်သည်ဟု ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ငွေမည်း ငွေကျပ် ၁၆ဘီလီယံကို ဘဏ်များမှတဆင့် ငွေဖြူဖြစ်အောင် နှင်းဆီပါတီ(ဖျက်သိမ်းသွားပြီဖြစ်သည့်ပါတီ)ဥက္ကဌဦးကျော်မြင့်က ဆောင်ရွက်သွားခဲ့ရာ ထိုမျှလောက်ရှိသည့် ငွေပမာဏကိစ္စကို တာဝန်ရှိသူများ စစ်ဆေးခဲ့ခြင်း ရှိ၊မရှိ၊စစ်ဆေးရန် ပျက်ကွက်ခဲ့ခြင်း ရှိ၊မရှိ အကယ်၍ စစ်ဆေးရန် ပျက်ကွက်ခဲ့ပါက မည်ကဲ့သို့ အရေးယူခံရနိုင်သနည်း စသည်တို့ကို မေးမြန်းခဲ့ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ဘဏ်များသည် မိမိတို့ customer ၏ ငွေစာရင်းသို့ အခြားမှ ငွေများပေးသွင်းမှုကို လက်ခံပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် ထိုသို့ပေးသွင်းသောငွေများအပေါ် ဘဏ်စည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့အရ ဘဏ်ဝန်ထမ်းများက စိစစ်မှု (Customer Due Diligence- CDD) ပြုလုပ်ရမည်။ ဘဏ်ဝန်ထမ်းတို့သည် မိမိတို့၏ customer အ ကြောင်းကို (Know your Customer- KYC) သိထားရမည်ဖြစ်ပြီး ငွေသွင်း/ ငွေလွှဲ ပြုလုပ်မှုနှင့် ၎င်းတို့၏အလုပ်အကိုင်/ အခြေအနေတို့ ဖြစ်နိုင်ခြေစိစစ်မှု ပြုလုပ်၍ မသင်္ကာလျှင်ဖြစ်စေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ သတ်မှတ်ထားသော ငွေပမာဏထက်ပိုသည့် ငွေလွှဲပြောင်းမှုကို ဖြစ်စေ တွေ့ရှိလျှင် ဥပဒေနှင့်အညီ ထိုသို့လွှဲပြောင်းမှုကို လျှို့ဝှက်သတင်းပို့ချက်အဖြစ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit- FIU)သို့ သတင်းပို့ရမည့်တာဝန်ရှိသည်။ ထိုသို့သတင်းပို့မှုကို အလွယ်တကူဆောင်ရွက်နိုင်ရန်လည်း ဘဏ်များနှင့် FIU တို့အကြား အွန်လိုင်း ဆက်သွယ်မှုကွန်ယက် ချိတ်ဆက်ထားပြီး ဖြစ်သည်ဟု ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပြသည်။

ယင်းအပြင် ဘဏ်အသီးသီးတွင် ထိုသို့ စိစစ်နိုင်ရန် ထိုဘဏ်မှ အဆင့်မြင့်အရာရှိတစ်ဦးဦးကို compliance Officer အဖြစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ တာဝန်ပေးအပ်ထားပြီးဖြစ်၍ ၎င်းတို့သည် စိစစ်ရန် တာဝန်ရှိသည်ဟုလည်းပြောသည်။

တည်ဆဲဥပဒေများအရ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အားလုံးတို့ကို ကြီးကြပ်ရန် ကြီးကြပ်သည့်အာဏာပိုင် (Competent Authority)အဖြစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တာဝန်ပေးထားသည်ဟုသိရသည်။

ဗဟိုဘဏ်က ဘဏ်ဆိုင်ရာဥပဒေများနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေတို့အရ ဘဏ်များအားလုံးအား လိုက်နာဆောင်ရွက်ရမည့်တာဝန်များ အားလုံးကို ညွှန်ကြားထားပြီး ဗဟိုဘဏ်အနေဖြင့်လည်း အဆိုပါဘဏ်များအားလုံးကို ကွင်းဆင်းစစ်ဆေးခြင်းအား သတ်မှတ်ကာလအလိုက် စစ်ဆေးလျက် ရှိသည် မြန်မာနိုင်ငံဗဟိုဘဏ်ဒုတိယဥက္ကဌဦးစိုးမင်းက ဆိုသည်။

တာဝန်ရှိသူများဘက်က ထိုသို့ စစ်ဆေးနေပါသည်ဟု ပြောဆိုနေရင်းကြားထဲမှ ဦးကျော်မြင့်သည် ငွေမည်း ၁၆ဘီလီယံကို နာမည်ကြီး ဘဏ်များမှ တဆင့် ငွေကြေးခဝါချသွားခဲ့သည်။

ရရှိခဲ့သော ဘဏ်တိုးသည်ပင် ၁၄ဘီလီယံအထိ ရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးကဆိုထားသည်။

ဦးကျော်မြင့်ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိနေသည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူများက တစ်ညီတစ်ညွှတ်တည်းဆိုသည်။

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က ယခုကဲ့သို့ မီဒီယာများအပါအဝင် အားလုံးက တာဝန်ရှိသည်ဟုခံယူပြီး ဖော်ထုတ် နိုင်လျှင်၊ သက်ဆိုင်ရာဌာန/ ဘဏ်တို့ကလည်း ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျှင် ထိုပြဿနာများ ချုပ်ငြိမ်းသွားမည်ဟုဆိုကာ ဦးကျော်မြင့် ကိစ္စ ဖြစ်ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးအရေးယူလျက် ရှိကြောင်းဆိုကာ“ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၁၉- ၂၀၂၃) အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိပါသည်။ ဤလုပ်ငန်းစဉ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊ UMFCCI အပါအဝင် လုပ်ငန်းရှင်အသင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ အားလုံးပါဝင်ပြီး မိမိအခန်းကဏ္ဍအလိုက် အကောင်အထည်ဖော်လျက် ရှိပါသည်။ မဟာဗျူဟာတွင် နယ်ပယ်(၅)ခု ပါဝင်ပြီး ဥပဒေမူဘောင်ခိုင်မာရေးနယ်ပယ်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနယ်ပယ်၊ ဘဏ်နှင့်ငွေရေး ကြေးရေးအဖွဲ့အစည်းများနှင့် ငွေရေးကြေးရေးမဟုတ်သော အဖွဲ့အစည်းများနယ်ပယ်၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့နယ်ပယ်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တို့ ဖြစ်၍ နယ်ပယ်အလိုက် သက်ဆိုင်ရာဌာနအကြီးအကဲများက ဦးဆောင်၍ နှစ်စဉ်တိုးတက်အကောင်အထည်ဖော် လျက်ရှိနေပါသည်။ တစ်နှစ်ထက်တစ်နှစ် စီမံကိန်းတိုးတက်အောင်မြင်လာလျှင် ဟာကွက်/ပျော့ကွက်များ ပပျောက်သွားပြီး လုံခြုံစိတ်ချရသော စီးပွားရေးစနစ်ကြီး ဖြစ်လာမည် ဖြစ်သည်”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် သတင်းပို့အဖွဲ့အစည်းများ ထံမှပေးပို့သည့် သတင်းပို့ချက်များကို လည်းကောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများနှင့် ဆက်နွယ်သည့် အခြားသော သတင်းအချက်အလက်များ ကိုလည်းကောင်း၊ လက်ခံခြင်း၊ တောင်းဆိုခြင်း၊ စိစစ်ခြင်းနှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်သော်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင် သောပြစ်မှုတစ်ရပ်ရပ်နှင့်သော်လည်းကောင်း ဆက်နွယ်သည်ဟု သံသယရှိသည့်အခါ စိစစ်တွေ့ရှိ ချက်ရလဒ်နှင့် အခြားသက်ဆိုင်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင်စွာ ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း များ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သော ဗဟိုအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးနည်းဥပဒေများအရ ၂၀၀၄ခုနှစ်၊ ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၎င်းနောက် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအဖြစ် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သဖြင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်း ရေးအဖွဲ့ကို ၂၀၁၄ခုနှစ်၊ ဩဂုတ် လ ၂၈ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟုသိရသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၉ ဖြင့်အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများ ဆောင်ရွက်ရန်၂၀၁၆ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် အမိန့်အမှတ် ၃/၂၀၁၆ ဖြင့် တာဝန်ပေးအပ်ခဲ့ပါသည်။ သို့ဖြစ်ရာ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ပင်ဖြစ်သည်ဟုသိရသည်။

မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏မျော်မှန်းချက်ခံယူချက် (Vision) မှာ ပြစ်မှုကျူးလွန်သူများက ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတို့မှ တစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟုသိရသည်။
ဇော်မျိုး(MH)
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •