“တရားဝင်မှုနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“တရားဝင်မှုနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု”

 

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျိုး​ပေါက်​ရေလွှမ်းခဲ့တဲ့ အမရပူရမှာ ၂၄ နာရီအတွင်း တာရိုးပြန်ကာနိုင်ခဲ့ပါတယ်။ ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ နိုင်ငံတကာက အလေ့အထတွေ၊ သင်ယူစရာတွေ၊ ရှောင်ကြဉ်စရာတွေ စသည်ဖြင့် အများအပြားရှိပါလိမ့်မယ်။ အဲဒီထဲကမှ တရားဝင်မှု (legitimacy) နဲ့ ကောင်းမွန်သော အုပ်ချုပ်မှုကြားက ချိတ်ဆက်ပုံလေးကို တွေးကြည့်မိတာပါ။

သီအိုရီတွေသိပ်မပါဘဲ ရိုးရိုးလေးချိတ်ဆက်ကြည့်မယ်ဆိုရင်- မန္တလေးဟာ တရားဝင်မှု နဲ့ ကောင်းမွန်သော အုပ်ချုပ်မှုကြားက ဆက်စပ်မှုကို ပြနိုင်တဲ့ ဥပမာကောင်းတစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ အငြင်းပွားဖွယ် မရှိတဲ့ လူထုထောက်ခံမှုကနေ ပေါက်ဖွားလာတဲ့ အစိုးရ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် NLD အစိုးရ ရရှိထားတဲ့ တရားဝင်မှုဟာ မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်အစုအဖွဲ့မှာမှ မရှိထားတဲ့ တရားဝင်မှုဖြစ်ပါတယ်။ တရားဝင်မှုကို ယူထားတဲ့ နည်းလမ်းဟာလည်း ဒီမိုကရေစီနည်းလမ်းပဲ ဖြစ်ပါတယ်။ အခြားဘယ်အစုအဖွဲ့မှ သူ့လောက်ကြီးမားကျယ်ပြန့်တဲ့ တရားဝင်မှုကို ဒီမိုကရေစီနည်းနဲ့ ရရှိထားတာ မဟုတ်ပါဘူး။ အဲဒီလို တရားဝင်မှုရှိတဲ့အတွက်လည်း အများပြည်သူဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းတွေမှာ ရဲရဲတင်းတင်း လုပ် ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ အချို့ ကိစ္စတွေကို လူတွေသိနိုင်သလို၊ လူတွေသိပ်မသိဘဲ လုပ်ဆောင်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။

 

 

တရားဝင်မှုရှိတဲ့ အတွက်ကြောင့်မို့လို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံဝံ့လုပ်နိုင်လာတယ်။ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေကတစ်ဆင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ တိုးတက်လာတဲ့အတွက် တရားဝင်မှုဟာ ပိုပြီးခိုင်မာလာတယ်ဆိုတဲ့ အညမညသဘောကလည်း ရှိပါတယ်။

ထင်သာမြင်သာရှိတဲ့ ဥပမာကတော့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်ဟာ မြို့အတွက် ပြုပြင်ပြောင်းလဲရေးတွေကို ရဲရဲဝံ့ဝံ့လုပ် နိုင်ခဲ့တာပါပဲ။ တရားဝင်မှုအပြည့်ရှိတဲ့ အစိုးရရဲ့ ခန့်အပ် တာဝန်ပေးခြင်းကို ခံရတာရယ်၊ လူပုဂ္ဂိုလ်ရဲ့ အရည်အသွေး ရယ်၊ အကျင့်ပျက်ခြစားမှုကို ထိန်းချုပ်နိုင်တာရယ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အားကျဖွယ်ကောင်းတဲ့ မြို့တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်နိုင်တာပါပဲ။

အမရပူရမှာ ဖြစ်တဲ့ကိစ္စဟာ ယခင်ကလိုများဆိုရင် ဘယ်လောက်ကြာပြီး၊ ပြည်သူတွေဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ စဉ်းစားကြည့်နိုင်သူတိုင်း သိမယ့် ကိစ္စပါပဲ။ ယခင်ကဆိုတဲ့ စကားကို ခဏခဏမသုံးချင်ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အသွင်ကူးပြောင်းမှုကို သေချာ နားလည်ချင်ရင် ယခင် နဲ့ ယခု ဆိုတာကို နှိုင်းယှဉ်ကြည့်မှ ကို သိနိုင်မှာဖြစ်ပါတယ်။

အစိုးရတစ်ရပ်ဟာ သက်တမ်းတစ်ခုအတွင်းမှာ လုပ်နိုင်တာ တွေရှိသလို၊ မလုပ်နိုင်တာတွေလည်း ရှိမှာ သဘာဝကျပါတယ်။ ဘယ်လိုပဲအခြေအနေရှိနေပါစေ၊ အရေးအကြီးဆုံး ကိစ္စကတော့ တရားဝင်မှုနဲ့ကောင်းမွန်သောအုပ်ချုပ်မှုကြားက ဟန်ချက်ကို ပျက်မသွားအောင် ထိန်းသိမ်းကြဖို့ပါပဲ။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို အုတ်တစ်ချပ်ချင်းစီနဲ့ တည်ဆောက်နေရတဲ့ မြန်မာနိုင်ငံအဖို့ အဲဒီကွင်းဆက်က ပိုလို့တောင် အရေးကြီးပါသေးတယ်။ ပြည်သူတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကိုး။

ရွေးကောက်ပွဲရာသီလည်းရောက်နေပြီဆိုတော့ – တရားဝင်မှုရှိတဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်ထားခြင်းအားဖြင့် ပြည်သူ တွေရဲ့ လူမှုစီးပွားဘဝတွေကို အာမခံပေးတဲ့နေရာမှာ ဘယ်လောက်တောင် အရေးပါတယ်ဆိုတာကို ဂရုဓမ္မပြုကြရင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို ကာကွယ်မှုပေး နိုင်မယ့်၊ “အိပ်နိုးချမ်းသာ” ဘဝတွေဖြစ်လာစေမယ့် စနစ်ကို ဆက်လက်ဖော်ဆောင်ပေးနိုင်မယ့် အစိုးရကို နိုဝင်ဘာလ (၈) ရက်နေ့မှာ ရွေးချယ်ကြဖို့ လိုပါတယ်။

 

#စစ်မော်
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •